ယာဉ်တိုက်မှုအန္တရာယ်လျှော့ချခြင်းနည်းလမ်းများ

ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ပြောင်းလဲခဲ့သည့် မူဝါဒများတွင်မော်တော်ယာဉ်အသစ်တင်သွင်းခွင့်နှင့် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုခွင့်ပြုခဲ့ခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။
ထိုအပြောင်းအလဲကြောင့်ဟောင်းနွမ်းနေသည့်သက်တမ်းရင့်ယာဉ်များပျောက်ကွယ်လာခဲ့ပြီး မော်တော်ယာဉ်အသစ်များလမ်းမများ၌အစားထိုးနေရာယူလာခြင်းကိုအချိန်တိုအတွင်းမြင်တွေ့လာရသည်။
ယာဉ်အသစ်များဝင်ရောက်နေရာယူလာချိန်တွင်မော်တော်ယာဉ်ဈေးနှုန်းများက မထင်မှတ်လောက်အောင် ကျဆင်းခဲ့ခြင်းက မြန်မာနိုင်ငံအတွက်သိသာသည့်အပြောင်းအလဲဖြစ်လာခဲ့သည်။
ယင်းလုပ်ငန်းစဉ်၏ နောက်ဆက်တွဲသက်ရောက်မှုများကိုမူတစ်နေ့တခြားသိသာစွာရင်ဆိုင်လာရပါသည်။ သာမန်အားဖြင့် လူအများသတိထားမိသည်မှာ ပြောင်းလဲခဲ့သောမော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူ ဝါဒကြောင့်ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုဆိုးရွားနေသည့်ပုံရိပ်များဖြစ်သည်။
ယင်းမှာ ၂၀၁၁ ကစတင်လိုက်သည့်အဆိုပါမူဝါဒနှင့်အတူတစ်ပါတည်းပါလာသည့်ပြဿနာမှာယာဉ်မတော် တဆဖြစ်မှုအရေအတွက်တိုးမြင့်လာခြင်းဖြစ်သည်။

ထိုသို့ယာဉ်မတော်တဆမှုတိုးမြှင့်လာခြင်းမှာမော်တော်ယာဉ်ဈေးများကျဆင်းလာခြင်းနှင့်မောင်းနှင်ရာတွင် ကျွမ်းကျင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟုယာဉ်မောင်းအများစုကဆိုသည်။
အချို့သောယာဉ်မောင်းများမှာမောင်းနှင်ရာတွင်စနစ်တကျသင်ယူတတ်မြောက်ထားခြင်းမရှိဘဲ အလျဉ်းသင့်သလိုသင်ယူ၍လမ်းပေါ်တက်မောင်းနှင်ခြင်းများကြောင့်အမှားအယွင်းဖြစ်ပွားမှုများကိုပိုမိုတွေ့ လာရသည်ဟုလည်းသိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင်မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒမပြောင်းလဲမီ ၂၀၁၀ ကယာဉ်စီးရေ နှစ်သိန်းကျော်သာရှိပြီးယင်းနောက်ပိုင်းမှစ၍ တစ်နှစ်လျှင်ယာဉ်စီးရေတစ်သိန်းခန့်စီတိုးတက်လာခဲ့ရာ ၂၀၁၅ နှစ်ကုန်တွင်ယာဉ်စီးရေခြောက်သိန်းခန့်အထိရှိလာခဲ့သည်။
ယာဉ်စီးရေတိုးမြင့်လာခြင်းနှင့်အတူဆက်စပ်၍ ဖြစ်ပေါ်လာသည့်ယာဉ်မတော်တဆဖြစ်မှုများ၂၀၁၀ တွင် အမှုပေါင်းကိုးထောင်ခန့်ရှိခဲ့ရာမှ ၂၀၁၅ တွင်တစ်သောင်းခွဲကျော်အထိတိုးလာခဲ့ကြောင်း အစိုးရထုတ်ပြန်ထားသည့်မော်တော်ယာဉ်မတော်တဆမှုဖြစ်ပွားမှုဆိုင်ရာနှစ်အလိုက် ထုတ်ပြန်ချက်စာရင်းများကသက်သေပြနေသည်။
အဆိုပါစီမံကိန်းကဏန်းများအရတစ်နှစ်လျှင်ယာဉ်မတော်တဆမှုအရေအတွက်တစ်ထောင်ခန့်စီ တိုးလာသည်ကိုတွေ့ရှိရသည်။
ယာဉ်မတော်တဆမှုများကြောင့်အသက်ဆုံးရှုံးခဲ့ရသူအရေအတွက်မှာလည်း လေးနှစ်တာကာလအတွင်း ထက်ဝက်ခန့်တိုးလာသည်။
၂၀၁၀ က ယာဉ်မတော်တဆမှုကြောင့်သေဆုံးခဲ့ရသည့် အရေအတွက်သည် နှစ်ထောင်ကျော်သာရှိခဲ့ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းတွင်သေဆုံးသူဦးရေလေးထောင်ကျော်ရှိလာခြင်းဖြစ်သည်။
ထိုအရေအတွက်မှာ မြန်မာနိုင်ငံ၌ ဖြစ်ပွားမှုအများဆုံးနှင့် ရောဂါကြီးစာရင်းသတ်မှတ်ခံထားရသည့် ငှက်ဖျားရောဂါကြောင့်သေဆုံးရသည့် ဦးရေထက်ပိုများနေသည်။

