မြေမျက်နှာသွင်ပြင်အမျိုးမျိုးတွင် မောင်းနှင်နိုင်သော ATV (All – Terrain Vehicle) ကားအမျိုးအစားများထဲတွင် ခြောက်ပစ်အကင်းဆုံးနှင့် စိတ်အချရဆုံး မိုဒယ်တစ်ခုမှာ ရုရှားကုမ္ပဏီ Avtoros က ထုတ်လုပ်ထားသော ATV Shaman 8x8 ကားဖြစ်ပါသည်။
မြင်းကောင်ရေ ၁၄၆ ကောင်အား lveco F1C , OTD,176 3.0L တာဘိုဒီဇယ်အင်ဂျင်နှင့် Manual ဂီယာခြောက်ချက်စနစ် အသုံးပြုမောင်းနှင်ရသော ATV Shaman 8x8 ကားသည် အရှည် ၆၃၀၀ မီလီမီတာ၊ ဗြက် ၂၅၀၀ မီလီမီတာ၊ အမြင့် ၂၇၀၀ မီလီမီတာ၊ မြေပြင်ကင်းလွတ်အမြင့် ၄၅၀ မီလီမီတာ ရှိသော ကားကြီးဖြစ်ပြီး ကားအရွယ်နှင့် လိုက်ဖက်ညီရန် X-TRIM (1200-600x21) ဘီးရှစ်ဘီးကို တပ်ဆင်ထားပါသည်။
စုစုပေါင်း လူ ၁၂ ဦးစီးနင်းနိုင်သော ATV Shaman 8x8 တွင် အသုံးပြုထားသော အဆင့်မြင့်ပစ္စည်းကိရိယာများနှင့် နည်းပညာပိုင်းများကြောင့် လမ်းကောင်းများတွင်သာမက Off-Road အရည်အသွေးသုံးကျော်ဖြတ်ရမည့် လမ်းကြမ်းများတွင်ပါ သက်သောင့်သက်သာစီးနင်းနိုင််မည်ဖြစ်ပါသည်။
အထူးသဖြင့် လမ်းမရှိသော တောပိုင်းဒေသများတွင် ATV Shaman 8x8 အတွက် အကောင်းဆုံး စွမ်းဆောင်ပေးသွားမှာက လေဖိအားလျော့ကားတာယာများဖြစ်ပါသည်။
အလေးချိန် နှစ်တန်ခွဲရှိသော computer wallpaperကို ကျောက်တုံးကျောက်ခဲ၊ ဆီးနှင်းပြင်များတွင်သာမက ရေထဲတွင်ပါ ကျော်ဖြတ်မောင်းနိုင်ရန် လေဖိအားလျော့တာယာများက အဓိက စွမ်းဆောင်ပေးသွားမည် ဖြစ်ပါသည်။
ATV Shaman 8x8 စတီယာရင် လက်ကိုင်ကို ထိန်းချုပ်ကိုင်တွယ်ရန် မတူညီသော စနစ်သုံးမျိုး အသုံးပြုနိုင်ပါသည်။
ပုံမှန်မောင်းနှင်သောအခါ On-Road ၊ လမ်းကြမ်းများတွင် Off-Road စနစ်များ ပြောင်းလဲအသုံးပြုနိုင်သကဲ့သို့ Crab Mode ဆိုခြင်းလည်း ရှိပါသေးသည်။
Crab Mode ကို သုံးလျှင် ကားဘီးရှစ်ဘီးလုံး အရှေ့ဘက်အစား ဘေးဘက်သို့ ပြောင်းလဲလည်ပတ်မည် ဖြစ်သောကြောင့် ကားသည် ဂဏန်းသွားသကဲ့သို့ ဘေးတိုက်မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
၄၅ ဒီဂရီအထိ မတ်စောက်သောလမ်းကို အတက်အဆင်းလုပ်နိုင်သော ATV Shaman 8x8 ကို အတွင်းပိုင်းက ထိုင်ခုံများပုံစံအလိုက် Tourist နှင့် Hunter ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။
Tourist အမျိုးအစားတွင် ထိုင်ခုံများက Three-point ထိုင်ခုံ ခါးပတ်ပါပြီး စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်ပါသည်။
Hunter ၏ ထိုင်ခုံများမှာ လိုအပ်သည့်အခါ ခုတင်ပုံစံ ပြောင်းနိုင်ပါသည်။
ရှေ့နှင့်နောက် ဝန်ဆွဲချိတ်၊ ကားခေါင်မိုးမီးတန်း၊ လွန်သွားပုံဒလက် (Screw Propeller)၊ လှေကား၊ ခေါင်မိုးပေါ်တွင် ပစ္စည်းများထားသော Top Trunk များကို ထပ်ဆောင်းရွေးချယ်တပ်ဆင်နိုင်သော ATV Shaman 8x8 တွင် ၂၆၀ လီတာဆံ့ ဆီတိုင်ကီ တပ်ဆင်ထားပြီး ပျှမ်းမျှ ဆီစားနှုန်းက ကီလိုမီတာတစ်ရာကို ၂၅ လီတာဖြစ်ပါသည်။
ကုန်းပေါ်တွင် တစ်နာရီ ၄၄ မိုင်နှုန်းနှင့် မောင်းနိုင်ပြီး ရေထဲတွင် တစ်နာရီကို ၄ ဒသမ ၃ မို်င်နှုန်း နှင့် ခရီးဆက်နိုင်ပါသည်။
ရွှံ့နွံပြင်၊ ဆီးနှင်းနှင့် ဖုန်ထူသောလမ်းများကို စိုးကြောက်စရာမလိုဘဲ မည်သည့်လမ်းမျိုးမဆို မောင်းနိုင်သော ATV Shaman 8x8 သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း ခရီုးစဉ်များအတွက် အသင့်တော်ဆုံးကားဖြစ်ပါသည်။
ATV Shaman 8x8 တစ်စီးတည်ဆောင်ရန် အချိန်နှစ်လ ကြာမြင့်မည်ဖြစ်ပြီး စျေးနှုန်းက ယူရို တစ်သိန်းခွဲအထက်တွင် ရှိပါသည်။