လေအိတ်နဲ့ ထိုင်ခုံခါးပတ်တွေက တကယ်ပဲ အန္တရာယ်ကင်းစေလား


နိုင်ငံတိုင်းလိုလိုမှာ ကားပေါ်တက်လိုက်ပြီဆိုတာနဲ့ ရှေ့ခန်းကလူတွေဟာ ခါးပတ်ကို အရင်ပတ်လိုက်ကြပါတယ်။ ဒီမှာတော့ အလေ့အကျင့်နည်းသေးတာကို တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်ပတ်ကြတာလဲဆိုတာ ကျွန်တော်တို့ သိပြီးတဲ့အတိုင်း အန္တရာယ်ကင်းစေဖို့ အတွက်ပါ။ ဒါ့အပြင် လေအိတ်တွေက ယာဉ်မတော်တဆဖြစ်ချိန်မှာ ရှေ့မှာရှိတဲ့ စတီယာတိုင်၊ ဒက်ရှ်ဘုတ် စတဲ့အရာတွေနဲ့ မဆောင့်မိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် လေအိတ်နဲ့ ထိုင်ခုံခါးပတ်တွေက အန္တရာယ်ကင်းရှင်းရေးအတွက် အကောင်းဆုံးအဖော်မွန်တွေပါ။ အခုနောက်ပိုင်းထုတ် ကားတွေမှာဆိုရင် Child Seat တွေအတွက်ပါ သီးသန့်လေး ထည့်သွင်းထုတ်လုပ်ပေးလာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ယာဉ်မတော်တဆဖြစ်ချိန်မှာ ဒီအရာနှစ်ခုကြောင့်ရော အန္တရာယ်ဖြစ်တာမျိုး မရှိနိုင်ဘူးလားဆိုတဲ့ မေးခွန်းမျိုးတွေလည်း မေးနိုင်စရာရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့ဆီက လူမှုစာမျက်နှာမှာ အငြင်းပွားနေကြသလို ဒီအရာနှစ်ခုကြောင့် အန္တရာယ်ဖြစ်ရတာတွေလည်း ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ လေအိတ်စနစ်နဲ့ ထိုင်ခုံခါးပတ်စနစ်တွေအကြောင်း လေ့လာလိုက်ကြရအောင်။

လေအိတ်စနစ်

လေအိတ်စနစ်တွေကို ၁၉၇၀ ခုနှစ်တွေကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ထိုင်ခုံခါးပတ်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု သိပ်မရှိကြသေးပါဘူး။ အန္တရာယ်ကင်းရှင်းရေးအတွက် အလုပ်လုပ်ရတဲ့ အင်ဂျင်နီယာတွေက လေအိတ်ဟာ ထိုင်ခုံခါးပတ်မပတ်ထားသူတွေကို အကျိုးပြုပေးနိုင်တယ်လို့ တွေးထင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၈ ခုနှစ်ကစပြီး ရောင်းချသမျှ လူစီးကား၊ ထရပ်ကားတွေမှာ ယာဉ်မောင်းတွေ အတွက်တင်သာမက ခရီးသည်တွေအတွက်ပါ လေအိတ် တွေ ထည့်ပေးရမယ်လို့သတ်မှတ်ခဲ့တယ်။ လေအိတ်ရဲ့ အကျိုးပြုမှုကြောင့် ၁၉၈၇ ကနေ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လူ့အသက်ပေါင်း ၂၅,၀၀၀ ကျော်အထိ အန္တရာယ်အသက်ဘေးကနေ လွတ်မြောက်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ National Highway Traffic Safety Administration ရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၇ ခုနှစ် တစ်ခုတည်းမှာတင် ယာဉ်မတော်တဆမှုတွေမှာ လေအိတ်ပွင့်ထွက်မှုကြောင့် လူပေါင်း ၅၃ ယောက်အထိ အသက်ဆုံးရှုံးခဲ့တဲ့အထဲမှာ ၃၁ ယောက်ဟာ ကလေးတွေလို့ ဆိုပါတယ်။ ကလေးတွေမှာ အများဆုံးထိခိုက်ရတဲ့ အကြောင်းရင်းက လေအိတ်ပွင့်လာတဲ့အရှိန်ကို မခံနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကလေးတွေကို အနောက် ထိုင်ခုံမှာထိုင်ခိုင်းတာမျိုး၊ Child Safety Seat မှာ ထိုင်စေတာမျိုးတွေ လုပ်လာကြတယ်။ အဲဒီလို လေအိတ် စနစ်တွေကြောင့် အသက်ဆုံးရှုံးနေရတာကို ကာကွယ်နိုင်မယ့် အဆင့်မြင့်လေအိတ် စနစ်သစ်တွေ ၂၀၀၀ ခုနှစ်လောက်မှာ Car Maker တွေက တီထွင်ထုတ်လုပ်လာခဲ့ကြပါတယ်။ ကားမော်ဒယ်လ်အလိုက် Safety Ranking အတွက် ပြိုင်ဆိုင်မှုတွေကြောင့် ဒီစနစ်တွေဟာ ပိုမိုကောင်းမွန်ပြည့်စုံသထက် ပြည့်စုံလာခဲ့ပါတယ်။

