4WD ကားတွေက နှစ်ဘီးယက်ပုံစံနဲ့ မောင်းနိုင်သလို လေးဘီးယက်ပုံစံနဲ့လည်း ပြောင်းလဲမောင်းနှင်လို့ရတဲ့ကားမျိုးဖြစ်ပြီး၊ AWD ကတော့ ကားဘီးအားလုံးတစ်ပြိုင်တည်းယက်တဲ့ကားမျိုးဖြစ်ပါတယ်။ ဘာကြောင့် 4WD နဲ့ AWD လို့ ကွဲပြားရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
AWD (All Wheel Drive)
AWD စနစ်မှာ ဘီးတွေအားလုံး တစ်ပြိုင်နက်ယက်နေစေဖို့အတွက် ဂီယာစနစ်ကထွက်လာတဲ့ လည်ပတ်အားကို Limited-slip Differential စနစ် (သို့) အီလက်ထရောနစ်ကလပ်စနစ် တစ်မျိုးမျိုးနဲ့ ထိန်းချုပ်ဖြန့်ဝေပေးတယ်။ Limited-slip Differential စနစ်၊ ဒါမှမဟုတ် အီလက်ထရောနစ်ကလပ်စနစ်ဟာ AWD ကားတွေရဲ့ ရှေ့ဝင်ရိုးနဲ့ နောက်ဝင်ရိုးတို့ ကြား လည်ပတ်အားကွာခြားမှုကို ကိုင်တွယ်ပေးနိုင်ပြီး မြေကုပ်အားကောင်းစေသလို မောင်းနှင်ထိန်းချိန်ရတာလည်း ပိုမို လွယ်ကူစေပါတယ်။
ပုံမှန် နှစ်ဘီးယက်ကားတွေရဲ့ Differential စနစ်မှာ အင်ဂျင်ကထွက်လာတဲ့ပါဝါဟာ ခုခံအားနည်းတဲ့ ဘီးဆီကိုပဲ ရွေ့လျားသွားတတ်ပါတယ်။ ဥပမာ – ကားနောက်ဘီးတစ်ဖက် ဗွက်ထဲကျပြီး နောက်တစ်ဖက်က မြေအမာပေါ် မှာရှိနေရင် ဗွက်ထဲကဘီးက ခုခံအားနည်းတာကြောင့် လီဗာနင်းလိုက်တဲ့အခါ အသားကုန်လည်ထွက်သွားတယ် – မော် တော်ကားကတော့ ရှေ့ကို မရွေ့ပါဘူး။
AWD တွေကို နှင်း၊ ဗွက်ဖုံးနေတဲ့ လမ်းတွေလို မျက်နှာပြင်ချော နေတဲ့နေရာတွေ မှာ မောင်းနှင်တဲ့အခါ အင်ဂျင်ကထွက်လာတဲ့ပါဝါကို Differential စနစ်၊ အီလက်ထရောနစ်ကလပ်စနစ်တွေက ဘီးအား လုံးဆီ မျှဝေလည်ပတ်စေတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ AWD စနစ်တွေမှာ ခုခံအားနည်းတဲ့ (ယက်အားနည်းတဲ့) ဘီး ကို ပါဝါလျှော့ပြီး တကယ်ရုန်းနေတဲ့ဘီးတွေဆီ ပါဝါဖြန့်ဝေပေးတဲ့စနစ်တွေတောင် ပါဝင်တယ်။ ဒါကြောင့် မျက်နှာပြင်ကြမ်း တမ်းတဲ့ နေရာတွေ၊ လမ်းကြမ်းတွေမှာ မောင်းနှင်ကိုင်တွယ်ရ ပိုကောင်းသွားစေပါတယ်။
ကုမ္ပဏီအများစုက Off-road လမ်းကြမ်းသုံးကားတွေကို ထုတ်လုပ်တဲ့အခါ ယေဘုယျအားဖြင့် AWD စနစ်တွေနဲ့ ဒီဇိုင်းချတည်ဆောက်လေ့ရှိတယ်။ ဒီကားတွေဟာ မြေကုပ်အားပိုကောင်းသလို စွမ်းဆောင်ရည်လည်း မြင့်မားတာကြောင့် အန္တရာယ်ကင်းရှင်းမှုအတွက် ယုံကြည်စိတ်ချရတဲ့ကားတွေထဲမှာ ပါဝင်လေ့ရှိပါတယ်။
4WD
4WD ကားတွေမှာတော့ ဘီးလေးခုစလုံးယက်စေဖို့ Setting တွေပါဝင်ပြီး ယာဉ်မောင်းသူရဲ့ အသုံးပြုလိုမှုအပေါ် မူတည်လို့ အဖွင့်၊ အပိတ်လုပ်နိုင်တယ်။ ဒီလိုစနစ်အများစုကို လမ်းကြမ်း Off-road မောင်းဖို့ ရည်ရွယ်ထားတာမဟုတ်တဲ့၊ ပုံမှန်လမ်းတွေပေါ်မှာ မောင်းနှင်ဖို့ထုတ်ထားတဲ့ အရွယ်ခပ်ကြီးကြီး SUV တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီ SUV အများစု က ရှေ့ဘီးယက်တွေဖြစ်ပြီး လူအများစု သဘောကျနှစ်ခြိုက်တာကြောင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ ဒေသမျိုးစုံကို တင်ပို့ ရောင်းချခဲ့ရတယ်။
