Apollo ၏ ဟိုက်ပါကား အသစ်ကို တရုတ် ဈေးကွက်မှာပါ တင်ပို့နိုင်ရန် စဉ်းစားနေကြောင်း သိရပါသည်။
ဂျာမန် ကားကုမ္ပဏီကြီးသည် Intensa Emozione ဟိုက်ပါကားကို စုစုပေါင်း ၁၀ စီးသာ ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။
တစ်စီးကို ဒေါ်လာ ၂.၃ သန်း ဈေးသတ်မှတ်ထားသော ကားများကို သတ်မှတ်အရေအတွက်အတိုင်း ရောင်းချပြီးချိန်တွင် Apolloက လျှပ်စစ်ကား နည်းပညာဘက်ကို ဇောက်ချ ပြောင်းလဲရန် ရည်ရွယ်ထားပြီးသားဖြစ်ပါသည်။
Intensa Emozione ၏ ကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာ အစိတ်အပိုင်းများနှင့် အဓိက တည်ဆောက်ထားခြင်းကြောင့် မာကျော ခိုင်မာပြီး ပေါ့ပါးလွန်းပါသည်။
Apolloကို ဟောင်ကောင် သူဌေးကြီး နော်မန်ချွိုင်က ၂၀၁၄ တွင် ဝယ်ယူထားခြင်းကြောင့် တရုတ်ဈေးကွက်မှာပါ ကုမ္ပဏီထုတ် ဟိုက်ပါကား အသစ်ကို ရောင်းချရန် စိတ်ကူးနေခြင်း ဖြစ်ပါသည်။
Intensa Emozioneမှာ မြင်းကောင်ရေ ၇၈၀ အားထိရှိသော 6.3-litre V12 အင်ဂျင်ကို တပ်ဆင်ထားပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၀၈ မိုင်လောက်ထိ မောင်းနှင်နိုင်မည်ဟု ဆိုပါသည်။
လတ်တလောအချိန်တွင် Apolloက ထိုကားကို ဂျာမနီက လမ်းမတချို့တွင် လက်တွေ့ စမ်းသပ် မောင်းနှင်မှုများ စတင်နေကြောင်း သိရပါသည်။
Apollo သည် တရုတ်ဈေးကွက်တွင် ကားများ တင်ပို့ ရောင်းချနိုင်ရန်အတွက် မြို့ကြီး ၁၀ မြို့က အရောင်းပြခန်း ဝန်ဆောင်မှု ဌာနများနှင့် ချိတ်ဆက်ပြီးသားဟုလည်း သိရပါသည်။