ရုပ်ရှင်ဇာတ်ကားအတွက် သီးသန့်ထုတ်လုပ်ထားသော Audi RSQ


ဂျာမန်ကားကုမ္ပဏီ Audi သည် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာ ထည့်သွင်းအသုံးပြုရန် ပထမဆုံးကားကို ၂ဝဝ၄ ခုနှစ်တုန်းက အထူးတီထွင်ဖန်တီးပေးခဲ့ဖူးပါသည်။

၂ဝ၃၅ ခုနှစ်ကို အခြေတည်ထားပြီး နာမည်ကျော်လူမည်းမင်းသား ဝီလ်စမစ် ပါဝင်သရုပ်ဆောင်ထားသည့် I,ROBOT ရုပ်ရှင်အတွက် Audi က ဒီဇိုင်းထုတ်ပေးခဲ့သော ကားအမည်က Audi RSQ ဖြစ်ပါသည်။

ဖင်လျှောပြိုင်ကားပုံစံဖြစ်သော Audi RSQ ကို ဒါရိုက်တာ Alex Proyas အလိုရှိသည့် အထူးပြုလုပ်ချက်များပါစေရန် အင်ဂျင်နီယာ၊ ဒီဇိုင်နာနှင့် နည်းပညာအဖွဲ့က ရက်သတ္တပတ် ၁ဝ ပတ်အတွင်း အပြီးသတ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

Audi RSQ ခေါင်းပိုင်းတွင် ကုမ္ပဏီလိုဂို တပ်ထားသော ရှေ့ဘမ်ပါရှဲလ်က Trapezodial ‘Audi Single-Frame Grille’ ဖြစ်ပြီး Xenon ရှေ့မီးနှင့် အင်ဂျင်ခန်းလေဝင်ပေါက်တို့ကို သိသာအောင်ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်ပါသည်။

ကားကိုယ်ထည်အရောင်က ပြာ လဲ့လဲ့ငွေရောင်ဖြစ်သော်လည်း Flop Effect ပါခြင်းကြောင့် စူးရှသောအလင်းရောင်အောက်မှာ ရွှေရောင်ပြောင်းသွားမည်ဖြစ်ပါသည်။

ဖိုင်ဘာဂလက်စ် ကိုယ်ထည်နှင့် Audi RSQ မှာ တခြားဖင်လျှောပြိုင်ကားအများစုတွင် ပါဝင်နေကျ နောက်ပြတင်းပေါက်ကို မြင်တွေ့ရမှာမဟုတ်ဘဲ Audi RSQ ၏ ကားတံခါးက အပေါ်လှန်ဖွင့်ရသော လိပ်ပြာတောင်ပံ တံခါးမျိုးဖြစ်ပြီး သုညမိုင်မှ တစ်နာရီ မိုင်ခြောက်ဆယ် အရှိန်နှုန်းရရန် လေးစက္ကန့်သာ ကြာမြင့်ပါသည်။

Audi RSQ ၏ အထူးခြားဆုံးအစိတ်အပိုင်းက ကားဘီးဖြစ်ပြီး ပုံမှန်လိုမဟုတ်ဘဲ စက်လုံးပုံဘီးများ(Sphere Wheels)တပ်ထားခြင်းဖြစ်ပါသည်။

သို့သော် ရိုးရိုး Wheel Arches နှင် ဆင်တူအောင် ဖန်တီးထားသဖြင့် ရုတ်တရက်ကြည့်ရင် မသိသာပေ။

Audi RSQ သည် ထူးခြားတဲ့ ဘီးများကြောင့် သာမန်အတိုင်း ရှေ့/နောက်မောင်း၍ရသည့်အပြင် ပတ်ပတ်လည် မောင်းနိုင်စွမ်းလည်းရှိပါသည်။

ထိုင်ခုံနှစ်ခုံပါသော Audi RSQ အတွင်းခန်း ကို ဂျက်လေယာဉ်ခေါင်းခန်းကဲ့သို့ ပြုလုပ်ပေးထားပြီး ထိုင်ခုံပုံစံက Bucket Seat ဖြစ်ပါသည်။

စတီယာရင်လက်ကိုင်က အပေါ်ဘက်မှာဖွင့်ထားသော ဒီဇိုင်းဖြစ်ပြီး မောင်းသူက ကားထဲဝင်လာမှ အချက်ပြဒိုင်ခွက်အောက်က ထွက်လာမည်ဖြစ်ပါသည်။

ကားခေါင်မိုးထောက်တိုင်များ၏ ဘယ်ညာအစွန်းများမှ နောက်ပိုင်းအထိ တစ်ဆက်တည်းဖြစ်သော ရှေ့လေကာမှန်က စီးသူများကို မြင်ကွင်းကျယ်ပုံရိပ်များ မြင်တွေ့စေမည်ဖြစ်ပါသည်။

Audi ၏ Multi Media Interface (MMI) ထိန်းချုပ်မှုစနစ်သုံးထား၍ ကားနှင့်သက်ဆိုင်သော အချက်အလက်တိုင်းကို ဒစ်ဂျစ်တယ်အချက်ပြဒိုင်ခွက်မှာ ကြည့်ရှုနိုင်ပါသည်။

ပြိုင်ကားအမျိုးအစားပီပီ Audi RSQ မှာ ဖျော်ဖြေရေးစနစ်ကိုတော့ မထည့်ထားပေ။

အတွင်းပိုင်းကို နေရာကျယ်ဝန်းအောင် သေချာဖန်တီးထားပြီး အနက်ရောင်အများစုနှင့်ခြယ်သထားသည့်အပြင် နည်းပညာပိုင်းဧရိယာကိုတော့ ငွေရောင်နှင့်ပုံဖော်ထားပါသည်။

တံခါးပေါင်အောက်ခြေမှာ RSQ စာလုံးကို အနီရောင်နှင့်ဖော်ပြထားသည့် Audi RSQ ကို I,ROBOT ဇာတ်ကားအတွက် ပုံဖော်ဖန်တီးခဲ့ခြင်းဖြစ်ပြီး အပြင်မှာ စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပေ။

 

Read 933 times