Automated Parking System ပေါ်ပေါက်လာပုံအကြောင်း သိကောင်းစရာ


အလိုအလျောက် ကားပါကင်စနစ် (automated parking system) ဆိုသည်မှာ ကားရပ်နားရန်အတွက် လိုအပ်သော နေရာပမာဏကို ချုံ့ပေးလိုက်သော စက်ယန္တရားသုံးစနစ်ကို ခေါ်ခြင်းဖြစ်ပါသည်။

အထပ်မြင့်ကားပါကင်ဆန်ဆန် APS စနစ်က ကားများကို အဆင့်ဆင့် ဒေါင်လိုက်စီထည့်ပြီး မြေနေရာ နည်းနည်းတွင် ကားပမာဏများများရပ်နားစေနိုင်မည့် စနစ်စတစ်ခုဖြစ်ပါသည်။

အလိုအလျောက် ကားပင့်စက်များသုံးပြီး ယာဉ်မောင်းမလိုအပ်ပဲ ကားအတင်/အချ လုပ်ပေးမည်ဖြစ်၍ ကားပါကင်ထိုးခြင်း စနစ်ကျသည့်အတွက် အထပ်မြင့်ကားပါကင်များတွင် နေရာအလဟဿ ဖြစ်ရခြင်းမျိုးများကို လျှော့ချပေးနိုင်ပါသည်။ 

APS စနစ်၏ အစောဆုံးနှင့် အသုံးအများဆုံး အမျိုးအစားမှာ Paternoster ဖြစ်ပါသည်။

APS စနစ်ကို Automated Parking Facility (APF)၊ Automated Vehicle Storage and Retrieval System (AVSRS)၊ Mechanical Packing၊ Robotic Parking Garage အစရှိသဖြင့်လည်း နာမည်အမျိုးမျိုးဖြင့်ခေါ်ဝေါ်ပါသေးသည်။

ကားပါကင်လိုအပ်မှုနှင့် မြေနေရာရှားပါမှုတို့က APS စနစ်စတင်ပေါ်ပေါက်လာစေရန် လမ်းစဖြစ်ခဲ့ပါသည်။

ပထမဦးဆုံး APS စနစ်ကို ၁၉၀၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Rue de Ponthieu ကာဂိုဒေါင်တွင် စတင်အသုံးပြုခဲ့ပါသည်။

အထပ်မြင့်ကွန်ကရစ် အဆောက်အအုံထဲတွင် ကားများကို ဓာတ်လှေကားတစ်ခုနှစ် အထပ်မြင့်မားဆီပို့ပေးပြီး ဝန်ထမ်းများက ပါကင်ထိုးပေးသောစနစ် ဖြစ်ပါသည်။

၁၉၂၀ ပြည့်လွန်နှစ်များတွင် ပုံမှန်ဆိုလျှင် ကားနှစ်စီးသာ ရပ်နားနိုင်သော မြေပြင်အကျယ်အဝန်းတွင် ကားရှစ်စီးအထိ ရပ်နားနိုင်သော Paternoster စနစ်ခေါ်ချားရဟတ်ပုံစံ APS စနစ် ခေတ်စားလာပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၁၉၄၀ ပြည့်လွန်နှစ်နောက်ပိုင်းနှင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် APS စနစ်ကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး Bowser၊ Pigeon Hole နှင့် Roto Park စနစ်များ အသုံးပြုခဲ့ပါသည်။

ကားပိုင်ရှင်များအနေဖြင့် ပါကင်နေရာမှ မိမိကား ပြန်လည်ရယူရန်အတွက် အချိန်ကြာမြင့်မငနှင့် စက်မှုပိုင်းဆိုင်ရာပြဿနာတစ်ချို့ကြောင့် APS စန်ကို အမေရိကန်ပြည်ထောင်စုတွင် လူကြိုက်များမှု ယုတ်လျော့လာသော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များခန့်က စတင်ပြီး တစ်ဖန်ပြန်လည် ခေတ်စားလာခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်တွင် APS ကားပါကင်ပေါင်း ၁ ဒသမ ၆ သန်းခန့် ရှိလာပါသည်။

လက်ရှိ ဥရောပအကြီးဆုံး APS ကား ပါကင်ကြီးကို ဒိန်းမတ်နိုင်ငံ၊ Aarhus မြို့တွင် တွေ့မြင်နိုင်ပြီး Car Lift အရေအတွက် နှစ်ဆယ်ကို အသုံးပြုထားသကဲ့သို့ ကားအစီးအရေအတွက်တစ်ထောင်အတွက် ကားပါကင်နေရာပေးနိုင်ပါသည်။

APS စနစ်တွင် အပြည့်အဝအလိုအလျောက်စနစ်နှင့် တစ်စိတ်တစ်ပိုင်း အလိုအလျောက်စနစ်ဆိုပြီး နှစ်မျိုးရှိပါသည်။

မည်သည့်စနစ်ဖြစ်ဖြစ် ဝင်ပေါက်အထိ မောင်းပေးပြီးမှ ယာဉ်မောင်းအပါအဝင် လူအားလုံး ကားပေါ်မှ ဆင်းရခြင်းဖြစ်ပါသည်။

ထို့နောက် ကားထည့်မည့်နေရာကို အလိုအလျောက်စနစ်၊ သို့မဟုတ် လူအကူအညီနှင့် ကားသွင်းရပါသည်။

APS စနစ်သုံး ကားပါကင်တွင် ယာဉ်မောင်းက ကိုယ်တိုင်ကားမောင်းရန်မလိုသည့်အတွက် ကားသွားလမ်းမလိုအပ်သကဲ့သို့ ကားတံခါးဖွင့်ရန် နေရာချန်ရန်လည်း မလိုအပ်ပေ။

လူသွားလမ်းမလိုဘဲ ကားအတွက်နေရာသာ လိုအပ်သောကြောင့် နေရာစားသက်သာသွားပါသည်။

ကားပတ်မောင်းပြီး ကားရပ်ရန် နေရာရှာရသည့် ဒုက္ခလည်း လွတ်ကင်းသွားသည့်အတွက် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချထားပြီးသားဖြစ်သွားပါသည်။

ရှော့ပင်းမောလ်များ၊ မီးရထားဘူတာများ၊ ရုပ်ရှင်ရုံများ၊ အားကစားကွင်းများကဲ့သို့ လူထူထပ်သောနေရာများတွင် စက်ယန္တရားစနစ် အသုံးပြုသော APS ကားပါကင်စနစ်က အခက်အခဲဖြစ်စေနိုင်ပါသည်။

 

Read 756 times