ယာဉ်မတော်တဆမှုဖြစ်ပွား ရခြင်းအကြောင်းရင်းတွင် လူ ကြောင့်ဖြစ်ပွားရခြင်း၊ လမ်း ကြောင့်ဖြစ်ပွားရခြင်းနှင့် စက် ပစ္စည်းကြောင့် ဖြစ်ပွားရခြင်းဟူ၍ သုံးမျိုးရှိသော်လည်း မြန်မာနိုင်ငံ တွင်တော့ လူကြောင့်ဖြစ်ပွားရ သည့် ဖြစ်စဉ်များကိုသာ အများဆုံးတွေ့မြင်ရလေ့ရှိသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကဆိုသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်အများစုတွင်ယာဉ်မောင်းမကျွမ်းကျင်မှုကြောင့် ဖြစ်ပွားရသည့်အတွက် အသိပညာပေးမှုကို ပိုမိုပြုလုပ်နေရသော်လည်းအမှန်တကယ်လမ်းပေါ်ထွက်မောင်းနှင်ရာတွင် အသိပညာပေးပြောကြားချက်များကိုလိုက်နာမှုမရှိကြတော့ကြောင်းကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနအကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
ယာဉ်စီးရေများလာခြင်းကြောင့်ယာဉ်တိုက်မှုပိုများလာသည်ဆိုသောအချက်မှာလည်းလူတစ်ဦးချင်းစီ၏ အသိတရားပေါ်တွင်သာအခြေခံသည်ဟုသိရသည်။
မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒပြောင်းလဲလိုက်ပြီးနောက်ယာဉ်ကြောကျပ်တည်းမှုကို ဆိုးရွားစွာကြုံတွေ့ခံစားရသည့်မြို့မှာရန်ကုန်မြို့ဖြစ်ပြီးယာဉ်မတော်တဆဖြစ်မှု အများဆုံးဖြစ်နေသည်မှာလည်း ယင်းမြို့သာဖြစ်နေသည်။
ပြီးခဲ့သည့် ၂၀၁၅ တစ်နှစ် တည်း၌ပင် မြန်မာနိုင်ငံတွင်ယာဉ် မတော်တဆမှု ၁၅,၄၀၆မှုနှင့်သေ ဆုံးသူ ၄,၂၃၃ ဦးရှိခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး၌ ၂,၆၂၄ မှုမှ သေဆုံးသူ ၅၇၄ ဦးဖြင့်အများဆုံး အဖြစ် ရပ်တည်ခဲ့သည်။
အခြားတိုင်းနှင့်ပြည်နယ် များတွင် ယာဉ်တိုက်မှုများ၌ မော်တော်ဆိုင်ကယ်တိုက်မှုအများဆုံး ဖြစ်ခဲ့ပြီး ရန်ကုန်၌မူ မော်တော် ယာဉ်တိုက်မှုသာအများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်စဉ်များကို ကြည့်လျှင် အသက်မပြည့်သေးသူ မောင်းနှင်ခြင်းကြောင့် ဖြစ်ပွားမှု မျိုးမရှိသေးသော်လည်း သက်မှတ် လိုင်စင်အမျိုးအစားမဟုတ်ဘဲမောင်းနှင်လာခြင်းနှင့် ယာဉ် မောင်းသက် မကြာသေးသူများ မတော်တဆဖြစ်ပွားမှုနှုန်း ပို၍အ တွေ့ရစိပ်လာသည်ဟုယာဉ်ထိန်း ရဲတပ်ဖွဲ့ကဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၌ ထိုသို့ ယာဉ်မတော်တဆဖြစ်ပွားမှုနှုန်း တိုးလာခြင်းမှာ နိုင်ငံအတွက် စိုး ရိမ်စရာ အခြေအနေဖြစ်လာခဲ့ သော်လည်း အစိုးရအနေဖြင့် ထိ ရောက်စွာ နည်းလမ်းရှာဖွေ၍ လျှော့ချမှုများ မပြုလုပ်နိုင်ခဲ့ကြောင်းဝေဖန်ထောက်ပြမှုများလည်းရှိနေခဲ့သည်။
