Alfa Romeo နှင့် Lamborghini စင်ကာပူမှာ ခရစ္ပတိုဖြင့် ဝယ်ယူနိုင်
တန်းမြင့် အိမ်စီးပြိုင်ကား Lamborghini နှင့် Alfa Romeo မော်ဒယ်များကို ခရစ္ပတိုငွေကြေးဖြင့် စင်ကာပူတွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။
အဆိုပါကား brand များကို စင်ကာပူတွင် ဖြန့်ချိသည့် EuroSports Global က ခရစ္ပတိုဖြင့် ပေးချေခြင်းကို လက်ခံကြောင်း ဧပြီလ ၁၈ ရက် တနင်္လာနေ့က အသိပေးကြေညာခဲ့ပါသည်။
ခရစ္ပတိုငွေကြေးများသည် နိုင်ငံနယ်နိမိတ်မဲ့ ငွေပေးငွေယူ ပြုကြသဖြင့် ဘဏ်စရိတ်စက သက်သာစေသည်။ နိုင်ငံနယ်နိမိတ် ဖြတ်ကျော် ပေးချေခြင်း ပြုရန် လွန်စွာလွယ်ကူသည်။ လွယ်လင့်တကူ သုံးစွဲနိုင်သော ခရစ္ပတိုငွေကြေးဖြင့် ပေးချေနိုင်ပြီး အလိုက်သင့် ဝန်ဆောင်မှုပေးသော ငွေပေးချေစနစ်များ ခေတ်ရေစီးကြောင်း ဖြစ်နေသည်ကို အသုံးပြုနိုင်အောင် စီစဉ်ပေးခြင်း ဖြစ်သည်။
EuroSports Global နှင့် ၎င်း၏လက်အောက်ခံလုပ်ငန်းများသည် ဒစ်ဂျစ်တယ်ငွေပေးချေခြင်းများကို ခရစ္ပတိုငွေကြေးများ ဖြစ်သော Bitcoin, Ethereum, USDT နှင့် USDC တို့ဖြင့် ပေးချေနိုင်စေရန် ငွေပေးချေရေး ဝန်ဆောင်မှုလုပ်ငန်း Fomo Pay နှင့် လက်တွဲထားကြသည်။
အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေးကို စင်ကာပူ ဗဟိုဘဏ်က ထိန်းကျောင်းပေးထားခြင်း မပြုချေ။ သို့ဖြစ်ရာ တန်ဖိုးအတက်အကျ အလွန်ကြမ်းသည်။ Bitcoin သည် ပြီးခဲ့သည့်လတွင် ၃ လတာကာလတွင် တန်ဖိုးအမြင့်မားဆုံးစံချိန်သစ်သို့ ရောက်ခဲ့သည်။ အမေရိကန်ဒေါ်လာ ၄၈,၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့တွင် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ အောက်သို့ ကျဆင်းနေခဲ့သည်။ အင်္ဂါနေ့တွင် အမေရိကန်ဒေါ်လာ ၄၁,၀၀၀ ဝန်းကျင်တွင် ရှိနေခဲ့သည်။
အကယ်၍ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ရောင်းဈေး သတ်မှတ်ထားသည့် Alfa Romeo အိမ်စီးပြိုင်ကားတစ်စီးကို ပြီးခဲ့သည့်လက Bitcoin ဖြင့် ဝယ်ယူမည်ဆိုပါက ၃.၈၁ Bitcoin ပေးရမည်ဖြစ်ပြီး ယခုသီတင်းပတ်တွင် ဝယ်ယူမည်ဆိုပါက ၄.၅၇ Bitcoin ပေးရမည်ဖြစ်သည်။
Fomo Pay ထူထောင်သူ စီအီးအို Louis Liu က The Straits Times သတင်းမီဒီယာသို့ ပြောကြားခဲ့သည်မှာ လုပ်ငန်းအနေဖြင့် MAS ထံမှ ဒစ်ဂျစ်တယ်ငွေပေးချေမှု တိုကင် လိုင်စင်ကို ၂၀၂၁ စက်တင်ဘာလတွင် ရရှိခဲ့သည်။ အရောင်းအဝယ် ငွေပေးချေမှုများကို ခရစ္ပတိုငွေကြေးဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ကားအရောင်းအဝယ်များလည်း အပါအဝင်ဖြစ်သည်။
စင်ကာပူငွေကြေး အာဏာပိုင် Monetary Authority of Singapore (MAS) က ခရစ္ပတိုဖြင့် ရောင်းဝယ်ခြင်းများသည် ဆုံးရှုံးနိုင်သည့် အန္တရာယ် ကြီးမားလွန်းနေပြီး အများပြည်သူ သုံးစွဲရန်မသင့်ဟု သတိပေးထားသည်။
ဈေးအတက်အကျကြမ်းသော်လည်း ခရစ္ပတိုဖြင့် ပေးချေခြင်းကို လက်ခံသည့် ကုန်သည်များ ပိုများလာနေသည်။
ဈေးအမြင့်တန်းမှ ကားများ၊ စူပါအိမ်စီးပြိုင်ကားများ အရောင်းကိုယ်စားလှယ် F1 Auto Cars သည်လည်း ခရစ္ပတိုငွေကြေးဖြင့် ကားဖိုး ပေးချေသည်ကို လက်ခံပေးသည်ဟု သိရပါသည်။