ဘက်ထရီသုံး အီးဗီ အကန့်အသတ် ရှိမည်ဟု တိုယိုတာ အကြီးအကဲ ပြောကြား


ဘက်ထရီသုံး အီးဗီ အကန့်အသတ် ရှိမည်ဟု တိုယိုတာ အကြီးအကဲ ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Toyota Motor Corp ဥက္ကဋ္ဌ Akio Toyoda က ဘက်ထရီ လျှပ်စစ်ကားများ၏ စျေးကွက်ဝေစုသည် အများဆုံး ၃၀% အထိသာ ရှိလာမည်ဟု ယူဆကြောင်း ပြောကြားခဲ့ပါသည်။  ကျန်သည့် ကားများသည် ဟိုက်ဘရစ်များ၊ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်နှင့် လောင်စာဆီသုံးကားများ ဖြစ်မည်ဟု သူက ဆိုသည်။ 

 

ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာသည် လျှပ်စစ်မီးမရှိဘဲ နေထိုင်နေကြသဖြင့် ဈေးကြီးသော လျှပ်စစ်ကားများ  ထုတ်လုပ်ပြီး သုံးစွဲခိုင်းခြင်းသည် လူအများတို့၏ ရွေးချယ်မှုနှင့် ခရီးသွားနိုင်မှုကို ကန့်သတ်ခြင်း ဖြစ်နေပြီး ၎င်းသည် အဖြေမဟုတ်ဟု တိုယိုတာ တည်ထောင်သူ၏ မြေးဖြစ်သူ အကီယို တိုယိုဒါက ပြောကြားသည်။ 

 

"စည်းမျဉ်းဥပဒေများ၊ နိုင်ငံရေးတို့ဖြင့် လျှပ်စစ်ကား သုံးဖို့ ဆုံးဖြတ်ချက် မချသင့်ပါဘူး။ ကားဝယ်စီးကြမယ့်သူတွေကသာ ဆုံးဖြတ်ချက် ချသင့်ပါတယ်" ဟု သူက ပြောသည်။

 

ကားများ ကမ္ဘာ့အများဆုံး ရောင်းချသည့် တိုယိုတာသည် လျှပ်စစ်ကားဆီသို့ ကူးပြောင်းရာတွင် နောက်ကျကျန်ရစ်သည့်အတွက် ဝေဖန်ခံနေရသည်ကို တုံ့ပြန်ပြောကြားလိုက်ခြင်း ဖြစ်သည်။ တိုယိုတာသည် ဟိုက်ဘရစ်၊ ဟိုက်ဒရိုဂျင်နည်းပညာတို့ကို လမ်းသစ်ဖောက်ကြောင်း၊ အလုံးစုံသော ချဉ်းကပ်မှုသည် စီးပွားရေးလုပ်ငန်း၊ ကားစီးသူများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် မှန်ကန်သောချဉ်းကပ်မှုဖြစ်ကြောင်း နောက်ဆုံးတွင် သက်သေပြမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ယခုလအစောပိုင်းတွင် တိုယိုဒါသည် လောင်စာဆီသုံး အင်ဂျင်အသစ်များကို တီထွင်ရန် အစပျိုးလုပ်ဆောင်ကြောင်း ကြေညာခဲ့သည်။

"အင်ဂျင်တွေ ဆက်ရှိနေမှာ သေချာတယ်" ဟု တိုယိုဒါက ပြောကြားသည်။ ထိုသို့ ဆက်ရှိနေသည်မှာ လက်ရှိ အင်ဂျင်ကားများ လက်ကျန်အဖြစ် ဆက်ရှိနေခြင်း ထိုသို့မဟုတ်လျှင် အသစ် ထပ်ထုတ်သည့် အင်ဂျင်ကားများ လမ်းများပေါ်တွင် ဆက်ရှိနေခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရချေ။ 

 

BloombergNEF မှ မကြာသေးခင်က ကြိုတင်ခန့်မှန်းခဲ့သည်မှာ ၂၀၄၀ ခုနှစ်တွင် ကားအမျိုးမျိုး အသစ်ရောင်းအားတွင်  ၇၅% သည် အီးဗီများ ဖြစ်မည်ဖြစ်ပြီး အိမ်စီးကား အသစ်များ ရောင်းအားတွင် ၄၄% သည် အီးဗီများ ဖြစ်မည်။

 

ကားဝယ်စီးကြသူများ အနေဖြင့်  ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အမျိုးအစားကို ရွေးချယ်နိုင်သင့်သည်ဟု Toyoda က ပြောကြားလေ့ရှိသည်။ သို့ဖြစ်ရာ အီးဗီအပြင် အခြားနည်းလမ်းများလည်း ပါဝင်သည့်  "ဘက်စုံလမ်းကြောင်း ချဉ်းကပ်နည်း" ကို နှစ်ပေါင်းများစွာ ကြွေးကြော်ခဲ့သည်။ အီးဗီ အပြောင်းအရွှေ့သည် လူအများထင်သလောက် မြန်မြန်ဆန်ဆန် ဖြစ်မလာဟု သူက စောဒကတက်သည်။

လွန်ခဲ့သည့်နှစ်တွင် တိုယိုတာ အမှုဆောင်အရာရှိချုပ် Koji Sato က ကုမ္ပဏီသည် ၂၀၁၆ ခုနှစ်တွင် တစ်နှစ်လျှင် ဘက်ထရီသုံး အီးဗီ အစီးရေ ၁.၅ သန်း၊ ၂၀၃၀ ခုနှစ်တွင် ၃.၅ သန်း ထုတ်လုပ်ရောင်းချသွားမည်ဟု ကတိပြုခဲ့သည်။

 

တိုယိုတာသည် ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် စံချိန်တင် ကားအစီးရေ ၁၀.၃ သန်း ထုတ်လုပ်ရန် စီစဉ်ထားကြောင်း မကြာသေးမီက ၎င်းထံ ပစ္စည်းပေးသွင်းသူများကို အသိပေးခဲ့သည်။ ချစ်ပ် မလုံလောက်မှု မရှိတော့ခြင်းနှင့် တိုယိုတာဟိုက်ဘရစ်ကားများ အဝယ်လိုက်နေခြင်းတို့ကြောင့် အစီးရေ တိုးမြှင့် လျာထားလိုက်ခြင်း ဖြစ်သည်။ 

 

မကြာသေးမီက လျှပ်စစ်ကား ရောင်းအား ကြီးထွားနှုန်း နှေးကွေးမှုကြောင့် GM၊ Ford နှင့် Volkswagen တို့သည် အီးဗီအတွက် ရည်မှန်းချက် ကြီးမားသော လျာထားချက်များကို ဆိုင်းငံ့ထားလိုက်ကြပြီး နောက်ပြန်ဆုတ်သွားကြသည်။

အထူးသဖြင့် အမေရိကန်ကားဈေးကွက်တွင် ဟိုက်ဘရစ်ကားများ ရောင်းအား ခိုင်မာနေသည်။ အများစုသည် လျှပ်စစ်ကားစစ်စစ် ပြောင်းစီးရန် အသင့်မဖြစ်ကြသေးချေ။ သို့သော် တိုယိုဒါက အီးဗီများ ၃၀ ရာခိုင်နှုန်းအထိသာ တွင်ကျယ်နိုင်မည်ဟု ပြောဆိုခြင်းအတွက် အီးဗီကို အားသန်းသူများအကြား ဝေဖန်မှုများ လှိုင်းထသွားစေခဲ့ပါသည်။ 

 

Source reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 187 times