ဓာတ်ဆီအင်ဂျင်ကားတစ်စီးကို ဒီဇယ်ဆီမှားထည့်၍ ဖြစ်စေ၊ ဒီဇယ်အင်ဂျင်ကားတစ်စီးကို ဓာတ်ဆီမှားထည့်၍ဖြစ်စေ လောင်စာဆီမှားထည့်မိပြီး စက်နှိုးလိုက်ပါက ဖြစ်ပေါ်လာသော ပြဿနာရပ်များကို သိပ္ပံနည်းကျ လက်တွေ့ကျကျ ဆွေးနွေးတင်ပြလိုက်ပါသည်။
ယခုဖော်ပြပေးမည့်အကြောင်းမှာ ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့၏ မတူကွဲပြားသော ဂုဏ်သတ္တိများကို ဖော်ပြပေးမည်ဖြစ်ပါသည်။
ဓာတ်ဆီ၏ ဂုဏ်သတ္တိများ
ဓာတ်ဆီ၏ ဂုဏ်သတ္တိများမှ အငွေ့ပျံလွယ်သည်၊ ပုံမှန်အပူချိန်တွင်လွယ်ကူစွာအငွေ့ပျံသည်၊ အရောင်မရှိ၊ ထွင်းဖောက်မြင်နိုင်သည်၊ အနံ့အနည်းငယ်သင်းပျံ့သည်၊ မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) = -10 to -15 ' C (or) 14 to 15 ' F၊ နိပ်သောသိပ်သည်းဆ (0.60 to 0.78)၊ ဆီနှင့်ရာဘာထဲသို့စိမ့်ဝင်နိုင်သည်။ အပူချိန်ပမာဏ ( 9500 to 10500 Kcal / Kg 0r 4300 to 4800 Kcal / lb )၊ အေးနေသော အင်ဂျင်ကို စတင်နှိုးချိန်တွင် လေနှင့်ဆီရောနှောမှု လွယ်ကူစေရန် လွယ်ကူသော အငွေ့ပျံစွမ်းရည်ရှိသည်။
ဒီဇယ်၏ ဂုဏ်သတ္တိများ
ဒီဇယ်ကို ရေနံစိမ်းမှ ရရှိပြီး အပူချိန် 200 ' C -300 ' C (104 to 212 ' F ) ရှိသည်။ ဒီဇယ်သည် ရေနံဆီ ဓာတ်ဆီများထက် နောက်ကျပေါင်းခံထားသော လောင်စာဆီဖြစ်သည်။ အဝါရောင် သန်းသည်၊ သင်းပျံ့သောရနံ့ရှိသည်။ မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် ( Flash Point ) မြင့်မားပြီး 40 to 100 ' C (or) 104 to 212 '၊ သိပ်သည်းဆ ( 0.82 to 0.86 )၊ အပူချိန်ပမာဏ အနီးစပ်ဆုံး ( 10500 ' Kcal / Kg or 4800 Kcal / lb )၊ နိမ့်သောအပူချိန်တွင် အရည်အဖြစ်တည်ရှိနေရမည်။
ဒီဇယ်သည် အင်ဂျက်ရှင်းပန့် ( Injection Pump ) နှင့် နော်ဇယ် (Nozzle ) များအတွင်း ချောဆီအဖြစ် ဆောက်ရွက်ရသဖြင့် စေးပျစ်ပြီး ချောဆီဂုဏ်သတ္တိရှိရမည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီတို့၏ မတူညီသော ဂုဏ်သတ္တိများပင် ဖြစ်ပါသည်။
ထို့နောက် ဓာတ်ဆီနှင့် ဒီဇယ်ဆီကို မှားယွင်းသုံးစွဲပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဖြစ်ရပ်များကို ဖော်ပြပေးလိုက်ပါသည်။
လောင်စာဆီမှားယွင်းစွာသုံးစွဲပြီး ကားစက်နှိုးလိုက်ပါက ကားစက်နိုးလာမည်မဟုတ်ပေ။
ထိုသို့ဖြစ်ရခြင်းမှာ ဓာတ်ဆီအင်ဂျင်မီးလောင်ပေါက်ကွဲပုံက ဓာတ်ဆီနှင့်လေ အရောအနှောများကို အင်ဂျင်ထဲထည့်ဖိသိပ်ပြီး ပလပ်ကနေ မီးပေါက်ပေးပြိး မီလောက်ပေါက်ကွဲမှုဖြစ်စေခြင်း သာဖြစ်ပါသည်။
ထိုသို့ အင်ဂျင်လည်ပတ်မှုဖြစ်စဉ်ဖြစ်စေရန် ဓာတ်ဆီ၏ ဂုဏ်သတ္တိအရ လေနှင့် ရောနှောနေပါက အငွေ့ပျံလွယ်သော စွမ်းရည်သတ္တိရှိပါသည်။
ထိုအင်ဂျင်ထဲကို အငွေ့မပျံလွယ်သော ဒီဇယ်ဆီထည့်လိုက်သည့်အခါ ဒီဇယ်သည် ငွေ့မပျံဘဲ အရည်များအဖြစ်သာ တည်ရှိနေပြီး ပေါက်ကွဲမီးလောက်စေရန် မလွယ်ကူပေ။
