လူသားသမိုင်းတိုးတက်လာမှုနှင့်အတူ လူသားတို့၏ စက်တပ်ယာဉ် အသုံးပြုမှုများသည်လည်း အံ့မခန်း မြန်ဆန် တိုးတက်လာခဲ့ကြရာတွင် တိုးတက်မှုနှင့်အတူ ရှောင်လွဲမရသော မော်တော်ယာဉ် မတော်တဆမှုများလည်း တိုးပွားလာခဲ့ပါတယ်။
ထို့ကြောင့် မော်တော်ယာဉ်ကုမ္ပဏီကြီးများနှင့် ဆက်စပ်ကုမ္ပဏီများမှ ယာဉ်မတော်တဆ ဖြစ်ပွားမှုများတွင် လူသားတို့အသက်အန္တရာယ် လျော့ချပေးနိုင်မည့် နည်းလမ်းများကို တီထွင်ကြံဆရာမှ အသက်ကယ်လေအိတ်စနစ် SRS(Supplemental Restraint System) အား ၁၉၈၉ ခုနှစ်တွင် ယာဉ်မောင်းလေအိတ် (Driver Airbag) အား စတင်ကာတပ်ဆင် အသုံးပြုခဲ့ကြပြီး ၁၉၉၂ ခုနှစ်တွင် ဘေးမှထိုင်စီးသူ အတွက်လေအိတ် (Passanger Airbag) များကိုပါတပ်ဆင်နိုင်ခဲ့ကြပြီး ယခုအခါတွင်တော့ ဘေးကာလေအိတ် (Side Airbag) ဘေးတံခါးပြတင်းပေါက်လေအိတ် (Curtain Airbag) ခြေထောက်ပိုင်းလေအိတ် (Knee Airbag) စသည်တို့ကို အဆင့်ဆင့်တိုးတက်ကာ ကားအမျိုးအစားပေါ်မူတည်ကာ တပ်ဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ယခုခေတ်ကားများတွင်တော့ နိုင်ငံတကာအစိုးရ တော်တော်များများတွင် ယာဉ်မောင်းလေအိတ်ကိုတော့ မဖြစ်မနေ ထည့်သွင်းတပ်ဆင်ပေးရန် သတ်မှတ်ပြဌာန်းထားပါတယ်။
လေအိတ်တပ်ဆင်ထားသော ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ရာတွင် အသက်ကယ်လေအိတ် ပွင့်ရန်အတွက် အရေးကြီးဆုံး အချက်မှာ SRS လေအိတ်စနစ်ပိုင်း ပုံမှန်ရှိနေရန်လိုအပ်ပါတယ်။
လေအိတ်စနစ်ပိုင်း ပုံမှန်ရှိရန်အတွက်ကားစက်နိုးပြီးချိန်တွင် လေအိတ်ပုံမီးအနီလေး မလင်းနေရန် လိုအပ်ပါတယ်။
လေအိတ်ပုံမီးအနီလေး လင်းနေပါက လေအိတ်စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသဖြင့် ယာဉ်မတော်တဆဖြစ်ပွားပါကအသက်ကယ်လေအိတ် အလုပ်လုပ်မည်မဟုတ်သဖြင့် လေအိတ်မပွင့်နိုင်ပါ။
လေအိတ်ပုံမီးလေး မလင်းနေမှသာ SRS အသက်ကယ်လေအိတ်စနစ် အလုပ်လုပ်မည်ဖြစ်ပြီး လေအိတ်ပွင့်နိုင်မည်ဖြစ်ပါတယ်။
မော်တော်ယာဉ်မတော်တဆဖြစ်ချိန်တွင် အသက်ကယ်လေအိတ် ပွင့်ထွက်ကာ အလုပ် လုပ်စေရန် ထိန်းချုပ်ပေးသော အဓိက အရာများမှာ -
-အင်ဂျင်ကွန်ထရိုးဘောက် ECU (Engine Control Module)
-အရှိန်တိုင်းကိရိယာ (Accelerometer)
