မီးခိုးအရောင်များမှပြောသော ကား၏ ရောဂါလက္ခဏာများ


သင့်ကားကနေ မီးခိုး ဘာအရောင်ထွက်နေလဲ၊ ဘယ်မီးခိုးအရောင်က သင့်ကား ဘာရောဂါဖြစ်နေတယ်ဆိုတာကို ဖော်ပြနေတယ်ဆိုတာ သင်သိပါသလား?

သင့်ကားအိတ်ဇောပိုက်ကနေ အရောင်အမျိုးမျိုးသော အိတ်ဇောငွေ့တွေထွက်နေပါတယ်။ သင့်ကားမှာ ဘာ warning light မှ မပေါ်ဘဲ အရောင်တစ်မျိုးမျိုးသော အိတ်ဇောငွေ့တွေထွက်နေပြီဆိုရင် သင့်ကားရဲ့ စက်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေ တစ်ခုခုချို့ယွင်းနေပါပြီ။ အဲဒီအိတ်ဇောငွေ့အရောင်တွေကို ဂရုစိုက်လေ့လာထားခြင်းအားဖြင့် သင့်ကားရဲ့ရောဂါလက္ခဏာတွေကို သင်သိနိုင်ပြီး ကြီးကြီးမားမားပျက်ဆီးဆုံးရှုံးမှုမဖြစ်ခင် အချိန်မီကာကွယ်ပြုပြင်နိုင်မှာဖြစ်ပါတယ်။ ကားအိတ်ဇောကနေ ထွက်ပေါ်လာတဲ့ အရောင်အမျိုးမျိုးသော မီးခိုးငွေ့တွေအကြောင်းဖော်ပြပေးပါ့မယ်။

 

၁။ အပြာရောင်မီးခိုးတွေထွက်နေတယ်ဆိုရင်

အိတ်ဇောပိုက်ကနေ အပြာရောင်မီးခိုးတွေထွက်နေခြင်းအကြောင်းရင်းက အင်ဂျင်ခန်းတွင်းမှာ အင်ဂျင်ဝိုင်တွေရောပြီး မီးလောင်ကျွမ်းရခြင်းရဲ့ ထင်ရှားသောအကြောင်းရင်းပါ။ အင်ဂျင်ထဲက valve guide seals တွေပျက်ဆီးနေမယ်၊ ပစ်စတင် (piston ring) တွေပျက်ဆီးနေမယ်ဆိုရင် ချောဆီအဖြစ်ဆောင်ရွက်နေတဲ့ အင်ဂျင်ဝိုင်တွေက သူရှိရမယ့်နေရာကနေ အင်ဂျင်မီးလောင်ခန်းထဲယိုစိမ့်ပြီး (ဓာတ်ဆီ၊ ဒီဇယ်) လောင်စာဆီတွေနဲ့အတူ မီးလောင်ပါတော့တယ်။ အဲဒီအတွက် အပြာရောင်မီးခိုးတွေထွက်လာရခြင်းပါ။အဲဒီလို အပြာရောင်မီးခိုးတွေအများကြီးထွက်လာပြီဆိုရင် ပထမဆုံးလုပ်ဆောင်သင့်တာက သင့်ကားအင်ဂျင်ဝိုင် ဘယ်လောက်လျော့သွားသလဲဆိုတာ ပုံမှန်စစ်ဆေးပါ။ အင်ဂျင်ဝိုင်တွေ တအားစားသွားတယ်ဆိုရင်တော့ ပြုပြင်ဖို့ချက်ခြင်းလုပ်ဆောင်သင့်ပါတယ်။

ဂရုစိုက်မှုမရှိဘဲ ပေါ့ပေါ့ဆဆနဲ့ အချိန်ကြာသွားရင် အင်ဂျင်အတွင်းပိုင်းကလီစာတွေထိခိုက်ပြီး ပိုက်ဆံအကုန်အကျများသွားနိုင်ပါတယ်။ ခြွင်းချက်တစ်ချက်အနေနဲ့က သင့်ကားအင်ဂျင်က အိုနေမယ် အင်ဂျင်ကျနေမယ်၊ ပြီးတော့ မီးခိုးကလည်း နည်းနည်းပဲလိုက်ပြီး အင်ဂျင်ဝိုင်စားတာကလည်း နည်းနည်းလေးပဲဆိုရင်တော့ အင်ဂျင်ဝိုင်ကိုပုံမှန်လေးဖြည့်ပေးပြီး မှေးသုံးနိုင်ပါတယ်။ အင်ဂျင်ဝိုင်မီးလောင်ခြင်း အခြားသက်ရောက်မှုအနေနဲ့ အနှိုးထိုင်းတာနဲ့ ကားပလပ် (spark plug) ပျက်စီးတာတွေလည်း အပိုဖြစ်နိုင်ပါသေးတယ်။ တာဘို (turbocharged) ပါတဲ့ အင်ဂျင်တွေဆိုရင်တော့ အပြာရောင်မီးခိုးတွေထွက်တာဟာ blower ပြုပြင်လဲလှယ်ရမယ်ဆိုတဲ့ ရောဂါလက္ခဏာတခုပါပဲ။