လေအိတ်ကပေးနိုင်တဲ့ အန္တရာယ်

ဒါပေမဲ့ လေအိတ်တွေက ထိုင်ခုံပေါ်မှာ နေရာတကျ ရှိနေတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်ကိုပဲ ကာကွယ်ပေးနိုင်တာပါ။ ယာဉ်တိုက်မှုဖြစ်လို့ လူက အရှေ့ကို အရှိန်နဲ့ ဆောင့်တွန်းသလိုဖြစ်နေချိန်မှာ လေအိတ်ပွင့်လာရင် ဖိညှပ်ခံရမယ့် အန္တရာယ်ရှိပါတယ်။ လေအိတ်စနစ်ရဲ့ အလုပ်လုပ်ပုံကိုကြည့်မယ်ဆိုရင် ယာဉ်တိုက်မှုဖြစ်တာနဲ့ ယာဉ်မောင်း၊ ခရီးသည်တွေ ရှေ့မှာပွင့်လာပြီး သူ့ထက်အန္တရာယ်ပိုပေးနိုင်တဲ့ အရာတွေနဲ့ မဆောင့်မိစေဖို့ ကာကွယ်ပေးတယ်။ လေအိတ်ထက် အန္တရာယ် ပိုပေးနိုင်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းက လေအိတ်တစ်လုံး အပြည့်အဝပွင့်လာစေဖို့ ၂၀-၃၀ မီလီစက္ကန့်သာ အချိန်ကြာတယ်။ သူ့ကို ထည့်သွင်းထားတဲ့ အထိုင်ထဲက တစ်နာရီကို မိုင် ၂၀၀ နှုန်း (၃၂၂ ကီလိုမီတာနှုန်း) နဲ့ ပွင့်ထွက်လာတာကြောင့်ပါ။ ဒီနေ့ခေတ် လေအိတ်စနစ်တွေမှာသုံးတဲ့ နည်းပညာက ဒုံးပျံ Booster တွေမှာသုံးတဲ့ နည်းပညာနဲ့ ဆင်တူမှုရှိပါတယ်။