ဒါပေမယ့် တောင်အာဖရိကလို သဲထူတဲ့ဒေသတွေမှာ ရှေ့ဘီးယက်ကားတွေနဲ့ ရုန်းဖို့ဆိုတာ အတော် လေးမလွယ်တဲ့ကိစ္စပါ – ဒါကြောင့် ဆိုခဲ့တဲ့ SUV တွေကို 4WD စနစ်အဖြစ်လည်း ပြောင်းလဲမောင်းနှင်နိုင်အောင် ဖန်တီး လာကြတာဖြစ်ပါတယ်။
ဒီ SUV တွေမှာ ပုံမှန်အားဖြင့် 4WD Mode ကို ဖွင့်လိုက်ရင် အင်ဂျင်ကထွက်လာတဲ့ပါဝါကို အရှေ့အနောက်ဝင်ရိုး တွေဆီ အတိအကျ ခွဲပို့ပေးတယ် – ဒီနည်းအားဖြင့် မော်တော်ကားကို Off-road ပုံစံမောင်းဖို့ အဆင်ပြေသွားစေပါတယ်။ ဒါပေမယ့် 4WD Mode နဲ့ ကတ္တရာလမ်းကို လမ်းချောပေါ်တက်တဲ့အခါ ပြဿနာဖြစ်လာနိုင်တယ် – အကြောင်းက 4WD Mode မှာ ကားဘီးလေးခုစလုံးက တူညီတဲ့အမြန်နှုန်းနဲ့ လည်နေပြီး အကွေ့အဝိုက်တွေမှာ ပြဿနာဖြစ် လာနိုင်တာကြောင့်ပါ။
အပေါ်မှာပြောခဲ့သလို ပုံမှန်လမ်းတွေမှာ မောင်းနှင်တဲ့အခါ ရှေ့ဘီးတွေက နောက်ဘီးတွေထက် ပိုမိုဝေးကွာတဲ့ အကွာအဝေးကို သွားရပြီး အတွင်းဖက်ဘီးတွေက အပြင်ဖက်ဘီးတွေထက် အကွာအဝေးပိုနည်းတဲ့ အဝန်းအဝိုင်းတွေကို ဖြတ်သန်းရပါတယ် – ဝင်ရိုးနှစ်ခုစလုံးကို 4WD ဖြစ်အောင် Lock လုပ်ထားတဲ့အခါ ကွေ့တွေမှာ Understeer ဖြစ်လာပါ လိမ့်မယ်။
တစ်ချို့ AWD ကားတွေမှာ 4WD ကားတွေလို Differential စနစ်ကို Lock လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ထည့် ပေးထားတယ်။ အကျိုးဆက်အနေနဲ့ လမ်းချောမောင်းတဲ့အခါ ပုံမှန် AWD စွမ်းပကားနဲ့ မောင်းနှင်နိုင်ပြီး လမ်းကြမ်းတွေမှာ Differential ကို Lock လုပ်မောင်းနှင်လို့ရစေတယ်။ ဒီလိုကားတွေထဲမှာ Land Rover တွေက နာမည်ကျော်ပြီး နည်းပ ညာပိုင်းမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဦးဆောင်နိုင်ခဲ့ပါတယ်။
နောက်ထပ် နည်းပညာတစ်ခုက Haldex Traction ကုမ္ပဏီက ထုတ်ထားတဲ့ Haldex 4WD စနစ်ဖြစ်ပြီး ဒီစနစ်က ဘီးအားလုံးယက်ဖို့လိုတဲ့ အနေအထားတွေမှာ အင်ဂျင်လည်ပတ်အားကို ဝင်ရိုးနှစ်ခုဆီ အလိုအလျောက် ဖြန့်ကျက်ပေးပေးပို့နိုင်တယ် – တကယ်တမ်းပြောရရင် အလိုအ လျောက်အလုပ်လုပ်နိုင်တဲ့ AWD စနစ်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ Haldex 4WD ကို နောက်ပိုင်းထွက်ကားအများစုမှာ အသုံးပြုလာတာကို တွေ့ရပြီး ဥပမာအားဖြင့် Ford Kuga နဲ့ VW Golf R တို့ကို ကြည့်နိုင်ပါတယ်။
drive myanmar