-ယာဉ်တိုက်မှု့အရှိန်အကျိုးသက်ရောက်မှု ဆင်ဆာ (Impact Sensor)
-ဘေးဘက်ထိခိုက်မှုအာရုံခံဆင်ဆာ (Side door Pressure Sensor)
-ဘီးအရှိန်နှုန်းတိုင်းဆင်ဆာ (Wheel Speed Sensor)
-ယာဉ်တည်ငြိမ်မှုအာရုံခံဆင်ဆာ (Gyroscopes Sensor)
-ဘရိတ်အာရုံခံဆင်ဆာ (Brake Pressure Sensor)
-ထိုင်ခုံအာရုံခံဆင်ဆာ (Seat Occupancy Sensor)
စသော ဆင်ဆာများပေါ်မှထိန်းချုပ်ကာလေအိတ်အလုပ်လုပ်စေခြင်း ဖြစ်ပါတယ်။
အင်ဂျင်ကွန်ထရိုးဘောက်နှင့် အရှိန်နှုန်းတိုင်း ကိရိယာတို့မှ ကားအမှန်တကယ် မောင်းနှင်နေသည်ဟုတ် မဟုတ်ကို ဘီးများမှပေးပို့သော အရှိန်နှုန်းတိုင်းကိရိယာများ ထံမှရယူကာ အတည်ပြုပြီး ယာဉ်တိုက်မှုဖြစ်ချိန်တွင် Impact Sensor မှပေးပို့သော သက်ရောက်မှု့အရှိန်နှင့် G Sensor မှပေးပို့သော ယာဉ်တုန်ခါမှုနှင့် မတည်ငြိမ်မှုဘရိတ်ဆင်ဆာမှ ရုတ်တရက်နင်းလိုက်သော အရှိန်နှုန်း တို့ပေါ်မူတည်ကာ ထိုင်ခုံအာရုံခံဆင်ဆာမှ မည့်သည့်ထိုင်ခုံတွင် လူစီးနင်းလိုက်ပါသည်ကို အချက်ပေးကာ လူရှိသောထိုင်ခုံတွင် လေအိတ်များကို ယာဉ်တိုက်မှုအခြေအနေကိုလိုက်ကာ ပွင့်အောင်လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။
နောက်ဆုံး လေအိတ်ပွင့်ပေးရန်ဆုံးဖြတ်ချက်ကို အထက်ပါ အချက်အလက်များမှ ရယူကာ SRS Control စနစ်မှ ဆုံးဖြတ်ပေးပါတယ်။
အချို့ကားများတွင် လုံခြုံရေးခါးပတ်(Safe Belt) ပတ်ထားမှသာ လေအိတ်ပွင့်ပေးသော်လည်း အချို့ကားမော်ဒယ်များတွင်တော့ ထိုင်ခုံခါးပတ် မပတ်ထားသည့်တိုင် လေအိတ် ပွင့်ပေးသော်လည်း ထိုင်ခုံခါးပတ်မှာ ကားပေါ်စီးနင်းလိုက်ပါသူတိုင်း မောင်းနှင်သူတိုင်းသည် ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်ထားရန် လိုအပ်ပါတယ်။
အဘယ်ကြောင့်ဆိုသော် ထိုင်ခုံခါးပတ်သည် ယာဉ်မတော်တဆဖြစ်ချိန်တွင် စီးနင်းလိုက်ပါလာသူအား လွင့်မထွက်သွားစေရန် ရှေ့ရှိအရာဝတ္ထုများနှင့် ခေါင်းမျက်နှာတို့နှင့် မတိုက်မိစေရန် ကာကွယ်ပေးသည့်အပြင် လေအိတ်ပွင့်ထွက် လာချိန်တွင်လည်း ခါးပတ်ပတ်မထားပါက လေအိတ်ပွင့်ထွက်သောအရှိန်နှင့် လူမှလည်းရှေ့သို့ထွက်သွားသောအရှိန်တို့ပေါင်းဆုံကာ နှလုံးထိခိုက်ကာ အသက်ဆုံးရှုံးကြရသည်အထိ ဖြစ်ပွားနိုင်ပါတယ်။