လေအိတ်တစ်လုံးပွင့်လာချိန်မှာရှိတဲ့ အရှိန်နှုန်းက ပြင်းလွန်းတာကြောင့် အနီးမှာရှိတဲ့လူတွေကို ထိခိုက်နာကျင်မှုတွေ၊ ပွန်းရှဒဏ်ရာတွေ ဖြစ်စေတယ်။ ထိုင်ခုံခါးပတ် ပတ်မထားရင်ဖြစ်စေ၊ လူနဲ့ လေအိတ်ကြားမှာ အရာဝတ္ထုတစ်ခုခု (အိမ်မွေး တိရစ္ဆာန်ကစလို့ ဆဲလ်ဖုန်းလို အရွယ်သေးတဲ့အရာတစ်ခုခု) ရှိနေရင်ဖြစ်စေ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ခြေရှိတယ်။ ဒါ့အပြင် ကလေးငယ်တွေနဲ့ ခန္ဓာကိုယ်အရွယ်အစားသေးတဲ့ လူငယ်တွေဟာ လေအိတ်ပွင့်ချိန်မှာ ဖြစ်လာတဲ့အားကြောင့် အန္တရာယ်ဖြစ်နိုင်ပါတယ်။ လေအိတ်တွေနဲ့ ပတ်သက်လို့ ခြုံငုံပြောရရင် အရွယ်ရောက်ပြီးသူတွေအတွက် အဆင်ပြေပြီး လေအိတ်ပွင့်လာချိန်မှာ အန္တရာယ်မဖြစ်စေဖို့ ထိုင်ခုံခါးပတ်ကိုလည်း ပတ်ထားသင့်ပါတယ်။ ကလေးငယ်တွေကို ကားရှေ့ခန်းမှာ မဖြစ်မနေထိုင်ခိုင်းခြင်း၊ Rear-facing Child Seat လိုမျိုးကို ကားရှေ့ခေါင်းခန်းမှာထားပြီး ထိုင်ခိုင်းခြင်းတွေလုပ်မယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်က လေအိတ်ကို ပိတ်ထားသင့်ပါတယ်။ (လမ်းညွှန်ချက်တွေကို ကားရဲ့ Manual မှာ ကြည့်နိုင်ပါတယ်)

နောက်တစ်နည်းအနေနဲ့ ဝပ်ရှော့မှာ မက္ကင်းနစ်နဲ့ပြပြီး အရှေ့ခန်း၊ ခရီးသည်ဘက်ခြမ်းက လေအိတ်ကို ပိတ်ခိုင်းလို့ရပါတယ်။ အနောက်ခန်းမှာ ဘေးဘက်က ပွင့်ထွက်လာမယ့် လေအိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ချင်ရင် ကလေးငယ်ကို ထိုင်ခုံရဲ့ အလယ်မှာထိုင်ခိုင်းလို့ ရပါတယ်။ ဂျပန်ကားအားလုံးနီးပါးက ထိုင်ခုံခါးပတ် မပတ်ရင် အသံနဲ့ အချက်ပြပါတယ်။ ဒါကို ရှောင်ရှားဖို့ ခါးပတ်ခေါင်းထဲမှာ ထည့်သွင်းတဲ့ ဂတ်ဂျက်ကလေးတွေတောင် ပေါ်ထွက်လာခဲ့ပြီး လူအများစုက ဒီဂတ်ဂျက်လေးနဲ့ အချက်ပေးသံတိတ်သွားအောင် လုပ်ထား လေ့ရှိတယ်။ ဒါဟာအတော်လွဲမှားတဲ့ လုပ်ရပ်ပါ။ ဂျပန်ကားတော်တော်များများက ခါးပတ်မပတ်ရင် လေအိတ်ပွင့်လာလေ့မရှိတဲ့အတွက် ယာဉ်မတော်တဆမှုဖြစ်ချိန်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ထူးခြားမှုအနေနဲ့ ထိုင်ခုံခါးပတ်ပတ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၄၉ ခုမှာ မဖြစ်မနေ သတ်မှတ်ထားပေမယ့် အမေရိကရဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်တစ်ခုဖြစ်တဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ်ကတော့ ထူးထူးခြားခြား ကားမောင်းရင်း ခါးပတ်မပတ်တာကို ခွင့်ပြုထားပါတယ်။ နယူးဟမ့်ရှိုင်းယားမှာ ထိုင်ခုံခါးပတ်ပတ်ဖို့ ငြင်းဆန်ရတဲ့ အဓိက အကြောင်းရင်းက မတော်တဆဖြစ်လို့ ကားမီးလောင်ချိန် (သို့) ကားရေထဲကျသွားချိန်မှာ ခါးပတ်ကြောင့် ဒုက္ခရောက်နိုင်တာကြောင့်ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေမှာ သေဆုံးခဲ့ရသူတွေရဲ့ ၅၃ ရာခိုင်နှုန်းက ထိုင်ခုံခါးပတ်ပတ်ထားလို့ပါ။ ဒါပေမဲ့ ကားမောင်းနှင်နေစဉ်မှာ ထိုင်ခုံခါးပတ်ပတ်ထားဖို့ တိုက်တွန်းခဲ့ပြီး ထိုင်ခုံခါးပတ်ပတ်ထားခြင်းအားဖြင့် ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ သေဆုံးနိုင်ချေကို ၄၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပြန်ပါတယ်။ ဒါဟာ ယာဉ်မတော်တဆဖြစ်ပွားတဲ့ ပုံစံတွေက ကွာခြားမှုသိပ်မရှိဘဲ ကားမီးလောင်သွားတာ၊ ရေထဲကျသွားတာမျိုးဖြစ်ဖို့အတွက် တစ်ရာခိုင်နှုန်းပဲရှိလို့ပါပဲ။ ထိုင်ခုံခါးပတ် ပတ်ထားခြင်းအားဖြင့် လေအိတ်ပွင့်လာချိန်မှာ ဖိညှပ်ခံရမယ့်အန္တရာယ်က ကာကွယ်ပေးနိုင်သလို၊ အပြင်းအထန်ထိခိုက်မယ့်ကိစ္စတွေကလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာကြောင့် ယေဘုယျအားဖြင့် သတိလစ်မေ့မြောသွားမယ့် ကိစ္စမျိုးတွေကို တားဆီးနိုင်ပါတယ်။

