ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်မောင်းဦးရေနှစ်ရာကျော်ကို Alcohol Tester ဖြင့်စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မန္တလေး-ပြင်ဦးလွင် အတက်လမ်း၊ ကျောက်ချော်ကျေးရွာ ၁၆ မိုင်စစ်ဆေးရေးဂိတ်အနီး မြင်းခြံမြို့၊ ဒဏ္ဏာရီလမ်းဆုံ၊ ညောင်ဦးမြို့၊ ပုဂံ ရွှေပြည်ကားဝင်း၊ ပြင်ဦးလွင်မြို့၊ စံပြလမ်းဆုံနှင့် မင်းသုံးပါးရှေ့တို့တွင်ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းဦးရေ ၂၄၅ ဦးကို Alcohol Tester ဖြင့်စစ်ဆေးအရေးယူခဲ့ကြောင်းသိရသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေးကောင်စီ (NRSC) ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဦးစားပေးဖော်ဆောင်မည့် အရက်သေစာသောက်စားမူးယစ်၍ မော်တော်ယာဉ်မောင်းနှင်းခြငးမရှိစေရေး ဟူသောအစီအမံကို အကောင်အထည်ဖော်ဆောင်ရွက်ရန် Alcohol Tester များဖြင့် စစ်ဆေးခြင်း လုပ်ငန်းစဉ်များပါရှိခဲ့ကြောင်း သိရသည်။
အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးဖော်ဆောင်ရမည့် လုပ်ငန်း အစီအမံလေးပါရှိပြီး Alcohol Tester ဖြင့်စစ်ဆေးရန်လုပ်ငန်းစဉ်သုံးရပ်ပါရှိကြောင်းသိရသည်။
အများပြည်သူဆိုင်ရာ နေရာတွင် မူးယစ်ဆေးဝါး၊ သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲ၍သော်လည်းကောင်း၊ အရက်သေစာသောက်စားမူးယစ်၍ သော်လည်းကောင်း မော်တော်ယာဉ် မောင်းနှင်ခြင်းပြုလုပ်ပါက မော်တော်ယာဉ်ဥပဒေပုဒ်မ-၄၉ အရ တရားခံကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ် နိုင်ကြောင်း သိရသည်။