ဗီယက်နမ်တွင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်နိုင်ရေး ဦးတည်ဆောင်ရွက်ချက်များ


ဗီယက်နမ်နိုင်ငံတွင် ကားတပ်ဆင်ထုတ်လုပ်ရာ၌ ကားအစိတ်အပိုင်းများတွင် ပြည်တွင်းထုတ်လုပ်မှု၏ ၃၅-၄၅ ရာခိုင်နှုန်း သုံးစွဲရန် မော်တော်ကားလုပ်ငန်းကဏ္ဍ အတွက် အစိုးရမူဝါဒရည်မှန်းချက်မှာ ရရှိရန်ခက်ခဲနေဆဲ ဖြစ်သဖြင့် မော်တော်ကားကုမ္ပဏီများသည် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများကိုထောက်ပံ့ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက် ရှိသည်။

TC Motor သည် စက်တင်ဘာလ ၂၂ ရက်တွင် အကျယ်အဝန်း ၃၄၀ ဟက်တာရှိသော မြေနေရာတွင် ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရန် Thanh Cong Viet Hung Complex ကို စတင်ဆောက်လုပ်ခဲ့သည်။ TC Motor သည်ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သည့် Hyundai ကားများအတွက် ကားအစိတ်အပိုင်းများ ထုတ်လုပ်ရန်ကို စိတ်ဝင်စားသည်။ တောင်ကိုရီးယားကုန်အမှတ်တံဆိပ် Hyundai သည်

ပြီးခဲ့သော ၁၀ လအတွင်း စျေးကွက်တွင် ထိပ်ဆုံးနေရာမှာ ရောက်ရှိနေခဲ့သည်။ Dinh Vu-Cat Hai စက်မှုဇုန်တွင် ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်စက်ဘီးများထုတ်လုပ်သည့် VinFast စက်ရုံသည် ၃၃၅ ဟက်တာ အကျယ်အဝန်းရှိပြီး စက်ရုံ၏နေရာ သုံးပုံတစ်ပုံကိုမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်အစိတ်အပိုင်းများ ထုတ်လုပ်ရန် အသုံးပြုသည်။

ဗီယက်နမ် ကားလုပ်ငန်း ထိပ်သီး ၃ ခုတွင် တတိယနေရာမှာ ရှိနေသော Truong Hai (Thaco) သည်လည်း ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်သည့်လုပ်ငန်း ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလျက် ရှိသည်။ Thaco က လက်ရှိအခြေအနေတွင် ဟက်တာ ၁၂၀၀ ရှိ Chu Lai-Quang Nam စက်မှုဇုန်မှာ ဘတ်စ်ကားများ၊ ထရပ်ကားများနှင့်ကားများအတွက် အတွင်းပိုင်းနှင့်အပြင်ပိုင်း အစိတ်အပိုင်းများကို ထုတ်လုပ်လျက်ရှိသည်။

ပေါင်းစပ်အစိတ်အပိုင်းများ၊ မော်တော်ယာဉ်သုံး မှန်အမျိုးမျိုး၊ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် အိမ်စီးကားများအတွက် လေအေးပေးစက်များ၊ အိမ်စီးကားများအတွက် ဘမ်ပါ၊ ထိုင်ခုံများနှင့်ထိုင်ခုံအဖုံးများ; ဝါယာများ၊ စပရိန်များ၊ ကားကိုယ်ထည်အစိတ်အပိုင်းများ အစရိှသည်တို့ကို ထုတ်လုပ်သည်။ Kia နှင့် Mazda ကားများ ဗီယက်နမ်တွင် ထုတ်လုပ်ပေးသူ Thaco သည် ဗီယက်နမ်ဈေးကွက်တွင် TC Motor ပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည်။ ၎င်း၏ရည်မှန်းချက်မှာ ပြည်တွင်းဈေးကွက်သာမက ပြည်ပတင်ပို့မှုများအတွက် မူရင်းပစ္စည်းကိရိယာထုတ်လုပ်သူ (OEM) ဖြစ်လာရန်ဖြစ်သည်။