မြန်မာနိုင်ငံ၌ နိုင်ငံလုံးဆိုင် ရာ အမျိုးသားအဆင့်လမ်းလုံခြုံစိတ်ချရေးလက်တွေ့အကောင်အထည်ဖော်ရန် စီမံကိန်းကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့် အာ ရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ လမ်းညွှန်ချက်များနှင့်အညီ ရေး ဆွဲချမှတ်မှုကိုမူ ၂၀၁၃ မတိုင်မီက ပြုလုပ်ခဲ့သည်။
အဆိုပါစီမံကိန်းတွင် နှစ်စဉ် လမ်းမပေါ်၌ သေဆုံးမှု ၇၅ ရာ ခိုင်နှုန်းလျော့ကျရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုင်ကယ်စီး ဦးထုပ်များကို စီးနင်းသူများ၏ ၉၀ ရာခိုင်နှုန်း အသုံးပြုရန်နှင့် ကားစီးနင်းစဉ် ၇၀ ရာခိုင်နှုန်းအ ထိ ခါးပတ်ပတ်ထားရန် စသည် အချက်များကို ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။
သို့သော် ၂ နှစ်ကျော်ကြာ သည်အထိ ထိရောက်သည့် လုပ် ဆောင်ချက်များ တွေ့မြင်ရခြင်း မရှိသေးသကဲ့သို့ ယာဉ်မတော် တဆမှုများကျဆင်းမှုရှိမလာသေး ခြင်းကြောင့် ယင်းစီမံချက် လက် တွေ့ဖြစ်ပေါ်လာစေရန် တိုက် တွန်းမှုများလည်းရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး ကညနရုံးတိုင်းဦးစီးအရာရှိကလည်း ယာဉ်မတော်တဆမှုများလျော့ပါးစေရေး အသိပညာပေးမှု များကိုသာ ပို၍ ထိထိရောက်ရောက်လုပ်ဆောင်သွားရန်လိုအပ်သည်ဟုမှတ်ချက်ပြုသည်။
ယခုအခါ အသက်အန္တရာယ်ထိခိုက်မှု စိုးရိမ်ရသည့် ရောဂါကြီးအချို့ကို စီမံချက်များ ချမှတ်၍နှစ်အလိုက် လျှော့ချမှုပြုလုပ်နေနိုင်ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ကြွေးကြော်ထားချိန်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်း တက်နေခြင်း၊ ထိခိုက်သေဆုံးမှုနှုန်းကြီးထွားနေခြင်းက မကြာမီတက်လာမည့် အစိုးရသစ်အတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။
မည်သို့ဆိုစေ ရန်ကုန်မြို့ကားကျပ်သောလမ်းမများအပါအဝင်မြန်မာနိုင်ငံအနှံ့ရှိကားလမ်းမများထက်တွင် တစ်နေရာမဟုတ်တစ်နေရာ၌ ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှုများမှာနေ့စဉ် ဖြစ်ပွားလျက်ရှိပြီး မတော်တဆမှု များကို လျှော့ချရန် လိုအပ်နေပါသည်။

Source:icar

Read 1627 times