ယူကရိန်းအရေးအခင်းကြောင့် မော်တော်ယာဉ်ကဏ္ဍ လုပ်ငန်းအချို့ ရပ်နား


ယူကရိန်းအရေးအခင်းကြောင့် မော်တော်ယာဉ်ကဏ္ဍ လုပ်ငန်းအချို့ ရပ်နား

ယူကရိန်းအရေးအခင်းကြောင့် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍမှ ကုမ္ပဏီအချို့ အလုပ်ရပ်နားထားကြပြီး အ‌ခြေအနေများ ပြောင်းလဲ ဖြစ်ပေါ်မှုများကို စောင့် ကြည့် (wait-and-see) မူဝါဒကို လက်ကိုင်ပြုထားကြပါတယ်။

Suzuki
ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Suzuki က ယူကရိန်းမှာ အရောင်းပြခန်း ၂၀ ရှိရာ အကုန်လုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်က ပြောကြားပါတယ်။ 


Sumitomo
ယာဉ်ပစ္စည်း ထုတ်လုပ်တဲ့ ဂျပန်လုပ်ငန်း Sumitomo Electric Industries က ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှ ၎င်းရဲ့ ဝါယာလိုင်း စက်ရုံကို ပိတ်ထားလိုက်ပါတယ်။ ဝန်ထမ်းများ ဘေးကင်းရေးကို ဦးစားပေးမည်ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စားလှယ်က ပြောကြားပါတယ်။ လုပ်သားဦး‌ေရ အကြမ်အားဖြင့် ၆,၀၀၀ ဝန်းကျင်ရှိပြီး အားလုံး ဘေးကင်းကြောင်း၊ စက်ရုံလည်း ထိခိုက်မှု မရှိကြောင်း ပြောကြားပါတယ်။
ဖောက်သည်တွေကို အခြားနေရာများမှ ပစ္စည်းများကို အစားထိုး ရယူဖို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။


Fujikura
ယူကရိန်းနိုင်ငံအနောက်ပိုင်းတွင် တည်ရှိသော နောက်ထပ် ဂျပန် ဝါယာလိုင်းလုပ်ငန်း Fujikura ကလည်း ၎င်းရဲ့ စက်ရုံကို ပိတ်ထားလိုက်ပြီး စက်ရုံမှ လုပ်သား ၁,၃၀၀ ဝန်းကျင်ကို အလုပ်လာဖို့ မလိုကြောင်း ပြောကြားထားပါတယ်။

 

Nokian
ဖင်လန်နိုင်ငံမှ ကားတာယာလုပ်ငန်း Nokian Tyres က အဓိကကျတဲ့ ထုတ်ကုန်လိုင်းတွေကို ရုရှားမှ ဖင်လန်နိုင်ငံနှင့် အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းမယ်လို့ ဆိုပါတယ်။ စီးပွားရေးပိတ်ဆို့အရေးယူမှုနှင့် ကင်းလွတ်အောင် စီစဉ်တာလို့ ဆိုပါတယ်။

 

၄ သိန်းလျော့
ယခုလို ယူကရိန်း အရေးအခင်း ပေါ်ပေါက်တာကြောင့် တစ်နှစ်တာ ကမ္ဘာ့မော်တော်ယာဉ်စီးရေ လျော့ကျမယ်လို့ အတိုင်ပင်လုပ်ငန်းများ ဖြစ်ကြတဲ့ J.D. Power နှင့် LMC Automotive တို့က စီးရေ ၄ သိန်း လျော့နည်းလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၂၂ တစ်နှစ်တာ ထုတ်လုပ်မှု စီးရေ ၈၅.၈ သန်းလို့ ပြင်ဆင်ခန့်မှန်းပါတယ်။

 

ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် စက်ရုံ ယာယီရပ်ထားရတဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများထဲမှာ Volkswagen နှင့်  Renault တို့ ပါဝင်ပါတယ်။ တခြားစက်ရုံမှာ ထုတ်လုပ်မှု ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်နေတဲ့ လုပ်ငန်းများလည်း ရှိပါတယ်။

Volkswagen 
ဂျာမန် ကားထုတ်လုပ်ရေးလုပ်ငန်း Volkswagen က ဂျာမနီမှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံ နှစ်ရုံကို ထုတ်လုပ်မှု ရက်အတန်ကြာ ရပ်ထားမယ်လို့ ဆိုပါတယ်။ စက်ရုံအတွက် လိုအပ်တဲ့ ယာဉ်အစိတ်အပိုင်းတွေကို ယူကရိန်းမှာ ထုတ်လုပ်တာကြောင့် လောလောဆယ်မှာ မရရှိနိုင်သေးတာကြောင့် အလုပ်ရပ်နားထားလိုက်တာ ဖြစ်ပါတယ်။

 

Renault
ပြင်သစ် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းက ရုရှားမှာ တည်ရှိတဲ့ ၎င်းရဲ့ တွဲစပ်တပ်ဆင် ကားထုတ်လုပ်ရေးစက်ရုံကို ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲကြောင့် ရပ်ထားပါတယ်။ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ရှင်းပြတာမှာ ယာဉ်ပစ္စည်းများကို  နယ်ခြားဖြတ်ကျော်ပြီး ထရပ်ကားများဖြင့် စက်ရုံသို့ ပေးပို့ရပြီး ယခုအခါ နယ်ခြားဂိတ်များ ပိတ်ထားကြလို့ လိုအပ်တဲ့ ယာဉ်ပစ္စည်းတွေ ရောက်မလာတော့ဘူးလို့ ဆိုပါတယ်။

 

ဝင်ငွေ ၈%
ရုရှားမှာ မော်တော်ယာဉ် ရောင်းချတဲ့ အနောက်နိုင်ငံမှ ကားကုမ္ပဏီများရဲ့ စုစုပေါင်းဝင်ငွေ ၈% ထိခိုက်မယ်လို့ Citibank က ခန့်မှန်းပါတယ်။

 

Ford
  အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Ford Motor Co က ရုရှားမှာ တွဲစပ်တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ ၃ ရုံ ရှိနေပြီး ၅၀%စီ ရင်းနှီးမြှုပ်နှံထားတဲ့  ဖက်စပ်လုပ်ငန်း Ford Sollers ရဲ့ စက်ရုံတွေ ဖြစ်ပါတယ်။ ၂၀၁၁  ‌ေအာက်တိုဘာလမှာ ရုရှားမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Sollers နှင့် Ford တို့ ဖက်စပ်လုပ်ငန်း ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Read 5400 times