မော်တော်ယာဉ်ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံလျက်ရှိရာ ကျပ်သန်းပေါင်း သုံးသောင်းကျော် ရရှိ


ပြည်ပမှတင်သွင်းသော ယာဉ်များနှင့် ပြည်တွင်းထုတ်ကားများ ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံရာတွင် ကား ၁၈၉၄၃ စီးမှ ဝင်ငွေခွန်ကျပ်သန်းပေါင်း သုံးသောင်းကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါသည်။

ပြည်ပမှ အစီးလိုက်တင်သွင်းသည့်ကားများကို ၂၀၁၇ ခုနှစ်ပြည်တွင်းအခွန်အကောက် ဥပဒေအရ ဝယ်ယူသည့် ကားတန်ဖိုးအလိုက် အခွန်းစည်းကြပ်ခဲ့ရာ ကား ၁၈၉၄၃ စီးမှဝင်ငွေခွန်ကျပ်သန်းပေါင်း ၃၁၂၄၃ ဒသမ ၉၃ သန်းရရှိခဲ့သည်။

၂၀၁၇ အခွန်အကောက်ဥပဒေအရ မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ် ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံခြင်းကို ဧပြီလမှ စပြီးကောက်ခံပါသည်။

စလစ်ကပ်ကား၊ ကုမ္ပဏီပါမစ်ကားနှင့် ဖရီးပါမစ်ကားများကို အမျိုးအစားခွဲခြားပြီး ကောက်ခံပါသည်။

ယခုရက်ပိုင်းတွင် ဖြေလျှော့ပေးမည့် အခွန်အကောက် ဥပဒေသစ်ကို စောင့်ကြည့်နေသောကြောင့် ဝင်ငွေခွန်လာဆောင်သော ကားအစီးရေ နည်းပါးသွားခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မော်တော်ယာဉ်ဝယ်ယူမှုအပေါ် ဝင်ငွေခွန်ကောက်ခံခြင်းကို ယခင်နှစ်များက ကုမ္ပဏီပါမစ်နှင့် ဖရီးပါမစ်ကားများကိုသာ ကောက်ခံခဲ့ပြီး ၂၀၁၇ ခုနှစ်မှစ၍ စလစ်ကပ်ကားများကိုလည်း ကောက်ခံခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ မတ် ၁၂ ရက်အထိ ကုမ္ပဏီကား ၃၃၅၃ စီး၊ စလစ်ကပ်ကား ၄၈၁၆ စီးနှင့် ဖရီးပါမစ်ကား ၁၀၇၇၄ စီးတို့ကို အခွန်စည်းကြပ်ခဲ့ရာ ဝင်ငွေခွန် ကျပ်သန်းပေါင်း ၃၁၂၄၃ ဒသမ ၉၃ သန်း ရရှိခဲ့ကြောင်း သိရပါသည်။

Read 632 times