SRS ထိန်းချုပ်စနစ်မှ လေအိတ်ပွင့်စေရန် နောက်ဆုံး ဆုံးဖြတ်ချက်ပေးရခြင်းမှာ သတ်မှတ်ထားသော အရှိန်မဟုတ်ဘဲ လေအိတ်မပွင့်စေရန်နှင့် လေအိတ်၏ အာရုံခံဆင်ဆာတစ်ခုဖြစ်သော Impact Sensor အားထုမိ ရိုက်မိပါက လေအိတ်မပွင့်စေရန် အတွက်နှင့်အမှန်တကယ် ယာဉ်မတော်တဆမှုဖြစ်သောအချိန်နှင့် သတ်မှတ်အရှိန်နှုန်းရောက်မှသာ လေအိတ်ပွင့်စေရန် အတွက်ဖြစ်ပါတယ်။
မော်တော်ယာဉ်များသည် အမျိုးအစားကိုလိုက်ကာ ကီလို ၂၀ မှ ၃၀ အောက်ယာဉ်တိုက်မှုများတွင် လေအိတ်မပွင့်ပေးကြသည်လည်း ရှိပါတယ်။
မိမိကားသည် ကီလို ၂၀ မှ ၃၀ အတွင်းသာ မောင်းနှင်လာသော်လည်း အခြားတစ်ဘက်မှ ဝင်ရောက်တိုက်မိသော ကားအရှိန်သည် အလွန်ပြင်းထန်ပါက Impact Sensor ၏ ထိခိုက်မှုအရှိန်အကျိုးသက်ရောက်မှုနှင့် G sensor ၏တုန်ခါမှုတို့ကိုလိုက်ကာ SRS ကွန်ထရိုးစနစ်မှ လေအိတ်ပွင့်စေကာ ကာကွယ်ပေးပါတယ်။
လေအိတ်ပွင့်စေရန်အတွက် Gas Generator သဘောပုံစံမျိုးဖြင့် ဓာတ်ငွေ့ကို အသုံးပြုစေကာ လေအိတ်ကို အမြန်ဆုံး ပွင့်စေခြင်းဖြစ်ပြီး အသုံးပြုထားသော ဓာတ်ငွေ့များမှာ ထုတ်လုပ်သောခုနှစ်နှင့် ကားအမျိုးအစားကိုလိုက်ကာ ကွဲပြားခြားနားမှု ရှိကြပါတယ်။
မော်တော်ယာဉ်တစ်စီး မတော်တဆမှုှုဖြစ်ချိန်တွင် လေအိတ်ပွင့်ရန်ကြာမြင့်ချိန်မှာ တစ်စက္ကန့်၏ ဆယ်ပုံ တစ်ပုံမှ သုံးပုံအထိ (0.1 to 0.3 Sec) သာကြာမြင့်၍ လေအိတ်ထွက်လာသော အရှိန်နှုန်းမှာ မော်တော်ယာဉ် အမျိုးအစားကိုလိုက်ကာ တစ်နာရီ ကီလို ၁၀၀ မှ ၃၀၀ အထိ (100 to 300km/hr) အရှိန်အထိပြင်းထန်ပါတယ်။
လေအိတ်ပွင့်ချိန်သည် အလွန်မြန်ဆန်ကာ အရှိန်လည်းများပါတယ်။ ထို့ကြောင့် မော်တော်ယာဉ်မောင်းနှင်ချိန်များတွင် ထိုင်ခုံခါးပတ်ကို မဖြစ်မနေပတ်ထားရန် လိုအပ်ပါတယ်။
ထိုင်ခုံခါးပတ် အမြဲပတ်ထားမှသာ အထက်တွင် ဖော်ပြသကဲ့သို့ ထိခိုက်မှုများအပြင် လေအိတ်ကြောင့် ထိခိုက် အသက်ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မော်တော်ကားမောင်းနှင်သူများ အနေဖြင့် မိမိအသက်အန္တရာယ်ကို အနည်းနှင့်အများ ကာကွယ်ပေးနိုင်သော လေအိတ်စနစ် မီးလင်းနေပါက နီးစပ်ရာ ကျွမ်းကျင်သော ကားဆားဗစ်များတွင် သွားရောက်ပြသပြုပြင်ရန်လိုအပ်သလို ကားတစ်စီးတွင် မောင်းနှင်သူရော လိုက်ပါစီးနင်းသူများပါ ထိုင်ခုံခါးပတ် မဖြစ်မနေပတ်ရန် လိုအပ်ပါတယ်။
carlover