Audi နှင့် FAW ဒေါ်လာ ၃.၃ ဘီလျံ လျှပ်စစ်ကားစက်ရုံအတွက် ခွင့်ပြုချက် ရရှိ


Audi နှင့် FAW ဒေါ်လာ ၃.၃ ဘီလျံ လျှပ်စစ်ကားစက်ရုံအတွက် ခွင့်ပြုချက် ရရှိ


ဂျာမနီ ကားလုပ်ငန်း  Audi နင့် တရုတ်နိုင်ငံပိုင် လုပ်ငန်း FAW Group တို့က ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတည်ဆောက်မယ့် အစီအစဉ်ကို တရုတ်အာဏာပိုင်တို့က အတည်ပြု ခွင့်ပြုလိုက်ပါတယ်။


တရုတ်ပြည် အရှေ့မြောက်ပိုင်း Jilin ပြည်နယ် မြို့တော် Changchun မှာ စက်ရုံ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဧပြီလမှာ စတင်ဆောက်လုပ်မှာ ဖြစ်ပြီး ဖက်စပ်လုပ်ငန်းက ယွမ် ၂၀.၉၃ ဘီလျံ (၃.၂၉ ဘီလျံ) ရင်းနှီးမြှုပ်နှံပြီး ဆောက်လုပ်မှာ ဖြစ်ပါတယ်။

ပူးတွဲထုတ်ပြန်ချက်မှာ စက်ရုံအတွက် အတည်ပြု ခွင့်ပြုချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

စက်ရုံမှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်မှုကို ၂၀၂၄ ဒီဇင်ဘာလမှာ စတင်မှာ ဖြစ်ပြီး တစ်နှစ်လျှင် ကားစီးရေ ၂၅၀.၀၀၀ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Audi ရဲ့ e-tron SUV အပါအဝင် မော်ဒယ် ၃ မျိုး ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။
Audi ရဲ့ မိခင်လုပ်ငန်း Volkswagen မှ ပြောရေးဆိုခွင့်ရှိသူက "တရုတ်ပြည်အတွက် Audi ရဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး မဟာဗျူဟာအတွက် Audi FAW တို့ရဲ့ စွမ်းအင်သစ် မော်တော်ယာဉ် စီမံကိန်းက ‌အရေးပါတဲ့ နေရာမှ ပါဝင်ပါတယ်" လို့ ပြောကြားပါတယ်။

Volkswagen ရဲ့ ပရီမီယံ ကားထုတ်လုပ်ရေး လုပ်ငန်း Audi က ၂၀၂၀ အောက်တိုဘာလမှာ ပရီမီယံ လျှပ်စစ်မော်တော်ယာဉ် ပူးတွဲထုတ်လုပ်ရေးအတွက် FAW နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အတည်ပြု ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေခဲ့ကြပြီး ယခု ဖေဖော်ဝါရီလမှာ အတည်ပြု ခွင့်ပြုမိန့် ကျတာ ဖြစ်ပါတယ်။ 

Read 3792 times