မိမိကိုယ်တိုင်ကားလေစစ်လဲလှယ်ပါက သိသင့်သည့်အချက်များ


ကားတစ်စီး၏လေစစ်ဆိုသည်မှာ စျေးမကြီးသကဲ့သို့ ထိန်းသိမ်းပြုပြင်ရသော အပိုင်းမှာလည်း လွယ်ကူလှပါသည်။

သို့သော် ကားအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

လေစစ်မရှိပါက ကားအတွင်းကို ရှိုက်သွင်းလိုက်သော လေများမှတစ်ဆင့် အင်ဂျင်ထဲကို လေနှင့်အတူ အမှိုက်များ ဝင်ရောက်သွားစေနိုင်ပါသည်။

လေစစ်တွင် ဖုန်မှုန့်နှင့် အမှိုက်များ ပိတ်နေလျှင် အင်ဂျင်ထဲသို့ လေဝင်ရောက်မှုအားနည်းစေပြီး အင်ဂျင်အရုန်းအစွဲ ကျစေပါသည်။

ထိုကြောင့် ကားတစ်စီ၏လေစစ် ဆေးကြောလဲလှယ်ခြင်းများလုပ်ဆောင်ရန်အတွက် ကားဆားဗစ်သို့ မကြာခဏသွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင်ဆေးကြောနိုင်မည့် နည်းလမ်းများကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါသည်။

အဆင့်(၁)

မိမိကားနှင့်ကိုက်ညီသော လေစစ်၊ ကားထုတ်လုပ်သူမှ ညွန်ပြပေးထားသော လေစစ် အသစ်တစ်ခုကို ကားပစ္စည်းအရောင်းဆိုင်များတွင် ရွေးချယ်ဝယ်ယူရပါမည်။

ထိုအခါ ကားလေစစ်၏ မူလအနေအထားကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

အဆင့်(၂)

ဒုတိယအဆင့်တွင် မြေပြင်ညီနေရာတွင် ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P ၌ ထားရမည်။

မန်နျူရယ်ဆိုပါက ပထမဆုံးဂီယာတွင်ထားရပါမည်။

အဆင့်(၃)

တတိယအဆင့်တွင် ကားဘောနက်ဖုံးကိုဖွင့်ပြီး သေချာရန်ဒေါက်ထောက်၍ လေစစ်ဘူးကိုရှာရမည်။

လေစစ်ဘူးအဖုံးကလစ်များကို ဖြုတ်ထုတ်ပြီး အဖုံးကို ဖယ်ထုတ်၍ လေစစ်ကိုထုတ်ယူရပါမည်။

အဆင့်(၄)

လေစစ်အသစ်နှင့် ကားထဲမှ လေစစ်ကို နှိုင်းယှဉ်ကြည့်ပါက လေစစ်အဟောင်းတွင် ကပ်နေသော အမှိုက်များနှင့် ဖုန်မှုန့်များ မည်မျှများနေသည်ကို သိရှိနိုင်ပါမည်။

ဆေးကြော၍ရနိုင်မည် သို့မဟုတ် အသစ်လဲလှယ်ရမည်ကို  အမြင်ဖြင့် အရင်ဆုံးဖြတ်၍ အသစ်လဲလှယ်သင့်ပါက လဲလှယ်ရပါမည်။

အဆင့်(၅)

ဆေးကြော၍ရမည့်အခြေအနေဖြစ်ပါက ဖွင့်ထားသောလေစစ်ထည့်ထားသည့်ဘူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနှင့် ဝေးသောနေရာသို့ယူသွားရမည်။

အဆင့်(၆)

လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သာပြီးနောက် လေမှုတ်စက်မှ အားအသင့်တင့်ရှိသော လေမှုတ်အားဖြင့် ရှေ့နောက် တစ်ဖက်ချင်းကို မှုတ်ထုတ်ရပါမည်။

လေစစ်က ဖုတ်မှုန့်နှင့် အမှိုက်များ ကင်းစင်သွားပါက မူလအရောင်နီးပါး ပြန်ဖြစ်လာနိုင်ပါသည်။

အဆင့်(၇)

သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်သော ပုံစံအတိုင်း လေစစ်ကို ပြည်လည်တပ်ဆင်ပေးရပါမည်။

လေစစ်ဘူးအဖုံး ကလစ်များကိုလည်း သေချာရန် ချိန်ပြီးမှ ပြန်ပိတ်ရပါမည်။

ဘောနက်ကိုလည်း သေချာဖုံအုပ်ပြီး ပိတ်ပေးရပါမည်။

လေစစ်တစ်ခုကို လဲလှယ်ခြင်း၊ ဆေးကြောခြင်းများလုပ်ဆောင်ရန်အတွက် သတ်မှတ်ထားသော ခရီးမိုင်အကွာအဝေး သတ်မှတ်ချက်များလည်းရှိပါသည်။

ကားထုတ်လုပ်သူများကလည်း ကားအမျိုးအစားအလိုက် သတ်မှတ်ပေးထားခြင်းများလည်းရှိပါသည်။

ယေဘူယျအားဖြင့် ကားလေစစ်ကို စစ်ဆေးပြီး လဲလှယ်ခြင်း၊ ဆေးကြောခြင်းများကို အနည်းဆုံး ကီလိုငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုုပြီးတိုင်း စစ်ဆေးပေးသင့်ပါသည်။

သို့သော် ဖုန်ထူထပ်သော နေရာများဘက်သို့ ခရီးထွက်ပါက အခြေအနေပေါ်တွင်မူတည်၍ ၂ရက် ၃ရက်တစ်ခါ စစ်ဆေးပေးသင့်ပါသည်။

 

Read 1799 times