ကားသင်္ချိုင်း(Automobile Graveyard) ဆိုသည်မှာ ဟောင်းနွမ်းဆွေးမြည့်နေသော၊ အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်စီးယိုယွင်းနေသော၊ စွန့်ပစ်ခံထားရသည့်ကားများကို စုစည်းထားရှိသောနေရာဟုဆိုနိုင်ပါသည်။ တချို့ ကားသင်္ချိုင်းများတွင် ကားများကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားကြသော်လည်း တချို့နေရာများတွင် ကားကိုမဖျက်ဆီးပစ်ခင်၊ သို့မဟုတ် Recycle မလုပ်ရသေးခင် အချိန်အထိသာခဏထားရှိကြခြင်းဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကားသင်္ချိုင်းများစွာကို တွေ့မြင်နိုင်ပြီး အထင်ရှားဆုံး ဥပမာတစ်ခုမှာ ၂၀၁၅ ခုနှစ်က ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် ဝေဖန်ပြစ်တင်ခံရပြီးနောက်တွင် Volkswagenမှပြန်လည်သိမ်းဆည်းဝယ်ယူခဲ့သော၊ မော်တော်ကားထောင်ပေါင်းများစွာကို ထိန်းသိမ်းထားရှိသည့် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Victorville အနီးက ကားသင်္ချိုင်းဖြစ်ပါသည်။
ကားသင်္ချိုင်းများသည် နေရာဒေသတစ်ခုချင်းစီအလိုက် ထားရှိသောရည်ရွယ်ချက်ချင်း ကွဲပြားခြားနားကြပါသည်။ တချို့ကားသင်္ချိုင်းများက ရှားပါးကားအပိုပစ္စည်းများ ရရှိနိုင်သောနေရာများဖြစ်ကြပြီး တချို့မှာခေတ်ဟောင်းမော်တော်ယာဉ်များရှိသောကြောင့် ကားပြတိုက်များနှင့်တောင် ခပ်ဆင်ဆင်တူပါသည်။
၁၉၃၃ ခုနှစ်လောက်က Walter Messerli အမည်ရှိ ဆွစ်ဇာလန် လက်သမားတစ်ယောက်သည် တစ်ပတ်ရစ် မော်တော်ယာဉ်အစိတ်အပိုင်းများကို ရောင်းဝယ်ဖောက်ကားခဲ့ပါသည်။ ထိုကဲ့သို့အရောင်းအဝယ်လုပ်နိုင်ရန်အတွက် မော်တော်ယာဉ်ဟောင်းများစွာကို ဝယ်ယူပြီး သူ့မိဘပိုင် လယ်မြေထဲတွင် အစားထိုးအစိတ်အပိုင်းများကို ဖယ်ရှားခြင်းနှင့် ကိုယ်ထည်အစားထိုးလဲလှယ်သော လုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့ပါသည်။
ဆွစ်ဇာလန်နိုင်ငံ၊ Kaufdorf နယ်က ကားများစွာ စုဆောင်းထားရှိသော Historischer Autofriedhof Gurbetal သည် ကားအစားထိုးလဲလှယ်သည့်လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ကားသင်္ချိုင်းအဖြစ်အစပျိုးလာသည်ဟုလည်း ဆိုနိုင်ပါသည်။ ထိုနေရာတွင် ၁၉၃၀ ပြည့်လွန်နှစ်များမှ ၁၉၇၀ ပြည့်လွန်နှစ်များအထိ မော်တော်ကားအပျက်အစီးတစ်ထောင်ကျော်နှင့် မော်တော်ဆိုင်ကယ်ပေါင်း လေးရာနီးပါးကိုစုဆောင်းထားရှိခဲ့ပြီး နိုင်ငံတကာအထိ လူသိများခဲ့ပါသည်။ နှစ်ပေါင်းများစွာကြာသည့်အခါ အသုံးမပြုဖြစ်ဘဲ ကျန်နေသောကားများသည် ဟောင်းနွမ်းဆွေးမြည့်လာပြီး ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းလာခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်တွင်ရှိသော Wade Alonso ၏ Auto Parts & Wrecker Service ကို ကျောင်းကားသင်္ချိုင်း (The School Bus Graveyard)ဟု လူသိများပါသည်။ အကြောင်းမှာကားစုဆောင်းထားရာ နယ်မြေအတွင်းကို သူခိုးရန်မှ ကာကွယ်ရန်အတွက် ကျောင်းဘတ်စ်ကားများနှင့် RV ကားကြီးများ အသုံးပြုပြီး အရွယ်အစားကြီးမားသော နံရံကြီးတစ်ခု တည်ဆောက်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။
ပြည်နယ်တွင်းက ပန်းချီဆရာအတော်များများသည် ဘတ်စ်ကားများ၏ နံရံတွင် ရောင်စုံပန်းချီများ လာရောက်ရေးဆွဲကြခြင်းကြောင့် ထူးခြားသော ပန်းချီပြတိုက်တစ်ခုကဲ့သို့ ဖြစ်နေပါသည်။ ဂျော်ဂျီယာတွင်သာရှိသောOld Car City USA သည်လည်း ၁၉၃၁ ခုနှစ်ခန့်က ကားအရောင်းဆိုင်တစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ကားပေါင်းလေးထောင်ကျော်ရှိသည့် ကားသင်္ချိုင်းကြီး ဖြစ်လာပါသည်။
၂၀၁၆ ခုနှစ်တွင်လည်း ဝေးလ်စ်ပြည်နယ်က မိုင်းတွင်းဟောင်းကြီးမှာ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ရှိခဲ့သည်ဟု ယူဆရသော Mountain of Vehicles ကားသင်္ချိုင်းကို ရှာတွေ့ခဲ့ကြပြီး တောင်များကြားနစ်မြုပ်နေသောကားဟောင်းအစုအပုံလိုက်ကြီးသည် ဓာတ်ပုံဆရာများကြားတွင် ရေပန်းစားခဲ့ပါသည်။ တချို့ကားသင်္ချိုင်းများမှာ ကားနှင့် မော်တော်ဆိုင်ကယ်ကဲ့သို့ အရပ်သားသုံးကားများမရှိဘဲ ကျည်ကာကားများချည်း စုပုံနေသော Tank Graveyard ကဲ့သို့ နေရာမျိုးလည်း ရှိပါသည်။