ယခုနှစ်အတွင်းတိုက်ကြေကားအပ်နှံမှုပျမ်းမျှအစီးငါးဆယ်ကျော်ရှိ


ယခုနှစ်အတွင်း တိုက်ကြေကားအပ်နှံမှုတစ်လလျှင်ပျမ်းမျှအစီးငါးဆယ်ကျော်အထိရှိကြောင်းသန်လျင်ကညန ရုံးမှသိရသည်။

၂၀၁၆ ခုနှစ်ဇူလိုင်လ ၂၆ ရက်မှစ၍ ပစ်ကပ်နှင့်လိုက်ထရပ်ယာဉ်များအပ်နှံပါက ကုန်တင်ယာဉ်အမျိုးအစားကိုသာ တင်သွင်းခွင့်ပေးမည်ဟု သတင်းထုတ်ပြန်ပြီးနောက်ပိုငးတိုက်ကြေအဖြစ် လုပ်ကြံအပ်နံှမှုများလျော့နည်းသွားခဲ့သည်။

ထို့ပြင်လူစီးကားများဈေးမြင့်တက်ပြီးစလစ်ဈေးများကျဆင်းနေခြင်းကြောင့်လုပ်ကြံဖန်တီးပြီး အပ်နှံမှုနည်းလာကြောင်းသိရသည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လမှ ၂၀၁၆ ခုနှစ်အထိတိုက်ကြေကားအစီးရေ ၂၇၂၃ စီးလာရောက်အပ်နှံခဲ့ပြီး ယခုနှစ်အတွင်းဇန်နဝါရီလတွင် ၄၇ စီး၊ ဖေဖော်ဝါရီလတွင် ၅၄ စီး၊ မတ်လတွင် ၈၉ စီး၊ ဧပြီလတွင် ၂၇ စီးနှင့် မေလ ၂၃ ရက်အထိ ၄၉ စီးအပ်နှံခဲ့ကြောင်းသိရသည်။

သက်တမ်းနှစ်နှစ်ဆယ်စလစ်ဈေးများကျဆင်းသွားခြင်းနှင့်အတူတိုက်ကြေကားစလစ်ဈေးများလည်းကျဆင်းသွားပြီး ကျပ် ၈၁ သိန်းဝန်းကျင်သာရှိကြောင်းသိရသည်။

တိုက်ကြေးကားအပ်နှံ၍ အစားထိုးယာဉ်ပြန်လည်တင်သွင်းခွင့်ပေးရာတွင် CIF တန်ဖိုးတူသည့်ယာဉ်ကိုသာပြန်လည်တင်သွင်းခွင့်ပေးပြီး ယခုနှစ် CIF တန်ဖိုးတွင်မပါဝင်သော မိုဒယ်နိမ့်ကားများတိုက်ကြေအဖြစ်အပ်နှံပါကယခုနှစ် CIF တွင်ပါရှိသောတန်ဖိုးအနိမ့်ကားကိုသာ တင်သွင်းခွင့် ရမည်ဖြစ်ကြောင်းသိရသည်။

Read 1933 times