အာဆီယံနိုင်ငံများတွင် နိုင်ငံအချို့တို့တွင် ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များကို စမ်းသပ်စစ်ဆေးသည့် စည်းမျဉ်းများ ချမှတ်ထားခဲ့ကြသည်ကို ယခုအခါ ဖြေလျော့ပေးလိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံကဲ့သို့သော မော်တော်ယာဉ် ထုတ်လုပ်တင်ပို့မှု များပြားသည့် အာဆီယံနိုင်ငံများအဖို့ ကုန်ကျစရိတ် သက်သာသွားမည် ဖြစ်သည်။
ဗီယက်နမ်နိုင်ငံမှ သဘာပတိအဖြစ် လုပ်ကိုင်ပေးသော အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ အပြန်အလှန် အသိအမှတ်ပြုပေးခြင်း သဘောတူညီချက် ASEAN Mutual Recognition Arrangement ကို ရရှိခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ အာဆီယံနိုင်ငံ တစ်နိုင်ငံတွင် ပြဌာန်းထားသေ စည်းမျဉ်းများအရ စမ်းသပ်စစ်ဆေးပြီးသား ဖြစ်သော မော်တော်ယာဉ်ကို အခြားအာဆီယံနိုင်ငံသို့ တင်ပို့သည့်အခါ တင်သွင်းသည့် နိုင်ငံအနေဖြင့် ၎င်းပြဌာန်းထားသော စည်းမျဉ်းများအရ စစ်ဆေးခြင်းကို ခံယူရန် မလိုအပ်တော့ချေ။
ယခင်က ထုတ်လုပ်သည့်နိုင်ငံမှာ စစ်ဆေးမှုခံယူရသည့်အတွက် ကုန်ကျစရိတ် အကုန်အကျခံထားရပြီး တင်ပို့သည့်အခါ၌လည်း တင်သွင်းသည့် နိုင်ငံတွင် ယင်းနိုင်ငံ၏ စည်းမျဉ်းများအရ စစ်ဆေးမှုခံယူရပြန်သဖြင့်
နောက်ထပ်တစ်ကြိမ် အကုန်အကျခံရသည်။ ယခုသဘောတူညီချက်တွင် ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံတွင်သာ စစ်ဆေးမှု ခံယူရန် လိုအပ်ပြီး တင်သွင်းသည့်နိုင်ငံက ၎င်းစစ်ဆေးချက်ကို အသိအမှတ်ပြုပေးမည် ဖြစ်ရာ နောက်တစ်ကြိမ် အစစ်ခံဖို့ မလိုတော့သဖြင့် ကုန်ကျစရိတ် သက်သာသွားမည် ဖြစ်သည်။
“အခု သဘောတူညီချက်ကြောင့် အာဆီယံအတွင်း မော်တော်ယာဉ် ကုန်သွယ်မှု အရှိန်တင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် Toyota Daihatsu Engineering and Manufacturing ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၎င်းကုမ္ပဏီသည် Toyota Motor ၏ အာရှဈေးကွက်အတွက် လုပ်ကိုင်မှုများကို ကြီးကြပ်ပေးနေသည့် လုပ်ငန်း ဖြစ်သည်။ ကုန်ကျစရိတ်သက်သာသည့်အပြင် အချိန်ကုန်လည်း သက်သာသွားမည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။
ထို့အပြင် အကော်ကခွန်မဟုတ်သော အတားအဆီးများကို ပြည်တွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများကို အကာအကွယ်ပေးရန် ပြုမူဆောင်ရွက်၍ မရနိုင်တော့ချေ။ ထိုပြုမူဆောင်ရွက်မှုကို အာရှနိုင်ငံများတွင် ကျင့်သုံးလေ့ရှိသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဗီယက်နမ်သည် အာဆီယံသဘောတူညီချက်အရ အာဆီယံနိုင်ငံမှ တင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အကောက်ခွန် ၃၀% ကောက်ခံခြင်းကို ဖြေလျော့ပေးခဲ့ရပြီး တင်သွင်းသည့် ကားအသစ်ကျပ်ချွတ်များကို စမ်းသပ်စစ်ဆေးရမည်ဟု