ဥရောပဆန်သော အငွေ့အသက်များကို တွေ့မြင်ရသည့် Suzuki Splash


၁၃ဝဝ စီစီ City Car များထဲတွင် Suzuki Splash သည် ထုတ်လုပ်သောသက်တမ်း မကြာသေးသည့်အတွက် Swift ၊ Vitz ၊ Ractis ၊ Demio ၊ Belta ၊ Passo များနှင့်ယှဉ်လျှင် လူသိနည်းနေပါသေးသည်။

Suzuki Motor နှင့် ဂျာမနီကားကုမ္ပဏီ Adam Opel AG တို့ ပူးပေါင်းထုတ်လုပ်ထားသည့်အတွက် ဥရောပဆန်သော အငွေ့အသက်သော တွေ့ရသော်လည်း ကားဒီဇိုင်းနှင့် အတွင်းဂရိတ်အခြေအနေများကြောင့် Suzuki Swift လောက် ဈေးကွက်အောင်မြင်မှု မရသေးပေ။

Suzuki Splash ကို ၂ဝဝ၈ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်မထုတ်လုပ်သည့်အတွက် ၂ဝ၁၄ ခုနှစ်အထိကို မိုဒယ် ငါးခုသာ ရှိပါသေးသည်။

ထိုကားကို Opel ကားကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး Opel Agila ကား၏ ဒီဇိုင်းကို အနီးစပ်ဆုံး ယူထားခြင်းဖြစ်ပါသည်။

Splash ကို Concept Car အနေနှင့် 2006 Paris Auto Show မှာ ပြသခဲ့ပြီး ထုတ်လုပ်မှုအချောသပ် ဒီဇိုင်းကိုတော့ 2007 Frankfurt Auto Show မှာ ပြသခဲ့ပါသည်။

ဂျပန်ပြည်တွင်းဈေးကွက်နှင့် ဥရောပကားဈေးကွက်မှာ Splash သည် Suzuki Swift လောက် အောင်မြင်မှုမရသေးသော်လည်း Suzuki Solio နှင့်ယှဉ်လျှင် ဈေးကွက်ဝေစုပိုရရှိထားပါသည်။

ထိုကားကို အိန္ဒိယ Suzuki ကုမ္ပဏီမှ Maruki Suzuki Ritz နှင့် တရုတ်နိုင်ငံတွင် Changhe Suzuki ဆိုပြီး ထုတ်လုပ်ခဲ့ခြင်းရှိပါသည်။

Suzuki Splash ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၂ဝဝ စီစီနှင့် ၁၃ဝဝ စီစီ ထုတ်လုပ်ထားပြီး ၁၃ဝဝ စီစီကိုတော့ ဒီဇယ်အင်ဂျင်နှင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ဂျပန်ပြည်တွင်းအသုံးပြုရန် ၁၂၄၂ စီစီကိုသာ အများဆုံးထုတ်လုပ်ထားသည့်အတွက် ဂျပန်လေလံမှာလည်း ၁၂ဝဝ စီစီအနေနှင့်သာ ဝယ်လို့ရပါသည်။

Chassis အနေနှင့်ကြည့်မည်ဆိုလျှင် ၁ဝဝဝ စီစီ က K10B ၊ ၁၂ဝဝ စီစီက K12B ဆိုပြီး အလွယ်တကူ ခွဲလို့ရပါသည်။

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းနှင့်သာ ထုတ်လုပ်ထားသည့်အတွက် မြန်မာပြည်ကထုတ်လုပ်သော Suzuki Ertiga ကဲ့သို့ ရွေးချယ်စရာဆိုလို့ ကားအရောင်သာရှိပါသည်။

၂ဝ၁၁ မိုဒယ်တွင်ဆိုလျှင်လည်း Base Grade တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး နောက် Spoiler ၊ နောက် Wiper ပါရှိသော်လည်း ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးသာ ပါပါသည်။

ထို့နောက် Suzuki Swift ကဲ့သို့ Digital Aircon မဟုတ်ဘဲ လက်လှည့်သာ တပ်ဆင်ထားပါသည်။

ထိုကား၏ အားသာချက်မှာ အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားသည့်အတွက် ကားအောက်ပိုင်း အနည်းငယ် မြင့်သွားပါသည်။

Suzuki Splash ကို ရန်ကုန်လိုင်စင် အက္ခရာအနိမ့်ထဲက ရွေးချယ်ဝယ်ယူမည်ဆိုလျှင် အရောင်နှင့် ကားအခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၁၃ဝ နှင့် ၁၅ဝ ကြားတွင် ရှိပါသည်။

 

Read 1177 times