၁၉၉၂ ခုနှစ်တွင် ဘေးမှထိုင်စီးသူ အတွက်လေအိတ် (Passanger Airbag) များကိုပါ တပ်ဆင်နိုင်ခဲ့ကြပါသည်။
ယခုအခါတွင် ဘေးကာလေအိတ် (Side Airbag)၊ ဘေးတံခါးပြတင်းပေါက်လေအိတ်(Curtain Airbag)၊ ခြေထောက်ပိုင်းလေအိတ် (Knee Airbag) စသည်တို့ကို အဆင့်ဆင့်တိုးတက်ကာ ကားအမျိုးအစားပေါ် မူတည်၍ တပ်ဆင်နိုင်ခဲ့ပြီဖြစ်ပါသည်။
ယခုခေတ်ကားများတွင် နိုင်ငံတကာအစိုးရတော်တော်များများတွင် ယာဉ်မောင်းလေအိတ်ကို မဖြစ်မနေ ထည့်သွင်းတပ်ဆင်ပေးရန်သတ်မှတ်ပြဌာန်းထားပါသည်။
လေအိတ်တပ်ဆင်ထားသော ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ရာတွင် အသက်ကယ်လေအိတ် ပွင့်ရန်အတွက် အရေးကြီးဆုံးအချက်မှာ SRS လေအိတ်စနစ်ပိုင်း ပုံမှန်ရှိနေရန် လိုအပ်ပါသည်။
လေအိတ်စနစ်ပိုင်း ပုံမှန်ရှိရန်အတွက်ကားစက်နိုးပြီးချိန်တွင် လေအိတ်ပုံမီးအနီလေး မလင်းနေရန် လိုအပ်ပါသည်။
လေအိတ်ပုံမီးအနီလေး လင်းနေပါက လေအိတ်စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသဖြင့် ယာဉ်မတော်တဆဖြစ်ပွားပါက အသက်ကယ်လေအိတ် အလုပ်လုပ်မည်မဟုတ်သဖြင့် လေအိတ်မပွင့်နိုင်ပါ။
လေအိတ်ပုံမီးလေး မလင်းနေမှသာSRS အသက်ကယ်လေအိတ်စနစ် အလုပ်လုပ်မည်ဖြစ်ပြီး လေအိတ်ပွင့်နိုင်မည်ဖြစ်ပါသည်။(မှတ်ချက်။ လေအိတ်မီးအား ကျော်ခွထားသော ကားများမပါ)
မော်တော်ယာဉ်မတော်တဆဖြစ်ချိန်တွင် အသက်ကယ်လေအိတ် ပွင့်ထွက်ကာ အလုပ် လုပ်စေရန် ထိန်းချုပ်ပေးသော အဓိက အရာများမှာ အင်ဂျင်ကွန်ထရိုးဘောက် ECU (Engine Control Module)၊ အရှိန်တိုင်းကိရိယာ (Accelerometer)၊ ယာဉ်တိုက်မှုအရှိန်အကျိုးသက်ရောက်မှု ဆင်ဆာ (Impact Sensor)၊ ဘေးဘက်ထိခိုက်မှုအာရုံခံဆင်ဆာ(Side door Pressure Sensor)၊ ဘီးအရှိန်နှုန်းတိုင်းဆင်ဆာ(Wheel Speed Sensor)၊ ယာဉ်တည်ငြိမ်မှုအာရုံခံဆင်ဆာ(Gyroscopes Sensor)၊ ဘရိတ်အာရုံခံဆင်ဆာ(Brake Pressure Sensor)၊ ထိုင်ခုံအာရုံခံဆင်ဆာ (Seat Occupancy Sensor) စသော ဆင်ဆာများပေါ်မှထိန်းချုပ်ကာ လေအိတ်အလုပ်လုပ်စေခြင်း ဖြစ်ပါသည်။
အင်ဂျင်ကွန်ထရိုးဘောက်နှင့် အရှိန်နှုန်းတိုင်း ကိရိယာတို့မှ ကားအမှန်တကယ် မောင်းနှင်နေသည်ဟုတ် မဟုတ်ကို ဘီးများမှ ပေးပို့သောအရှိန်နှုန်းတိုင်းကိရိယာများ ထံမှရယူကာ အတည်ပြုပြီး ယာဉ်တိုက်မှု ဖြစ်ချိန်တွင် Impact Sensor မှပေးပို့သော သက်ရောက်မှု့အရှိန်၊ G Sensor မှပေးပို့သော ယာဉ်တုန်ခါမှုနှင့် မတည်ငြိမ်မှုဘရိတ်ဆင်ဆာမှ ရုတ်တရက်နင်းလိုက်သော အရှိန်နှုန်း တို့ပေါ်မူတည်ကာ ထိုင်ခုံ အာရုံခံ ဆင်ဆာမှ မည့်သည့်ထိုင်ခုံတွင် လူစီးနင်းလိုက်ပါသည်ကို အချက်ပေးကာ လူရှိသောထိုင်ခုံတွင် လေအိတ်များကို ယာဉ်တိုက်မှု အခြေအနေကိုလိုက်ကာ ပွင့်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။
နောက်ဆုံး လေအိတ်ပွင့်ပေးရန် ဆုံးဖြတ်ချက်ကို အထက်ပါ အချက်အလက်များမှ ရယူကာ SRS Control စနစ်မှ ဆုံးဖြတ်ပေးပါသည်.
