Audi  က အားသွင်းရုံ ဝန်ဆောင်မှု စတင်လုပ်ဆောင်


Audi  က အားသွင်းရုံ ဝန်ဆောင်မှု စတင်လုပ်ဆောင်

 


ဂျာမန် ကားထုတ်လုပ်ရေးလုပ်ငန်း  Audi  ကဂျာမနီရှိ နုရင်ဘတ်မြို့ တွင် ၎င်း၏ပထမဆုံးအားသွင်းစင်တာကို ခြောက်လကြာ စမ်းသပ်မှုအဆင့်ပြီးစီးခဲ့ပြီူနောက် အကြိမ်ကြိမ် ပြန်လာပြီး အားသွင်းသည့်သူများ ရှိနေခြင်းနှင့် လိုလားကြခြင်းတို့ကြောင့် အားသွင်းရုံ ဝန်ဆောင်မှုများ တိုးချဲ့လုပ်ဆောင်မည် ဖစ်သည်။ 
ယခုနှစ်ကုန်ပိုင်းတွင် ဂျာမနီနိုင်ငံရှိ အခြားဆီလျော်သည့် နေရာများတွင် အားသွင်းစင်တာများ ထားရှိမည် ဖြစ်သည်။ Audi EV  သုံးစွဲကြသူတို့ ဂျာမနီနိုင်ငံအတွင်း မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ သူတို့ စီးသည့် Audi လျှပ်စစ်ကားကို အားသွင်းဖို့ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ရည်မှန်းချက် ထားရှိသည်။ 

Audi  က ကွန်တိန်နာများ တွဲကပ်ပေါင်းစပ်ထားသည့်ပုံစံ အခြေခံထားသော အားသွင်စင်တာ ဒီဇိုင်းကို ၂၀၂၁ ဒီဇင်ဘာလတွင် စတင်စမ်းသပ် အသုံးပြုခဲ့သည်။ အလွယ်တကူ တပ်ဆင်နိုင်ပြီး ပြန်ဖြုတ်သိမ်းရန်လည်း လွယ်ကူသည့် ဒီဇိုင်းဖြစ်သည်။ အဆောက်အဦ ကြမ်းခင်းဧရိယာမှာ ၄၀ စတုရန်းမီတာ ရှိသည်။
ပါဝါကို တစ်ဖန်ပြန်သုံးထားသည့် လစ်သီယမ်အိုင်းယွန်း ဘက်ထရီများထဲတွင် သိုလှောင်ထားသည်။ ထိုဘက်ထရီများသည် Audi  က မော်ဒယ်အသစ်များကို စက်ရုံတွင် စမ်းသပ်ထုတ်လုပ်သည့် ကားများထံမှ ပြန်ဖြုတ်သိမ်းထားခြင်း ဖြစ်သည်။ အားဖြည့်တင်းရန် လျှပ်စစ်ဓာတ်အားလိုင်းကို အသုံးပြုသည်။ 
အားသွင်းစင်တာတွင် ကားအားသွင်းနေသည်ကို ထိုင်စောင့်ရန် အလန်းစား ဧည့်ခန်းတစ်ခုပါသည်။ စားစရာ မှာယူစားသောက်ပါက စားသောက်ရန်အတွက် စားသောက်ခန်းတစ်ခန်း ပါသည်။ 
အားသွင်းရုံတွင် လာရောက်အားသွင်းကြသူများအနက် ၆၀% ဝန်းကျင်သည် နောက်ထပ် တစ်ကြိမ်ထက်မနည်း ပြန်လာပြီး အားသွင်းကြသည်။ အားရကျေနပ်မှု ရရှိကြောင်းလည်း ပြောကြားကြသည်။ 
၂၀၂၂ ဇန်နဝါရီလမှ ဧပြီလအတွင်း ကြိမ်ရေ ၃,၁၀၀ အားသွင်းပေးခဲ့ရသည်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကား ၃၅ စီး အားလာသွင်းသည်။
အိမ်နီးနားချင်း နိုင်ငံ ဖြစ်သော ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ဘဏ်လုပ်ငန်းများနှင့် အာမခံလုပ်ငန်းများ ရှိသည့် ရပ်ကွက်တွင် အားသွင်းရုံ တစ်ရုံ ထူထောင်မည်ဟု Audi  က  ထုတ်ပြန်ကြေညာသည်။ 


MyanmarAutomobileGuide

Read 1669 times