ရေတိုင်ကီအဖုံး (Pressure Cap) နှင့် ပတ်သက်၍ သိသင့်သည့်အချက်များ


ရေတိုင်ကီများ၏ ရေဖြည့်ပေါက်တွင် pressure cap ခေါ် အအေးခံစနစ်၏ ဖိအားကို တိုးမြှင့်ပေးရန် အဖုံးတစ်ခုတပ်ဆင်ထားပါတယ်။ Radiator cap လို့လည်းခေါ်လေ့ရှိပါတယ်။ 

Pressure Cap ကို ရေတိုင်ကီပေါ်တွင်လည်းကောင်း၊ expansion tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီအသေးလေးပေါ်တွင်လည်းကောင်း တပ်ဆင်လေ့ရှိပါတယ်။ ရေတိုင်ကီများတွင် downflow radiator နှင့် crossflow radiator ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါတယ်။ Downflow radiator များကိုတော့ ၁၉၉၅ ရှေ့ပိုင်းထုတ်သော ယာဉ်များမှာသာ တွေ့ရမှာပါ။Downflow radiator များတွင် coolant သည် ရေတိုင်ကီ၏ အပေါ်မှဝင်ပြီး အပေါ်မှအောက်သို့ စီးဆင်းကာ ရေတိုင်ကီ၏ အောက်ဘက်မှ ပြန်ထွက်သွားတာပါ။ Crossflow radiator တွင် coolant သည် ရေတိုင်ကီ၏ ဘေးတစ်ဖက်မှဝင်ပြီး အခြားတစ်ဖက်သို့ ကန့်လန့်ဖြတ်စီးဆင်းတာပါ။

ခေတ်ပေါ်ယာဉ်များတွင် crossflow radiator အသုံးများပါတယ်။ Crossflow radiator တွေမှာ expansion tank ပါဝင်လေ့ရှိပြီး pressure cap ကို၎င်း tank ပေါ်တွင် တပ်ဆင်လေ့ရှိပါတယ်။အအေးခံစနစ်တွင် ဖိအားတစ်ပေါင် တိုးလာတိုင်း အရည်ဆူမှတ် ၁.၆ ဒီဂရီ စင်တီဂရိတ်ခန့်မြင့်တက်လာလေ့ပါတယ်။ရိုးရိုးရေသည် ပင်လယ်ရေမျက်နှာပြင် အခြေအနေတွင် ၁၀၀ ဒီဂရီ စင်တီဂရိတ်တွင် ရေဆူပြီး antifreeze ၅၀ ရာခိုင်နှုန်း ရောထားသော coolant သည် ၁၀၃ ဒီဂရီ စင်တီဂရိတ်တွင် အရည်ဆူသည်။အင်ဂျင်ထုတ်လုပ်သူများသည် အအေးခံစနစ်၏ ဖိအားကို ၁၃ ပေါင်မှ ၁၈ ပေါင် အထိမြှင့်တင်ထားလေ့ရှိပါတယ်။

ယင်းဖိအားရရှိစေရန် pressure cap ကို အအေးခံစနစ်တွင် တပ်ဆင်အသုံးပြုထားပြီး ဖိအားတန်ဖိုးကို pressure cap ၏ အပေါ်တွင် ဖတ်ရှု့နိုင်ပါတယ်။

Psi သို့မဟုတ် bar သို့မဟုတ် kPa တန်ဖိုးဖြင့် ဖော်ပြလေ့ရှိပါတယ်။

(1 bar = 14.5 psi, 1 bar = 100 kPa, 1 kPa = 0.145 psi)

Antifreeze ၅ဝ ရာခိုင်နှုန်းနှင့် ရေ ၅ဝ ရာခိုင်နှုန်း ရောထားသော coolant သုံးထားသော အအေးခံစနစ်တွင် ဖိအား ၁၅ ပေါင် (15 psi) ရှိသော pressure cap ကိုသုံးထားပါက ၎င်း coolant ၏ အရည်ဆူမှတ်သည် ၁၂၈ ဒီဂရီ စင်တီဂရိတ်ခန့်ထိ မြင့်တက်လာစေမှာပါ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် ပေ ၁ဝဝဝ မြင့်တက်သွားတိုင်း အရည်ဆူမှတ်သည် ဝ.၅ ဒီဂရီခန့် နိမ့်ကျသွားလေ့ ရှိသည်ကိုလည်း သတိပြုရမှာပါ။

အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်တစ်လုံး၏ လည်ပတ်ရန် အကောင်းဆုံး အပူချိန် (optimum operating temperature) ဖြစ်သော ၉ဝ-၉၃ ဒီဂရီ စင်တီဂရိတ် ကြားတွင် coolant ဆူပွက် လာမည်ကို ပူစရာမလိုဘဲ လည်ပတ်နိုင်မှာပါ။Coolant ၏ အရည်ဆူမှတ် မြင့်လာခြင်းကြောင့် အင်ဂျင်မှအပူကို ပို၍စုပ်ယူသယ်ဆောင် နိုင်လာစေပြီး ရေတိုင်ကီအတွင်း ဖြတ်သန်းချိန်တွင် ပြင်ပလေဖြင့် အအေးခံရာ၌ အပူကူးပြောင်းမှု ပိုမိုကောင်းမွန်စေပါတယ်။ အပူကူးပြောင်းခြင်း နိယာမအရ coolant နှင့် ပြင်ပလေ၏ အပူချိန် ကွာခြားချက်များလေလေ အပူကူးပြောင်းမှုနှုန်း ကောင်းလေလေပါ။

အအေးခံစနစ်၏ ဖိအားကိုမြှင့်တင်လိုက်ခြင်းဖြင့် ရေလည်အုံ (water pump) ၏ efficiency ကိုလည်း ပို၍ မြင့်တက်လာစေပါတယ်။ အအေးခံစနစ်ကို ဖိအားပေးမထားပါက ရေလည်အုံ၏ efficiency အပြည့်မရဘဲ ရေလည်အုံ အဝင်နေရာ၌ အလွယ်တကူ အရည်ဆူနိုင်ပြီး cavitation ဖြစ်စေနိုင်ပါတယ်။

Cavitation ဆိုသည်မှာ coolant အရည်ဆူပါက လေပူပေါင်းများ ဖြစ်ပေါ်လာပြီး ၎င်းလေပူပေါင်းများ အအေးခံစနစ်အတွင်း စီးဆင်းသွားရာမှ အအေးခံစနစ် အတွင်း၌ ပေါက်ကွဲခြင်းကိုခေါ်ပါတယ်။

Cavitation ကြောင့် ရေလည်အုံများ၊ စလင်ဒါလိုင်နာများ၌ ကျောက်ပေါက်မာကဲ့သို့ အပေါက်ငယ်လေး များဖြစ်ပေါ်စေပြီး အချိန်ကြာလာသောအခါ စလင်ဒါလိုင်နာများပေါက်၍ မီးလောင်ခန်းအတွင်းသို့ အအေးခံရည်များ ပေါက်ဝင်လာသည်အထိ ဖြစ်နိုင်ပါတယ်။ထို့ကြောင့် အအေးခံစနစ်တွင် သင့်တော် မှန်ကန်သော pressure cap ကို ရွေးချယ်၍ မှန်ကန်စွာ တပ်ဆင်အသုံးပြုသင့်ပါတယ်။

Pressure cap တွင် pressure valve, pressure spring,vacuum valve နှင့် sealing rings များပါဝင်ပါတယ်။ Pressure valve ကို ၎င်း၏ နောက်ဘက်ရှိ pressure spring ဖြင့် ဖိထားခြင်းဖြင့် ရေတိုင်ကီကို လုံအောင်ပိတ်ထားပေးပါတယ်။အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားကို ကျော်လွန်လာပါက pressure valve ပွင့်ပြီး coolant တချို့သည် ရေတိုင်ကီ၏ ရေပြန်ပိုက် မှတစ်ဆင့် expansion tank ခေါ် recovery tank ဟုခေါ်သော ပလတ်စတစ်ရေတိုင်ကီ အသေးလေးဆီသို့ စီးဆင်းသွားစေခြင်းဖြင့် အအေးခံစနစ်၏ မြင့်တက်လာသော ဖိအားကိုလျော့ကျစေပါတယ်။

အအေးခံစနစ်၏ ဖိအားသည် pressure spring ၏ဖိအားထက် နည်းသွားပါက စပရင်၏ တွန်းအားကြောင့် pressure valve ပြန်လည် ပိတ်သွားပြီး အအေးခံစနစ်၏ လိုအပ်သော ဖိအားကို ထိန်းသိမ်းပေးပါတယ်။Pressure valve ၏ အလယ်တည့်တည့်တွင် vacuum valve ကို တပ်ဆင်ထားပါတယ်။ အအေးခံစနစ်ပြန်လည် အေးသွားပြီး အအေးခံစနစ်၏ ဖိအားသည် ပြင်ပလေထု၏ ဖိအားထက် နည်းသွားပါက vacuum valve ပွင့်၍ expansion tank မှ coolant များ ရေတိုင်ကီ ထဲသို့ပြန်လည် စီးဆင်းဝင်ရောက် စေပါတယ်။

 

 

Read 3091 times