ဩစတေးလျကားဈေးကွက် ကားတင်သွင်းမှု ဂျပန်နဲ့ထိုင်း ဦးဆောင်နေဆဲ


၂၀၁၇ ခုနှစ်မှာ Holden ကားလုပ်ငန်းက ဩစတေးလျမှ စက်ရုံကို ပိတ်သိမ်းလိုက်ပြီးတဲ့နောက်မှာ ဩစတေးလျဟာ ရာနှုန်းပြည့် ပြည်ပမှ တင်သွင်းတဲ့ ကားများရဲ့ ဈေးကွက် အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ ၂၀၁၇ မတိုင်ခင်ကတည်းက  Ford, Toyota, Mitsubishi  တို့က သူတို့ရဲ့ ကားစက်ရုံတွေကို ပိတ်ခဲ့ကြပြီးပြီ ဖြစ်ပါတယ်။ 

၂၀၂၁ အောက်တိုဘာလမှာ ဩစတေးလျ ကားဈေးကွက်မှာ အိမ်စီးကားနဲ့ လုပ်ငန်းသုံးယာဉ် ၈၉၀,၇၉၀ စီး ရောင်းချခဲ့ရပါတယ်လို့ ဩစတေးလျမှ Federal Chamber of Automotive Industries ရဲ့ အချက်အလက်များအရ သိရပါတယ်။

ဩစတေးလျရဲ့ ကားတင်သွင်းမှုကို နိုင်ငံအလိုက်ကြည့်ရင် ဂျပန်က ၃၃.၉% ဖြင့် ပထမ နေရာမှာ ရှိနေပါတယ်။ ထိုင်းက ၂၁.၈% ဖြင့် ဒုတိယနေရာမှာ ရှိနေပြီး တတိယနေရာမှာတော့ တောင်ကိုရီးယားက ၁၃.၆% ဖြင့် နေရာယူထားပါတယ်။ စတုတ္ထနေရာမှာတော့ တရုတ်နိုင်ငံ ၇% ဖြင့် ရောက်ရှိနေပါတယ်။ 

ကားကုမ္ပဏီအရ ကြည့်ရင် Toyota က ဈေးကွက်ဝေစု ၂၀.၆% ဖြင့် ဝေစုအများဆုံး ရရှိထားတဲ့အပြင် ဒုတိယနေရာမှာ ရှိတဲ့  Hyundai  နဲ့ အပြတ်အသတ် ကွာပါတယ်။ Hyundai က ၈.၂% ဖြင့် ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။  တတိယ Ford (၇.၃%), စတုတ္ထ Mazda (၆.၉%) နဲ့ ပဉ္စမ Kia (၆.၅%)  တို့ အသီးသီး နေရာရရှိကြပါတယ်။ 

ဝေစုရာခိုင်နှုန်း သိသိသာသာ တိုးလာတာ တရုတ်ကား brand တွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဩစတေးလျ ဈေးကွက်ထဲမှာ တရုတ်နိုင်ငံက ၀.၂ % သာ ဈေးကွက်ဝေစု ရှိခဲ့ရာမှာ ယခု ၇% ဖြစ်နေပါတယ်။ 

FCAI ရဲ့ အချက်အလက်တွေမှာ တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ ထုတ်လုပ်တဲ့ Tesla Model 3 ထည့်သွင်းနိုင်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ FCAI မှာက အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်သုံးတဲ့ ကားတွေကို လိုလားတဲ့သူတွေ ကြီးစိုးထားပြီး လျှပ်စစ်ကားက မျက်နှာငယ်နေရလို့ Tesla က သူ့ရဲ့ ရောင်းအားအချက်အလက်တွေကို ပေးအပ်ခြင်း မပြုလို့ ဖြစ်ပါတယ်။ 
 

Read 14832 times