ကားဂီယာတွင်ဖြစ်ပေါ်လာတက်သော ပြဿနာ ဆယ်မျိုး


ကား၏ ဂီယာတွင် ဖြစ်တတ်သော ပြဿနာများကိုလည်း လေ့လာထားသင့်ပါသည်။


၁။ ချက်မီးလင်းခြင်း

ယခုနောက်ပိုင်းတင်သွင်းလာသော အဆင့်မြင့်ကားများတွင် အင်ဂျင်ချက်မီး (check engine light) လင်းလာပြီး ပြဿနာရှိသော နေရာကို အတိအကျဖော်ပြပေးနိုင်ပါသည်။ အချက်အလက်များကို ကွန်ပျူတာ ဆီပေးပို့ပြီး ကွန်ပျူတာ၏ အဆုံးအဖြတ်နှင့် အချက်ပြသတိပေးနိုင်ခြင်းဖြစ်ပါသည်။

 

၂။ အသံမြည်ခြင်း

ဂီယာကို အသုံးပြုသည့်အခါ ဂလောင်ဂလင်အသံ သို့မဟုတ် တစီစီမြည်သံနှင့် ညည်းညူသံလိုမျိုးများ ထွက်နေလျှင် ဂီယာစနစ်တွင် ပြဿနာရှိနေ၍ ဖြစ်ပါသည်။ ထိုအရာသည် ကားအမျိုးအစားအလိုက် ကွဲပြားသော ဂီယာစနစ်များအရ အသံထွက်ပုံ မတူညီနိုင်သောကြောင့် အမြန်ဆုံးကျွမ်းကျင်သူနှင့် ပြသပြီး စစ်ဆေးပြုပြင်ရပါမည်။

 

၃။ တုံ့ပြန်မှု ကင်းမဲ့ခြင်း

ဂီယာကို အသုံးပြုသည့်အခါ တုံ့ဆိုင်းခြင်း၊ ဂီယာပြောင်း၍မရခြင်းများ ဖြစ်တတ်ပါသည်။ အော်တိုဂီယာစနစ်တွင် တုံ့ ပြန်မှုကင်းမဲ့ခြင်းက တူညီပါသည်။ သိသာထင်ရှားသည်က park သို့မဟုတ် drive ကိုရွေးချယ်သည့်အခါတွင် ဂီယာစနစ်မှာ ပြဿနာရှိနေပြီဆိုခြင်းကို ညွှန်ပြနေခြင်းဖြစ်ပါသည်။

 

၄။ ဂီယာပြောင်း၍ မရခြင်း

ဂီယာကိုရပ်တန့်ထားရာက နံပါတ်(၁)ကို ပြောင်း၍မရခြင်း သို့မဟုတ် ရောက်ရှိနေသော နေရာမှထပ်ပြီး ပြောင်း၍မရခြင်းများကို မန်နျူရယ်ဂီယာများတွင် ကြုံရတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဂီယာဆီလျော့နည်းနေခြင်း ဖြစ်ရန်များပါသည်။ ဂီယာဆီကိုစစ်ဆေးပြီးအပြည့်ရှိနေသည်ဆိုလျှင် shift cables ဆက်စပ်ချိန်ညှိပေးသော ကြိုးတွေတွင် လိုအပ်ချက်ရှိနေခြင်း သို့မဟုတ် ကလပ်(clutch) ကွင်းဆက်တွင် ချို့ယွင်းချက်ရှိခြင်းများ ဖြစ်နိုင်ပါသည်။

 

၅။ ဂီယာလွဲချော်ခြင်း

အော်တိုဂီယာဖြစ်စေ၊ မန်နျူရယ်ဂီယာဖြစ်စေ၊ ဂီယာပြောင်းခြင်း လွဲချော် (slip)နေပြီဆိုလျှင် မောင်းနှင်နေစဉ်တွင် အရှိန်ထပ်မြင့်တင်ခြင်းများ မပြုလုပ်သင့်ပေ။ ဂီယာကို မူလနေရာပြန်ထားရပါမည်။ အန ္တရာယ်အလွန်များပါသည်။ ထို့ကြောင့် ဂီယာ slip ဖြစ်ခြင်းနှင့် အမြန်ဆုံးစစ်ဆေးပြုပြင်ရပါမည်။

