အမေဇုံ အွန်လိုင်း ဒစ်ဂျစ်တယ် ကားအရောင်းပြခန်းတွင် ဟွန်ဒိုင်း ကားများ စတင်ရောင်းချတော့မည်


အမေဇုံ အွန်လိုင်း ဒစ်ဂျစ်တယ် ကားအရောင်းပြခန်းတွင် ဟွန်ဒိုင်း ကားများ စတင်ရောင်းချတော့မည်

Hyundai သည် နောက်နှစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် Amazon မှာ မော်တော်ယာဥ်များကို စတင်ရောင်းချ‌တော့မည်ဖြစ်သည်။


ဟွန်ဒိုင်းသည် လာမည့် ဇန်နဝါရီလတွင် Amazon စျေးဝယ်ပလက်ဖောင်းမှတစ်ဆင့် ၎င်း၏ မော်တော်ယာဉ်များ အားလုံး အပြည့်အစုံကို စတင်ရောင်းချမည်ဖြစ်ကြောင်း ကြေညာသည်။

အမေဇုံ လက်လီအရောင်း အွန်လိုင်း ပလက်ဖောင်းသုံးစွဲသူများအဖို့ ရင်းနှီးပြီးသား ဒစ်ဂျစ်တယ်ဝန်းကျင်အတွင်း ကားဝယ်ခြင်းကို အစမှ အဆုံးတိုင် ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အွန်လိုင်းတွင် ကားအသစ် ဝယ်ယူသည့် အတွေ့အကြုံအသစ်များ ပေးအပ်မည် ဖြစ်သည်။

ဟွန်ဒိုင်းမှ ပြောရေးဆိုရေး တာဝန်ခံက အစီအစဉ်ကို အရောင်းကိုယ်စားလှယ် ၁၈ ဦးဖြင့် စတင်မည်။ ၂၀၂၄ ဒုတိယနှစ်ဝက်တွင် အရောင်းကိုယ်စားလှယ်ဦးရေ ထပ်တိုးမည်ဟု ပြောကြားသည်။

အဆိုပါ အစီအစဉ်သည် ကားအသစ် ဝယ်ယူသူများအား ဆန်းသစ်သော အတွေ့အကြုံများ ပေးအပ်ရန် Hyundai နှင့် Amazon တို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

Amazon အနေဖြင့် အွန်လိုင်းမှာ ကားအသစ်များကို ပထမဆုံးအကြိမ် စတင်ရောင်းချခြင်း ဖြစ်ပြီး ဟွန်ဒိုင်းအနေဖြင့်လည်း အွန်လိုင်း လက်လီအရောင်းဆိုင်တွင် ကားများ ပထမဆုံးအကြိမ် စတင်ရောင်းချခြင်း ဖြစ်သည်။ 

 

Hyundai Motor Co.  စီအီးအို Jaehoon Chang သည် ကားထုတ်လုပ်သူအတွက် မယုံနိုင်လောက်စရာ အခွင့်အလမ်းများ ပွင့်လန်းစေသည်ဟု ပြောကြားသည်။
ဟွန်ဒိုင်းသည် လျှပ်စစ်ကားဆီသို့ ကူးပြောင်းနေစဉ် အီးဗီမော်ဒယ် အရေအတွက် တိုးချဲ့နေသည်။ အမေဇုံမှ ဒစ်ဂျစ်တယ် ကားအရောင်းပြခန်းသည် အရောင်းချန်နယ်တခု တိုးသွားခြင်းဖြစ်ပြီး အရောင်းကွန်ရက်ကို ကြီးထွားစေမည်ဟု ၎င်းက ပြောကြားသည်။

ဟွန်ဒိုင်းသည် အမေဇုံ ဒစ်ဂျစ်တယ် ကားအရောင်းပြခန်းကို အဦးဆုံး သုံးစွဲသူ ဖြစ်လာမည်။ 

ယခုလို အွန်လိုင်းမှာ အရောင်းဖွင့်သော်လည်း မြေပြင်မှ အရောင်းကိုယ်စားလှယ်များသည် အရေးပါသည့်ကဏ္ဍမှာ ဆက်ရှိနေမည်ဟု ဟွန်ဒိုင်းက ပြောကြားသည်။ 

