မော်တော်ယာဉ် ဒက်ချ်ဘုတ်မှ အင်ဂျင်ဝိုင်မီး (Oil Light) လင်းခြင်း


ကားမောင်းသွားနေစဉ် ဒက်ချ်ဘုတ်မီတာခွက်တွင် အင်ဂျင်ဝိုင်မီးနီလင်းပါက ကားအင်ဂျင်ထဲတွင် အင်ဂျင်ဝိုင်လျော့နည်းနေခြင်းဖြစ်ကြောင်းသတိပေးခြင်းဖြစ်ပါတယ်။ အင်ဂျင်ဝိုင် Pressure နည်းသွားလျှင်လည်း သတိပေးမီးနီလင်းလာပါတယ်။

အင်ဂျင်ဝိုင်မီးပြခြင်းသည် အင်ဂျင်အတွက်အရေးကြီးသော ကိစ္စဖြစ်ပါတယ်။ စက်ကိုချက်ချင်းရပ်လိုက်ပါ။ လည်ပတ်နေသော အင်ဂျင်အစိတ်အပိုင်းများသို့ ချောဆီအင်ဂျင်ဝိုင်အလုံအလောက်မရောက်နိုင်တော့၍ အင်ဂျင်ဆီငတ်ပြီး ကြီးမားစွာ ထိခိုက်ပျက်စီးနိုင်ပါတယ်။

အင်ဂျင်ဝိုင်လျော့နည်းသွားရခြင်းအကြောင်းရင်းများစွာရှိပါတယ်။အင်ဂျင်မိန်းဝိုင်းဆီ( Oilseal) များမှဆီယိုနေသလား၊ ပစ္စတင်ရင်း(Rings) များချောင်ပြီး အင်ဂျင်ဝိုင်စားနေသလား၊ အင်ဂျင်အောက်ပိုင်းရှိ ဆီခံခွက်( Crankcase) မှ အင်ဂျင်ဝိုင်များယိုစိမ့်နေသလား၊ အင်ဂျင်ကျပြီး အင်ဂျင်ဝိုင်မှုတ်ထုတ်နေသလား၊ ဆီစစ်ဘူးအထိုင်မှာ ဆီယိုထွက်နေသလား၊ Vaccum Pump သို့ဆီပို့ပေးသော ဆီပိုက်လိုင်းပေါက်ထွက်နေသလား(ဒီဇယ်ကားများတွင် ဆာဗိုအထွက် Vaccum Pump သို့အင်ဂျင်ဝိုင်ပိုက်လိုင်း အဝင်/အထွက်ကို ပိုက်ပျော့ဖြင့်ဆက်သွယ်ထားသည်) လမ်းကြမ်းများတွင် ကားမောင်းပါက အင်ဂျင် Crankcase ကိုကျောက်တုံး သစ်တုံးများဖြင့် ဝင်တိုက်မိပြီး Crankcase မှအင်ဂျင်ဝိုင်များယိုစိမ့်ထွက်ခြင်းကြောင့် အင်ဂျင်ဝိုင်လျော့နည်းသွားတတ်ပါတယ်။

စက်ဖုံးဖွင့်ပြီး အင်ဂျင်ဝိုင် Level တိုင်းပါ။ ဆီယိုရခြင်းအကြောင်းတရားကိုရှာဖွေပါ။ အပြစ်ရှာတွေ့ပြီး ပြုပြင်၍ရလျှင် အင်ဂျင်ဝိုင်ထပ်မံဖြည့်တင်းကာ လိုရာခရီးဆက်သွားပါ။ အင်ဂျင်ဝိုင်ထပ်ဖြည့်ပြီး အင်ဂျင်ကို စမ်းသပ်ကြည့်စဉ် ဆီမလုံ၊ ဆီယိုနေသော ပြဿနာကို မပြုပြင်နိုင်လျှင် ကားဆက်မောင်း၍ မရနိုင်ပါ။ ကျွမ်းကျင်သောစက်ဆရာကို ခေါ်၍ ပြုပြင်ကြည့်ပါ။ နောက်ဆုံးမရပါက ကားဝပ်လျှော့သို့ဆွဲသွားပါ။

အချို့ဒီဇယ်ကားမျာတွင် အင်ဂျင်ဝိုင် အအေးခံပေးသော Oil Cooler ပါရှိပါတယ်။ ဒီဇယ်ကား၏သဘာဝမှာ အင်ဂျင်ဝိုင်အနည်အနစ်များချိုးကပ်ပြီး Oil Cooler တွင် ပိတ်ဆို့နေတတ်ပါတယ်။ အင်ဂျင်ဝိုင်လဲလှယ်တိုင်း ဆီစစ်ဘူးအသစ်လဲပြီး Oil Cooler ကိုပါဖြုတ်ဆေးသင့်ပါတယ်။ Oil Cooler တွင် ဆီချေးများပိတ်နေပါကလည်း အင်ဂျင်ဝိုင်မီးနီလင်းတတ်ပါတယ်။

Read 1323 times