အချို့ကားများတွင် လုံခြုံရေးခါးပတ်(Safe Belt) ပတ်ထားမှသာ လေအိတ်ပွင့်ပေးသော်လည်း အချို့ကားမော်ဒယ်များတွင်တော့ ထိုင်ခုံခါးပတ် မပတ်ထားသည့်တိုင် လေအိတ်ပွင့်ပေးသော်လည်း ထိုင်ခုံခါးပတ်မှာ ကားပေါ်စီးနင်းလိုက်ပါသူတိုင်း မောင်းနှင်သူတိုင်းသည် ထိုင်ခုံခါးပတ်ကို မဖြစ်မနေ ပတ်ထားရန်လိုအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆဖြစ်ချိန်တွင် စီးနင်းလိုက်ပါလာသူအား လွင့်မထွက်သွားစေရန် ရှေ့ရှိအရာဝတ္ထုများနှင့် ခေါင်းမျက်နှာတို့နှင့် မတိုက်မိစေရန် ကာကွယ်ပေး သည့်အပြင် လေအိတ်ပွင့်ထွက် လာချိန်တွင်လည်း ခါးပတ်ပတ်မထားပါက လေအိတ်ပွင့်ထွက်သောအရှိန်နှင့် လူမှလည်း ရှေ့သို့ထွက်သွားသော အရှိန်တို့ပေါင်းဆုံကာ နှလုံးထိခိုက်ကာအသက်ဆုံးရှုံးကြ ရသည်အထိ ဖြစ်ပွား တတ်ပါသည်။
SRS ထိန်းချုပ်စနစ်မှ လေအိတ်ပွင့်စေရန်နောက်ဆုံး ဆုံးဖြတ်ချက်ပေးရခြင်းမှာ သတ်မှတ်ထားသော အရှိန်မဟုတ်ဘဲ လေအိတ်မပွင့်စေရန်နှင့် လေအိတ်၏ အာရုံခံဆင်ဆာတစ်ခုဖြစ်သော Impact Sensor အားထုမိ ရိုက်မိပါကလေအိတ်မပွင့်စေရန် အတွက်နှင့် အမှန်တကယ် ယာဉ်မတော်တဆမှုဖြစ်သောအချိန်နှင့် သတ်မှတ်အရှိန်နှုန်းသို့ရောက်မှသာ လေအိတ်ပွင့်စေရန် အတွက်ဖြစ်ပါသည်။
မော်တော်ယာဉ်များသည် အမျိုးအစားကိုလိုက်ကာ ကီလို ၂၀ မှ ၃၀ အောက်ယာဉ်တိုက်မှုများတွင် လေအိတ်မပွင့်ပေးကြသည်လည်း ရှိပါသည်။
မိမိကားသည် ကီလို ၂၀ မှ ၃၀ အတွင်းသာ မောင်းနှင်လာသော်လည်း အခြားတစ်ဘက်မှ ဝင်ရောက်တိုက်မိသော ကားအရှိန်သည် အလွန်ပြင်းထန်ပါက Impact Sensor ၏ ထိခိုက်မှု အရှိန်အကျိုးသက်ရောက်မှုနှင့် G sensor ၏ တုန်ခါမှုတို့ကိုလိုက်ကာ SRS ကွန်ထရိုးစနစ်မှ လေအိတ်ပွင့်စေပြီး ကာကွယ်ပေးပါသည်။
လေအိတ်ပွင့်စေရန်အတွက် Gas Generator သဘောပုံစံမျိုးဖြင့် ဓာတ်ငွေ့ကို အသုံးပြုစေကာ လေအိတ်ကို အမြန်ဆုံး ပွင့်စေခြင်းဖြစ်ပြီး အသုံးပြုထားသော ဓာတ်ငွေ့များမှာထုတ်လုပ်သော ခုနှစ်နှင့် ကားအမျိုးအစားကိုလိုက်ကာ ကွဲပြားခြားနားမှုရှိကြပါသည်။
မော်တော်ယာဉ်တစ်စီး မတော်တဆမှုှုဖြစ်ချိန်တွင် လေအိတ်ပွင့်ရန်ကြာမြင့်ချိန်မှာ တစက္ကန့်၏ ဆယ်ပုံ တစ်ပုံမှ သုံးပုံအထိ (0.1 to 0.3 Sec) သာကြာမြင့်၍လေအိတ်ထွက်လာသော အရှိန်နှုန်းမှာ မော်တော်ယာဉ် အမျိုးအစားကိုလိုက်ကာတစ်နာရီ ကီလို ၁၀၀ မှ ၃၀၀ အထိ (100 to 300km/hr) အရှိန်အထိပြင်းထန်ပါသည်။
လေအိတ်ပွင့်ချိန်သည် အလွန်မြန်ဆန်ကာ အရှိန်လည်းများသောကြောင့် မော်တော်ယာဉ်မောင်းနှင်ချိန်များတွင် ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်ထားရန် လိုအပ်ပါသည်။
ထိုင်ခုံခါးပတ် အမြဲပတ်ထားမှသာ အထက်တွင် ဖော်ပြသကဲ့သို့ထိခိုက်မှုများအပြင် လေအိတ်ကြောင့်ထိခိုက် အသက်ဆုံးရှုံးခြင်းကိုလည်းကာကွယ်ပေးပါသည်။
ဒါကြောင့် မော်တော်မောင်းနှင်သူများ အနေဖြင့် မိမိအသက်အန္တရာယ်ကို အနည်းနှင့်အများ ကာကွယ်ပေးနိုင်သော လေအိတ်စနစ်မီးလင်းနေပါက နီးစပ်ရာ ကျွမ်းကျင်သောကားဆားဗစ်များတွင် သွားရောက်ပြသ ပြုပြင်ရန်လိုအပ်သလို ကားတစ်စီးတွင် မောင်းနှင်သူရောလိုက်ပါစီးနင်းသူများပါ ထိုင်ခုံခါးပတ် မဖြစ်မနေ ပတ်ရန်လိုအပ်ပါသည်။