ထို့အပြင် ဓာတ်ဆီ၏ မီးလောင်လွယ်နိုင်စွမ်းပမာဏသည် မြင့်မားပြီးသားဖြစ်၍ အင်ဂျင်တည်ဆောက်ပုံကို အပူချိန်များစေသော တမင်ဖိနှိပ်မှုများမပါဝင်ပေ။
ထို့ကြောင့် ဓာတ်ဆီအင်ဂျင်ထဲတွင် မီးလောင်မလွယ်နိုင်သော ဒီဇယ်ဆီသည် မီလောင်ရန် လိုအပ်သော အပူချိန်မရရှိသဖြင့် စက်မနိုးခြင်းဖြစ်ပါသည်။
သို့သော် ဓာတ်ဆီအင်ဂျင်ထဲသို့ ဒီဇယ်ဆီမှားထည့်ပါက စက်မနိုးသည်မှလွဲ၍ အင်ဂျင်ထိခိုက်မှုမရှိသောကြောင့် ဆီတိုင်ကီထဲမှ၊ ပိုက်လိုင်းများထဲမှ မှားထည့်မိသော ဒီဇယ်ဆီများကို ကုန်အောင်ထုတ်၍ ဓာတ်ဆီထည့်ကာ မောင်းနှင်နိုင်ပါသည်။
အကယ်၍ ဒီဇယ်အင်ဂျင်ထဲသို့ ဓာတ်ဆီမှာထည့်ပြီး စက်နှိုးမိပါက အင်ဂျင်ကိုသာမက အင်ဂျင်နှင့်ဆက်စပ်နေသော ပစ္စည်းများအားလုံး ချို့ယွင်းသွားနိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဒီဇယ်အင်ဂျင်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်က ဒီဇယ်အင်ဂျင်ထဲကို လေတစ်မျိုးထဲသာ Inlet မှ သွင်းပြီး အပူချိန်အများကြီးရအောင် Piston ဖိအားများနှင့် အတင်းဖိသိပ်ပြီး တော်ရုံမီးမလောင်နိုင်သော ဒီဇယ်ဆီများ မီးလောင်လောက်သော အပူချိန်ရောက်ပြီဆိုမှ ဒီဇယ်ဆီများကို နော်ဇယ်မှ သတ်မှတ်အတိုင်းအတာအဖြစ် အမှုန်အမွှားလေးများ ဖြန်းပေးခြင်းဖြင့် မီးလောင်ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့သော အင်ဂျင်ထဲသို့ မီးလောင်လွယ်လွန်းသော ဓာတ်ဆီထည့်လိုက်ပါက အပူချိန်အနှုတ်ဒီဂရီမှာပင် မီးလောင်နိုင်သော ဓာတ်ဆီသည် မလောင်လောင်အောင် အပူချိန်နှင့် ဖိအားအများ ပေးထားသော အင်ဂျင်ထဲတွင် စည်းမဲ့ကမ်းမဲ့ အထိန်းအကွပ်မဲ့ မီးလောင်ကျွမ်းမှု (Uncontrolled Combustion) ဖြစ်ပါတော့သည်။
ထိုသို့ဖြစ်သည့်အတွက် အင်ဂျင်သံမီးလောင်မှုကို နားမထောင်မိဘဲ အချိန်အတော်ကြာမောင်းနှင်လိုက်မည်ဆိုလျှင် အင်ဂျင်အတွင်းက မီးလောင်ခန်းသုံး ပစ္စည်းများဖြစ်သော Piston , Valve , Cylinder Head , Cam Shaft အစရှိသော ဆက်စပ်ပစ္စည်းများ အကုန်ပျက်စီးသွားစေပါသည်။
ထို့သို့ဖြစ်ပေါ်လာပါက ဝပ်ရှော့သို့ သွားပြီး အင်ဂျင်ချခြင်း အတွင်းပစ္စည်းများအကုန်ပြုပြင်လဲလှယ်ရမည်ဖြစ်ပါသည်။
ထို့အပြင် ဒီဇယ်အင်ဂျင်တွင် သုံးနေသာ နော်ဇယ်များ အင်ဂျက်ရှင်းပန့်များသည် ဒီဇယ်၏ စေးပျစ်မှု ချောဆီသဘောကို မှီခိုပြီးရပ်တည်နေရသောကြောင့် ထို့ပစ္စည်းများထဲကို စေးပျစ်မှုမရှိသော ဓာတ်ဆီထည့်လည်ပတ်လိုက်သည့်အတွက် ချောဆီစနစ်ပျက်စီးပြီး နော်ဇယ်များ၊ အင်ဂျင်ရှင်းပန့်များပါ ပျက်စီးကုန်သည့်အပြင် အခြားရာဘာစီးများတွင်လည်း ဓာတ်ဆီသည် ပျော်ဝင်ကုန်ခြင်းကြောင့် အင်ဂျင်တစ်ခုလုံး ပျက်စီးမှု မျိုးစုံးကြုံတွေ့ရပါမည်။