Amazon ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ Robotaxi လမ်းမပေါ်မှာ စတင် စမ်းသပ်


 

အလိုအလျောက် မောင်းနှင်နိုင်တဲ့ မော်တော်ယာဥ်ထုတ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zoox က သူ့ရဲ့ Steering Wheel နဲ့ ယာဥ်မောင်းမပါတဲ့ ခရီးသည်ယာဥ်ဟာ California မှာ စမ်းသပ် မောင်းနှင်ခွင့် ရရှိခဲ့ပါတယ်။ ဒီလို မောင်းသူမဲ့ ခရီးသည်တင်ပြီး သွားလာနိုင်တဲ့ Robotaxi လို့ ခေါ်တဲ့ စနစ်က ကမ္ဘာ့သမိုင်းမှာ ပထမဆုံးဖြစ်ကြောင်း ပြောကာ ဂုဏ်ပြု ကြေညာခဲ့ပါတယ်။ 

 

Zoox ဟာ Amazon ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ မောင်းသူမဲ့ယာဥ်တွေကို အများပြည်သူသုံး လမ်းမများပေါ်မှာ စမ်းသပ်နေတဲ့ ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ပြိုင်ဘက်တွေဖြစ်တဲ့ Waymo ကုမ္ပဏီနဲ့ Cruise တို့လို စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် မောင်းသူမဲ့ယာဥ် အသစ်တစ်မျိုးကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ 

 

Robotaxi

 

ပြီးခဲ့တဲ့ အပတ်မှာ California ရဲ့ မော်တော်ယာဥ်ဌာနက Zoox ရဲ့ မော်တော်ယာဥ် စမ်းသပ်မောင်းနှင်ဖို့ ပါမစ် ကို ပြုပြင် ခွင့်ပြုပေးခဲ့ပြီး ကုမ္ပဏီဌာနချုပ်ရှိတဲ့ Foster City မှာ သတ်မှတ် ကန့်သတ်ထားတဲ့ နေရာအတွင်း စမ်းသပ် မောင်းနှင်ခွင့်ပြုခဲ့ပါတယ်။ 

 

Zoox ရဲ့  Founder နဲ့ CTO ဖြစ်တဲ့ Jesse Levinson ပြောကြားချက်အရ Robotaxi က လမ်းမပေါ်မှာ နှစ်မိုင်အကွာအဝေးကို ထပ်ခါထပ်ခါ မောင်းနှင်ခဲ့ပြီး ခရီးသည်တွေကိုလည်း တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Levinson က သူတို့ရဲ့ မော်တော်ယာဥ်က ပိတ်မိတာတွေ ရပ်သွားတာတွေအပြင် တခြားဘာပြဿနာမှ မရှိခဲ့ဘူးလို့ ဆက်လက်ပြောကြားခဲ့ပြီး ဒီလမ်းမပေါ်မှာ တခြားမော်တော်ယာဥ်တွေ လမ်းလျှောက် သွားလာသူတွေအပြင် စက်ဘီးတွေနဲ့ပါ ကြုံတွေ့ခဲ့ရပြီး မီးပွိုင့်တွေနဲ့ မီးပွိုင့်မရှိတဲ့ လမ်းဆုံတွေမှာပါ အရှိန်ကို တစ်နာရီ ၃၅ မိုင်နှုန်းအထိ တင်ပြီး စမ်းသပ်မောင်းနှင်ခဲ့တယ်လို့ ပြောပါတယ်။ 

 

လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းလည်း Google က လုပ်ငန်းသုံးအတွက် ထုတ်လုပ်ထားတဲ့ Firefly မော်တော်ယာဥ်တစ်စီးကို လမ်းမတွေပေါ်မှာ မောင်းနှင်ခဲ့ဖူးတဲ့အတွက် Zoox ရဲ့ သမိုင်းမှာ ပထမဆုံးဖြစ်တယ်လို့ ပြောကြားခဲ့မှုအပေါ် မေးခွန်းတွေ ထွက်လာခဲ့ပြီး Levinson က Google ရဲ့ ရှေ့ပြေးပုံစံယာဥ်က ဖက်ဒရယ်ရဲ့ ကာကွယ်ရေး စံချိန်စံညွန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် တစ်နာရီ ၂၅ မိုင်အထိပဲ အမြန်ဆုံးမောင်းနိုင်တာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် Google ရဲ့ Firefly က စီးပွားရေးအတွက် ထုတ်လုပ်တာမဟုတ်ပဲ မော်တော်ယာဥ် လေ့လာစမ်းသပ်မှု ပုံစံတစ်ခုသာဖြစ်တယ်လို့လည်း ထပ်မံ ပြောကြားခဲ့ပါတယ်။ 

 

Advertisement

Click Here >>> Biz Partner

 

ဒီ Zoox ရဲ့ Robotaxi က ဖက်ဒရယ်ရဲ့  မော်တော်ယာဥ် ကာကွယ်ရေးစံညွန်းတွေနဲ့ အလုံးစုံ ကိုက်ညီမှုရှိတဲ့အပြင် လမ်းမပေါ်မှာ တရားဝင်မောင်နှင်နိုင်ပြီး ခရီးသည်တွေအတွက် သက်သောင့်သက်သာ ရှိစေမယ့် စနစ်တွေလည်း ပါရှိတဲ့အကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ 

 

၂၀၂၀ ခုနှစ်မှာ Zoox ကို စတင် မိတ်ဆက်ခဲ့ပြီး သူ့ရဲ့ မောင်းသူမဲ့ မော်တော်ယာဥ်တွေကို Las Vegas က Seattle နဲ့ Bay Area တို့မှာ စမ်းသပ် မောင်းနှင်နေလျက် ရှိပါတယ်။ ဒါ့အပြင် Zoox ဟာ Toyota Highlander ကားတွေကို Sensor တွေ Camera တွေ တပ်ဆင်ပေးပြီး ပြန်လည် ပြုပြင်  အသုံးပြုနေပါတယ်။ 

 

Zoox က ကိုယ်ပိုင် မောင်းသူမဲ့ မော်တော်ယာဥ်တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Cruise ကတော့ General Motors က ပိုင်တဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး Cruise ကလည်း ဒီနှစ်အတွင်းမှာ သူ့ရဲ့ Origin လို့ ခေါ်တဲ့ မောင်းသူမဲ့မော်တော်ယာဥ်ကို စီးပွားဖြစ် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ 

 

ဒါပေမယ့်လည်း Steering Wheel မပါတဲ့ မော်တော်ယာဥ်တွေက လက်ရှိ မော်တော်ယာဥ် ကာကွယ်ရေး စံချိန်စံညွန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကုမ္ပဏီနှစ်ခုလုံးကတော့ ဖက်ဒရယ်အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်ဦးမှာ ဖြစ်ပါတယ်။

 

Source - The Verge

 

Read 188 times