ရောင်းအားနှင့် ထုတ်လုပ်မှုပမာဏအရ အရှေ့တောင်အာရှတွင် ဗီယက်နမ်ကားထုတ်လုပ်မှုကဏ္ဍသည် စတုတ္ထနေရာတွင်ရှိနေသော်လည်း ယာဉ်အစိတ်အပိုင်း ထုတ်လုပ်မှုမှာ သိသိသာသာနိမ့်ကျသည်။ ဗီယက်နမ်တွင် ထုတ်လုပ်သော ကားများအတွက် ပြည်တွင်းမှ ထုတ်လုပ်ပေးနိုင်သော ယာဉ်အစိတ်အပိုင် ပါဝင်မှုမှာ ၇ မှ ၁၀ ရာခိုင်နှုန်းအထိ သာရှိသဖြင့် ရည်မှန်းချက် ၄၀ ရာခိုင်နှုန်း ပြည့်မီရန် များစွာ လိုနေသေးသည်။

တိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများတွင် ပြည်တွင်းထုတ် ယာဉ်အစိတ်အပိုင်း ပါဝင်မှုမှာ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ ရှိသည်။ ဂီယာအုံနှင့် အင်ဂျင်တို့ ကဲ့သို့သော ထုတ်လုပ်ရန် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ နှင့် ထုတ်လုပ်မှုပိုင် နည်းပညာများ လိုအပ်သော အစိတ်အပိုင်းတို့ကိုသာ ပြည်ပမှ တင်သွင်းပြီး ယာဉ်တပ်ဆင်သည်။

၂၀၁၈ ခုနှစ်တွင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် လုပ်ငန်းများ ထိုင်းနိုင်ငံတွင် ၂,၁၀၀ ခု ရှိပြီး ဗီယက်နမ်တွင် ၂၇၆ ခု ရှိသည်။

ထိုသို့ ပြည်တွင်းထက် ပစ္စည်းများ မသုံးနိုင်သဖြင့် ထုတ်လုပ်မှု စရိတ်ကို မြင့်တက်စေသည်။ ဗီယက်နမ်တွင် ယာဉ်တစ်စီးကို ထုတ်လုပ်ရန် ကုန်ကျစရိတ်တွင် ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိ ပိုများနေစေသည်။ ဥပမာအားဖြင့် ဆီဖြည့်သည့် အပေါက်ဝကို ပိတ်ရန် စတီးသားဖြင့် လုပ်ထားသော အဖုံးတစ်ခုသည် ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၅ ကျသင့်မည်ဆိုလျှင် ဗီယက်နမ်တွင် ပြည်ပမှ မှာယူရသောကြောင့် အမေရိကန်ဒေါ်လာ ၃.၈ ကျသင့်မည် ဖြစ်သည်။

ဗီယက်နမ်တွင် ပြည်တွင်းမှ ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ပေးသွင်းသူများ မရှိသဖြင့် ပြည်ပမှ တင်သွင်းရပေရာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလျံဝန်းကျင်အထိ ရှိသည်။ ဥပမာအားဖြင့် ဘရိတ်စနစ်နှင့် စတီယာရင်စနစ်တို့အတွက် အစိတ်အပိုင်းများကို ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့မှ တင်သွင်းရသည်။ ပြည်တွင်း ထုတ်လုပ်သည့် စီးရေ ပိုများလာသည်နှင့်အမျှ တင်သွင်းရသည့် ပမာဏလည်း မြင့်တက်လာမည် ဖြစ်သည်။

ဗီယက်နမ်တွင် ကားအသစ် ရောင်းအားသည် ပြီးခဲ့သည့်နှစ်က စီးရေ ၃၈၅,၆၀၀ ရှိခဲ့သည်။ ထိုင်းနှင့် အင်ဒိုနီးရှားတို့တွင် ထိုပမာဏထက် ၂.၆ ဆ ဝန်းကျင် ပိုများပြီး မလေးရှားတွင် ၁.၆ ဆ ပိုများသည်။

Myanmar Automobile Guide

Read 284 times