တံခါးပေါက်အဆန်းထွင်ထားသော ဒီဇိုင်းဖန်တီးထားသည့် စုပေါင်းအငှားယာဉ် Renault EZ-GO


ပြင်သစ်ကားကုမ္ပဏီ Renault သည် နေအိမ်၏ အခန်းတစ်ခန်းအဖြစ် အသုံးပြုနိုင်သော Symbioz ရှေ့ပြေးနမူနာကားကို မိတ်ဆက်ပြသခဲ့ပြီးနောက် ထပ်မံမိတ်ဆက်ပေးခဲ့သည်က EZ-GO ဖြစ်ပါသည်။

ပြီးခဲ့သည့်ဂျီနီဗာကားပြပွဲတွင် ထုတ်ဖော်ပြသခဲ့သော EZ-GO သည် တစ်ဦးတည်း ကိုယ်ပိုင်အသုံးပြုရန်ထက် စုပေါင်းအငှားယာဉ်ပုံစံသုံးစွဲရန် ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ပါသည်။

EZ-GO ကိုယာဉ်ကြောကျပ်သော မြို့ပြလမ်းများတွင် အကောင်းဆုံးမောင်းနိုင်ရန် ပိုးကောင်အိမ် (Cocoon) စတိုင်လ်တည်ဆောက်ထားပြီး မောင်းသူမပါဘဲ အလိုအလျောက်စနစ်နှင့် သွားလိုရာဆီသို့ရောက်အောင် ပို့ဆောင်ပေးမည့် Robo-vehicle ကားမျိုးဖြစ်ပါသည်။

EZ-GO ၏ ထူးခြားချက်က စီးသူများအတက်၊ အဆင်းလုပ်ရန် ဘေးတံခါးပေါက်များပါဝင်မည်မဟုတ်ဘဲ ထိုအစား ခေါင်မိုးကို ပေါ်လှန်ဖွင့်ပြီး ကားခေါင်းပိုင်းမှ အတက်အဆင်းလုပ်ရမည်ဖြစ်ပါသည်။

ဘီးတပ်ကုလားထိုင်အသုံးပြုနေသော သက်ကြီးရွယ်အိုများ၊ ကလေးလက်တွန်းလှည်းနှင့် မိဘများ အတက်အဆင်းလုပ်နိုင်ရန် ဆင်ခြေလျှောလှေကား (Ramp) ထည့်သွင်းပေးထားပါသည်။

ကားအတွင်းတွင် လူခြောက်ယောက်ကျယ်ကျယ်ဝန်းဝန်း ထိုင်စီးနိုင်ရန် U ပုံသဏ္ဍာန် ထိုင်ခုံများ တပ်ထားပါသည်။

စုပေါင်းအငှားယာဉ်ဖြစ်၍ သူစိမ်းများအကြားတစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး ရင်းနှီးမှုရယူနိုင်ရန် ပုံမှန်ထိုင်ခုံများအစား U ပုံသဏ္ဍာန်ထိုင်ခုံကို Renault က သုံးစွဲထားပါသည်။

စီးနင်းသူများနှင့်ပါလာမည့် ဝန်စည်စလယ်များထားရန် နေရာအကျယ်အဝန်း လုံလုံလောက်လောက်ရှိသည့်အပြင် Wi-Fi ၊ ကြိုးမဲ့ဖုန်းအားသွင်းစက်၊ ခရီးစဉ်အကြောင်းနှင့် ခန့်မှန်းခြေရောက်မည့်အချိန် စသည်များကို ဖော်ပြပေးသော ဒစ်ဂျစ်တယ်ဖန်သားပြင်တို့လည်းပါဝင်ပါသည်။

ဆိုင်းထိန်းစနစ်က လမ်းအခြေအနေအပေါ်မူတည်ပြီး မြှင့်ပေး၊ နှိမ့်ပေးနိုင်သောကြောင့် စီးနင်းရအဆင်ပြေပြီး အကွေ့အချိုးများအတွက် ကောင်းမွန်သော စတီယာရင်စနစ်ပါရှိပါသည်။

EZ-GO ကို အသုံးပြုချင်ပါက Application မှတစ်ဆင့် ခေါ်ယူနိုင်ပြီး ၂၄ နာရီ ဝန်ဆောင်မှုရမည်ဖြစ်ပါသည်။

ညဉ့်နက်ချိန်တွင်လုံခြုံစိတ်ချရစေရန် အမျိုးသမီးများ သီးသန့်စီးသော ဝန်ဆောင်မှုကိုလည်းတောင်းခံ၍ရပါသည်။

လျှပ်စစ်စွမ်းအင် သုံးစွဲမောင်းနှင်ခြင်းဖြစ်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရန် EZ-GO တွင် ရေဒါ၊ LiDar ၊ Ultra-sound နှင့် ကင်မရာစသော အလိုအလျောက်မောင်းနှင်မှုဆိုင်ရာ အာရုံခံကိရိယာအားလုံးကို အနောက်ဘက်လေပင့်အားထိန်းတောင်ပံပေါ်က Internal ထဲတွင် တည့်သွင်းထားပါသည်။

အဆင့်မြင့်နည်းပညာများ တပ်ဆင်ထားခြင်းကြောင့် ယာဉ်ကြောပြောင်းခြင်း၊ အခြားကားများကို ကျော်တက်ခြင်း၊ လမ်းဆုံလမ်းခွများ ဖြတ်သန်းခြင်းများအတွက် အဆင့်လေး အလိုအလျောက်မောင်းနှင်မှုစနစ်နှင့် လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

မတော်တဆ ထိခိုက်နိုင်ခြေကို ထောက်လှမ်းမိလျှင် သို့မဟုတ် တစ်စုံတစ်ရာ ချွတ်ယွင်းချက်ဖြစ်လျှင် EZ-GO ကို စိတ်ချရသော နေရာဆီ ရောက်သွားအောင်လည်း စီစဉ်ထားပါသည်။

ကားဘေးပတ်ပတ်လည်နှင့် ခေါင်မိုးများကို မှန်နှင့် ပြုလုပ်ပေးထားခြင်းကြောင့် သွားရာလမ်းတစ်လျှောက်ရှုခင်းများကို တစ်ဝကြီး ကြည့်ရှုခံစားနိုင်မည်ဖြစ်သကဲ့သို့ စိတ်ကြိုက်ဓာတ်ပုံရိုက်ခွင့်လည်း ရမည်ဖြစ်ပါသည်။

တစ်နာရီ မိုင် သုံးဆယ် အမြင့်ဆုံးနှုန်းဖြင့်သာ မောင်းနှင်နိုင်၍ လုံခြုံမှုရှိသော EZ-GO ကို ၂၀၂၂ ခုနှစ်တွင် စတင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေပြီး တစ်ဦးတစ်ယောက်ပိုင်အဖြစ် ရောင်းချမည်မဟုတ်ဘဲ စုပေါင်းအငှားယာဉ်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် တခြားစီးပွားရေးလုပ်ငန်းများအတွက်သ ဖြန့်ချိပေးသွားမည်ဖြစ်ပါသည်။

 

Read 729 times