မတော်တဆဖြစ်လို့ ကားမီးစွဲနေချိန်၊ ရေထဲကျချိန်မှာ သတိလစ်မနေတဲ့လူက အန္တရာယ်စက်ကွင်းကနေ လွတ်မြောက်ဖို့ ပိုမိုကြိုးစားနိုင်ပါလိမ့်မယ်။ ထိုင်ခုံခါးပတ်တွေက ယာဉ်မတော်တဆဖြစ်ချိန်မှာ တင်းအားတစ်ခုနဲ့ နောက်ပြန်ဆွဲပေးမှာဖြစ်တာကြောင့် အနည်းအကျဉ်းထိခိုက်မိတာမျိုးတွေတော့ ရှိပါတယ်။ ဒါ့အပြင် ကားကအရှိန်နဲ့ လေးငါးပတ် လိမ့်သွားချိန်မှာ ပြတင်းကနေ အပြင်ထွက်မသွားအောင်၊ အတွင်းခန်းထဲက အစိတ်အပိုင်းတွေနဲ့ မဆောင့်မိအောင်လည်း ကာကွယ်ပေးနိုင်တယ်။ လေအိတ်စနစ်တွေနဲ့ မတူတာက ထိုင်ခုံခါးပတ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မိတာမျိုး သိပ်မရှိပါဘူး။

ခြွင်းချက်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ ကလေးတွေအတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း စနစ်တကျခါးပတ် ပတ်ဖို့တော့ လိုပါတယ်။ အချုပ်အနေနဲ့ဆိုရင် လေအိတ်စနစ်၊ ထိုင်ခုံခါးပတ်စနစ်တွေက ယာဉ်မောင်းနှင်စီးနင်းသူတွေအတွက် အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပေမယ့် လေအိတ်စနစ်တွေက ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။ ထိုင်ခုံခါးပတ်ပတ်ပြီး အန္တရာယ်ကင်းစေဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာမောင်းနှင်ဖို့က အဓိကကျပါတယ်။

Source;TheVoice

Read 1947 times