ဟွန်ဒိုင်းသည် အမေဇုံ၏ Alexa ကို ၂၀၂၅ ခုနှစ်မှစ၍ ကားများတွင် သုံးစွဲရန် စီစဉ်ထားသည်။ ကားပေါ်ပါသူက နှုတ်မိန့်ဖြင့် Alexa ကို စေခိုင်းနိုင်မည်။ အမေဇုံ ဝဘ်ဆိုက်မှ သီချင်းများ နားဆင်နိုင်မည်။ အသံစာအုပ်များမှ စာဖတ်သံကို နားဆင်နိုင်မည်။ မေ့မနေအောင် အချိန်ကျရင် သတိပေးဖို့ စေခိုင်းနိုင်မည်။ လုပ်စရာရှိသည့် အလုပ်များ စာရင်းတေးမှတ်ထားပြီး သတိပေးခိုင်းနိုင်မည်။ 
Alexa က လက်ရှိ ဖြစ်ပေါ်နေသည့် ယာဉ်‌အသွားအလာ အခြေအနေများ၊ ရာသီဥတု အခြေအနေများကို အသိပေးမည်။ 


အမေဇုံသည် ကားအရောင်း လုပ်ငန်းကဏ္ဍထဲသို့ တဖြည်းဖြည်း တိုးဝင်လာခဲ့သည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။
အမေဇုံ ဝဘ်ဆိုက်တွင် ဒစ်ဂျစ်တယ် ပြခန်း ခင်းကျင်းပြသထားသည်။
အရောင်းမပါ ကားများကို အပြသက်သက် ပြသထားသည်။ ကြည့်ရှုလေ့လာရန်အတွက်သာ ဖြစ်သည်။ ကားမော်ဒယ်များကို နှိုင်းယှဉ်ကြည့်ပြီး ရွေးချယ်နိုင်မည် ဖြစ်သည်။

အမေဇုံ ကားပြခန်းသို့ သွားရန် ပုံကို ထိပါ

 


၂၀၂၄ နှစ်ဆန်းတွင် ကားပြခန်းကို ကားအရောင်းပြခန်းအဖြစ်သို့ အဆင့်မြှင့်တင်မည် ဖြစ်သည်။ ထိုအခါ အရောင်းပြခန်းမှ တဆင့် ကား ဝယ်ယူနိုင်မည်။ 
နေရာဒေသတခုအရ ရနိုင်မည့် ကားများကို ပြသပေးမည် ဖြစ်သည်။ ဝယ်ယူသည့်ကားကို ၎င်းနေရာဒေသမှ အရောင်းကိုယ်စားလှယ်ထံမှာ ကားကို ရယူရမည် ဖြစ်သည်။

အမေရိကန်မှ ပြည်နယ် အများအပြားတွင် ကားထုတ်လုပ်သူက ကားဝယ်စီးသူကို ကားတိုက်ရိုက် ရောင်းချခြင်း မပြုရဟု ဥပဒေပြဋ္ဌာန်းပြီး တားမြစ်ထားသည်။ ကားအရောင်းကိုယ်စားလှယ်များမှ တဆင့်သာ ရောင်းချခွင့် ရှိသည်။

Tesla , Rivian အစရှိသည့် အီးဗီ ထုတ်လုပ်သူတို့သည် ကုမ္ပဏီ ဝဘ်ဆိုက်မှာ ဝယ်ယူသူများကို တိုက်ရိုက် ရောင်းချကြသည်။ ထိုအရောင်းအဝယ်များကို ကားထုတ်လုပ်သူမှ ကားဝယ်ယူသူထံ တိုက်ရိုက်ရောင်းချရန် ခွင့်ပြုထားသည့် ပြည်နယ်တွင် လုပ်ဆောင်သည်ဟု မှတ်တမ်းတင်ပြီး လက်တလုံးခြား ရှောင်ကွင်းပြီး ရောင်းချကြသည်။ဥပနာ မီရှီဂန်ပြည်နယ်တွင် အရောင်းအဝယ် လုပ်သည်ဟု မှတ်ယူစေမည် ဖြစ်သည်။ 

တပတ်ရစ်ကားများ ရောင်းချခြင်းသည် ကုမ္ပဏီမှ တိုက်ရိုက်ရောင်းချခြင်း မဟုတ်သဖြင့် ဥပဒေတားမြစ်ချက်မှ လွတ်ကင်းသည်။ သို့ဖြစ်ရာ အီးဗီ ထုတ်လုပ်သည့်  Carvana သည် ကားကို အမည်ပေါက် အရောင်းပြလိုက်ပြီး အုံနာရှိပြီးသား ကား preowned car အဖြစ်သို့ အရင် ရောက်ရှိစေပြီးမှ ကားအသစ်မှာကြားထားသူများကို ရောင်းချပေးသော နည်းလမ်းဖြင့် လက်တလုံးခြား ရှောင်ကွင်းပြီး ရောင်းချကြပါသည်။


Source cnbc
 

Read 400 times