ပြဌာန်းခဲ့သည်။ သို့ဖြစ်ရာ စစ်ဆေးရန် ကုန်ကျစရိတ် ရှိသည့်အပြင် အချိန်လည်း ယူရသဖြင့် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ထုတ်လုပ်သောကားအသစ်များ ဗီယက်နမ်သို့ တင်သွင်းခြင်း ရပ်တန့်သွားစေခဲ့သည်မှာ လအတန်ကြာသည်အထိ ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စံတစ်ခုကို ထူထောင်ခဲ့ကြရသည်မှာ ၁၃ နှစ် ကြာမြင့်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းက သဘောတူလက်ခံသော စံတစ်ခုကို ဩဂုတ်လတွင် ရရှိခဲ့သည်။
လက်ရှိအနေအထားတွင် ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများသည် မော်တော်ယာဉ် တင်ပို့မှု အများဆုံး ဖြစ်သည်။ သို့ဖြစ်ရာ ထုတ်လုပ်သည့်နိုင်ငံနှင့် တင်သွင်းသည့်နိုင်ငံတို့တွင် စစ်ဆေးမှု ခံယူရခြင်းအတွက် ကုန်ကျစရိတ် ကြီးမားနေခဲ့သည်။ ယခုသဘောတူညီချက် သက်ဝင်ပြီးသည့်နောက်တွင် ထုတ်လုပ်သည့်နိုင်ငံတွင်သာ စစ်ဆေးမှု ခံယူဖို့ လိုအပ်တော့မည် ဖြစ်သည်။
ထို့ပြင် စစ်ဆေးမှုလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်သည် အချိန်ယူပြီး လုပ်ကိုင်ရသဖြင့် မော်တော်ယာဉ် မော်ဒယ်အသစ်တစ်ခု ထုတ်လုပ်ပြီး တင်ပို့သည့်အခါ အချိန် သုံးလမှ ခြောက်လအထိ ကြာမြင့်ပြီးမှ လိုအပ်သော စစ်ဆေးမှု လက်မှတ်ကို ရရှိပြီး ဈေးကွက်တွင် ရောင်းချခွင့် ရကြသည်။
အာဆီယံ အပြန်အလှန် အသိအမှတ်ပြုပေးခြင်း သဘောတူညီချက် ကို ယခုနှစ်ကုန် သုံးလပတ်တွင် စတင်သက်ရောက်နိုင်မည်ဟု မျှော်မှန်းထားကြသည်။
အာဆီယံသည် မော်တော်ယာဉ်များကိစ္စအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအပါအဝင် အခြားထုတ်ကုန်များအတွက်လည်း အလားတူ စံသတ်မှတ်ချက် အသိအမှတ်ပြုပေးသည့် သဘောတူညီချက်များ ရရှိရန် ကြိုးပမ်းဆောင်ရွက်နေသည်။
အာဆီယံ ဒေသတွင်းမှာ တိုယိုတာသည် ၂၀၁၉ ခုနှစ်တွင် မော်တော်ယာဉ်စီးရေ ၉၀၀ ၀၀၀ ထုတ်လုပ်ခဲ့သည်။ ၎င်းတို့တွင် စီးရေ ၅၇၀ ၀၀၀ ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ခဲ့သည်။ ထိုင်းနိုင်ငံသည် တိုယိုတာကား ထုတ်လုပ်မှုတွင် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်သွားစေခဲ့သည်။ ထိုင်းနိုင်ငံတွင် တိုယိုတာသည် ပစ်ကပ်ထရပ်ကားများ၊ ကားအရွယ်အငယ်စားများကို အဓိကထား ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှု စီးရေ၏ ထက်ဝက်ကို အာဆီယံနိုင်ငံများသို့ တင်ပို့ခဲ့သည်။
ဂျပန်နိုင်ငံမှ Mitsubishi Motors, Isuzu Motors နှင့် Nissan Motor ၊ အမေရိကန်မှ Ford Motor ၊ တရုတ်နိုင်ငံမှ SAIC Motor ပိုင်ဆိုင်သည့် MG တို့သည်လည်း ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်များ ထုတ်လုပ်ပြီး အာဆီယံနိုင်ငံများသို့ တင်ပို့ရန် အချက်အချာ နေရာအဖြစ် ထိုင်းနိုင်ငံကို အသုံးပြုကြသည်။
Source: https://asia.nikkei.com/