 

၆။ ထိခိုက်မိသည့် အသံ

ဂီယာပြောင်းလိုက်သည့်အချိန် အသံထွက်လာခြင်းသည် ဂီယာစနစ်ချို့ယွင်းနေခြင်းကို အသိပေးလိုက်ခြင်းဖြစ်ပါသည်။ သတ်မှတ်ထားသော ဂီယာဆီအမျိုးအစားကို သုံးစွဲတာမျိုးမဟုတ်သည့်အတွက်ဖြစ်နိုင်ပါသည်။ သို့မဟုတ် ဂီယာစနစ်အတွင်း မက္ကင်းနစ်ပိုင်းဆိုင်ရာအစိတ်အပိုင်းများချွတ်ယွင်းခြင်းလည်း ဖြစ်နိုင်ပါသည်။

 

၇။  ကလပ်က တရွတ်ဆွဲနေခြင်း

မန်နျူရယ်ဂီယာမှာ ကလပ်နင်းလိုက်သည့်အခါ တရွတ်ဆွဲနေခြင်းမျိုး ဖြစ်တတ်ပါသည်။ ကလပ်နှင့် အချိတ်အဆက်လွတ်နေခြင်းဖြစ်၍ စိုးရိမ်စရာအနေအထားဖြစ်ပါသည်။ ဆက်သွယ်သောကြိုးနှင့် ကွင်းဆက်များတွင် ချို့ယွင်းချက်ရှိပြီး ကလပ်လွတ်နေခြင်း ဖြစ်နိုင်ပါသည်။ 

 

၈။ ကြိတ်ခြေတုန်ခါနေခြင်း

မန်နျူရယ်နှင့် အော်တိုဂီယာ နှစ်မျိုးစလုံးတွင် ပုံမှန်အလုပ်မလုပ်သောအချိန်များတွင် ဖြစ်တတ်ပါသည်။ ဂီယာကိုအသုံးပြုသည့်အခါ ပုံမှန်တုံ့ပြန်မှုများမရဘဲ မန်နျူရယ်ဂီယာတွင် အသုံးပြုသည့်အခါ ကြိတ်ခြေသည့် အသံများ ထွက်လာပါသည်။ ကလပ်ကိုအပြည့်နင်းသည့်အခါတွင်လည်း ထိုအသံများ ထွက်နေပါသည်။ ကလပ်နှင့် ဂီယာအစိတ်အပိုင်းများ ပြန်လည်ချိန်ညှိတပ်ဆင်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။

 

၉။ ဂီယာဆီ ယိုစိမ့်ခြင်း

ဂီယာဆီယိုစိမ့်ခြင်းသည် ဂီယာစနစ်ကို အထူးဂရုစိုက်စစ်ဆေးရန် လိုအပ်နေပြီဆိုခြင်းကို ညွှန်ပြနေခြင်း ဖြစ်ပါသည်။ အော်တိုဂီယာဆီက မည်းညစ်နေခြင်း၊ ညှော်နံ့ထွက်နေခြင်းဆိုလျှင် အသစ်လဲလှယ်ရပါမည်။ 

 

၁၀။ ညှော်နံ့ထွက်လာခြင်း

ဂီယာထဲက ညှော်နံ့ထွက်လာပြီဆိုလျှင် ဂီယာအပူလွန်ကဲခြင်းဖြစ်ပါသည်။ ဂီယာစနစ်တွင် ပါဝင်သော ဂီယာဆီသည် တောက်ပသော အနီရောင်ရှိပြီး သန့်ရှင်း၍ အနည်းငယ်မွှေးပျံ့သည့် အနံ့ရှိပါသည်။ ဂီယာဝိုင်လျော့ နည်းခြင်း၊ ဆီကမသန့်စင်တော့ဘဲ အညစ်အကြေးတွေများနေခြင်းက လောင်ကျွမ်းမှုဖြစ်ပြီး ညှော်နံ့ထွက်လာစေပါသည်။

 

ဂီယာစနစ်ချွတ်ယွင်းတော့မည်ဆိုခြင်းကို သတိပေးလိုက်ခြင်းဖြစ်ပါသည်။

 

 

Read 18053 times