 

၂။ မီးခိုးရောင်မီးခိုးတွေထွက်နေတယ်ဆိုရင်

အိတ်ဇောပိုက်ကနေ မီးခိုးရောင်တွေထွက်တာကလည်း အပေါ်က အပြာရောင်လို အင်ဂျင်ဝိုင်တွေလောင်ကျွမ်းတာ၊ တာဘိုက blower တွေလဲလှယ်ဖို့လိုနေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မီးခိုးရောင်မီးခိုးတွေမြင်ရင်လည်း အင်ဂျင်ဝိုင်ဘယ်လောက်စားနေသလဲ စစ်ဆေးကြည့်ပါ။မီးခိုးရောင်တွေထွက်ရတဲ့ အခြားအကြောင်းရင်းက အော်တိုဆီ (automatic transmission fluid) တွေ အင်ဂျင်ထဲဝင်ပြီး လောင်ကျွမ်းခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ Transmission vacuum modulator ကပျက်၊ အင်ဂျင်ထဲကို အော်တိုဆီတွေစုပ်သွင်းပြီး မီးလောင်ကျွမ်းတာကြောင့်လည်း မီးခိုးရောင်မီးခိုးတွေ ထွက်တတ်ပါတယ်။

အခြားအကြောင်းတစ်ချက်ကတော့ PCV Valve (Positive Crankcase Ventilation) ကပ်နေတာကြောင့်လည်းဖြစ်တတ်ပါတယ်။ PCV Valve ဆိုတာက မီးလောင်ကျွမ်းပြီးတဲ့ အငွေ့တွေ မီးလောင်ခန်းထဲကို ပြန်ပြီးမဝင်အောင် ကာကွယ်ပေးထားတဲ့အရာပါ။ အဲဒီလို PCV Valve ကပ်နေမယ်ဆိုရင် အတွင်းပိုင်းမှာ ဖိအားတွေဖြစ်စေပြီး အင်ဂျင်ဝိုင်ယိုစိမ့်မှုကို ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် အိတ်ဇောကနေ မီးခိုးရောင်တွေထွက်နေမယ်၊ အင်ဂျင်ဝိုင်လည်း တအားစားနေမယ်ဆို ကျွမ်းကျင်ဝပ်ရှော့ပို့ပြီးစစ်ဆေးမှုလုပ်သင့်ပြီလို့ အကြံပြုချင်ပါတယ်။

 

၃။ အဖြူရောင်မီးခိုးတွေထွက်နေတယ်ဆိုရင်

အိတ်ဇောပိုက်ကနေ အဖြူရောင်မီးခိုးထွက်ရခြင်းကတော့ အခြေအနေအရပ်ရပ်ရှိတယ်လို့ပြောချင်ပါတယ်။ ဟိုတစ်နေ့က အစ်ကိုတစ်ယောက်လာမေးသလို မနက်ခင်း ကားစက်နှိုးနှိုးခြင်း မီးခိုးဖြူတွေထွက်တယ်ဆိုတာမျိုးပေါ့။ မနက်ခင်း စက်စနှိုးနှိုးခြင်းမီးခိုးဖြူတွေထွက်တယ်။ ထွက်တဲ့မီးခိုးပမာဏကလည်း နည်းနည်းလေးပဲဆိုရင်တော့ ဘာပြဿနာမှမရှိဘူးလို့ပြောချင်ပါတယ်။ အဲ့ဒါဟာ အိတ်ဇောပိုက်ထဲမှာ ရေခိုးရေငွေ့တွေနဲ့ ဓာတ်ငွေ့အကြွင်းအကျန်တွေ ငွေ့ရည်ဖွဲ့ခြင်းရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုမလို့ပါပဲ။ အဲလိုပဲ မနက်ပိုင်း စစနှိုးခြင်း မီးခိုးဖြူလေးနည်းနည်းထွက်ပြီး ခဏဆိုပျောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ကားစက်နှိုးပြီးချိန်မဟုတ်ဘဲ မောင်းနေတဲ့အချိန်တွေမှာပါ မီးခိုးအဖြူတွေအများကြီးဆက်ထွက်နေမယ်ဆိုရင်တော့ ရောဂါအကြီးကြီးတက်နေပါပြီ။

အဲဒါဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ အင်ဂျင်ထဲမှာ coolant ရေတွေယိုစိမ့်၊ အင်ဂျင်မီးလောင်ခန်းထဲကိုဝင်ပြီး မီးလောင်နေပါပြီ။ အဲဒီကနေ head gasket ပျက်မယ်၊ cylinder head ပျက်မယ်၊ engine block တွေလည်းပျက်ဆီးနိုင်ပါတယ်။ အကုန်လုံးကတော့ ငွေကုန်ကြေးကျများမယ့် ပြင်ဆင်မှုတွေချည့်ပါပဲ။ အဲဒါကို သေချာဂရုစိုက်ပြီး မပြုပြင်ဘူးဆိုရင် အခြေအနေပိုဆိုးလာပြီး coolant တွေယိုဖိတ်မှုကနေစလို့ အင်ဂျင် heat တက်ပြီး အင်ဂျင်တစ်ခုလုံးပျက်စီးဆုံးရှုံးစေမှာပါ။ Coolant နဲ့အင်ဂျင်ဝိုင်တွေရောနှောခြင်းကလည်း သင်နဲ့သင့်ကားနှစ်ခုစလုံးကို ခေါင်းကိုက်စေမှာဖြစ်ပါတယ်။ သင့်ကားက ဒီဇယ်အင်ဂျင်လည်းဖြစ်မယ်၊ ကားစ စက်နှိုးနှိုးခြင်း အဖြူရောင် မီးခိုးတွေအများကြီးထွက်မယ်ဆိုရင်တော့ အဲ့ဒါ fuel pump injection တိုင်ပင်အောက်တဲ့ ရောဂါပါ။ ကျွမ်းကျင်ဝပ်ရှော့မှာ အမြန်သွားရောက်ပြုပြင်သင့်ပါတယ်။

 

၄။ အမဲရောင် မီးခိုးတွေထွက်နေတယ်ဆိုရင်

အမဲရောင် မီးခိုးအများကြီးထွက်ရခြင်းကတော့ အင်ဂျင်ထဲမှာ လောင်စာဆီတွေ လိုအပ်တာထက် ပိုလောင်ကျွမ်းနေတယ်ဆိုတဲ့ ရောဂါလက္ခဏာပါ။ ပြောရရင် ဆီပိုစားနေတာပါ။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ လေစစ် (air-filter) မကောင်းတာ၊ fuel injector မကောင်းတာ၊ fuel pressure regulator တွေရဲ့ sensor တွေချို့ယွင်းတာတွေဖြစ်နိုင်ပါတယ်။ Fuel return line ပိတ်ဆို့တာကြောင့်လည်း ဖြစ်တတ်ပါတယ်။

အိတ်ဇောကနေ မီးခိုးလိုက်မလိုက် ဘယ်လိုစစ်ဆေးမလဲ

(၁) ကားကို ပါကင်ဘရိတ် (hand brake) ဆွဲထားပြီး အော်တိုဂီယာ အမျိုးအစားကားဖြစ်ပါက P (Park) နေရာ (သို့မဟုတ်) manual ကားအမျိုးအစားဖြစ်ပါက (neutral ) ဂီယာ ဖရီးအနေအထားမှာထားပါ။

(၂) ကားစက်နှိုးပါ။ ကားကို idle (slow) အခြေအနေထားပါ။ လီဘာမနင်းပါနဲ့။

(၃) ကားအင်ဂျင်ကို ပုံမှန်အလုပ်လုပ်ဆောင်သော အပူချိန် (normal opearting temperature) အခြေအနေရောက်အောင်ထားပါ။ ပုံမှန်အားဖြင့် ၁၀ မိနစ်ကနေ မိနစ် ၂၀ လောက်အထိကြာနိုင်ပါတယ်။

(၄) အဲဒီအချိန်ရောက်ပြီဆိုမှ ကားကို လီဘာ နင်းလိုက်/လွှတ်လိုက် လုပ်ပေးပါ။

(၅) အဲအချိန်ရောက်ပြီဆို သင့်ကားအင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုရှိပါက ကားအိတ်ဇောပိုက်ကနေ အရောင်အမျိုးမျိုးသော မီးခိုးအငွေ့တွေထွက်လာပါလိမ့်မယ်။

 

အခုဆိုရင် ကားအင်ဂျင်ကနေ ထွက်လာတဲ့ မီးခိုးအရောင်တွေကိုကြည့်ပြီး သင့်ကားဘာတွေဖြစ်နေတယ်ဆိုတာ အကြမ်းဖျင်းခန့်မှန်းပြီး ကြီးကြီးမားမားပျက်စီးမှုမဖြစ်ခင် အချိန်မီပြုပြင်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။

သင့်ကားကနေပြနေတဲ့ သေးသေးမွှားမွှားရောဂါလက္ခဏာလေးတွေကို သင်ဂရုစိုက်မှ သင့်ကားလည်း သက်တမ်းရှည်ပြီး သင့်ပိုက်ဆံအိတ်ထဲက ငွေတွေလည်းသက်တမ်းရှည်ပါလိမ့်မယ်။

Read 2133 times