ယာဉ်စစ်ဆေးခြင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့များအပြင် အခြားသူကစစ်ဆေးခွင့်ရှိသလား


"ဆရာ ယာဉ်ထိန်းမဟုတ်ဘဲ ရိုးရိုးရဲတွေက လိုင်စင်စစ်နေတယ်။ သူတို့က စစ်ခွင့်ရှိသလားဆရာ"

"ဆရာခင်ဗျာ ထွေအုပ်တွေ မထသတွေအပြင် အခြားအရပ်သားတွေပါ ပါတယ်။ သူတို့ကရောယာဉ်စစ်ဆေးခွင့်ရှိပါသလားဆရာ" စသည်ဖြင့်မေးကြပါသည် ကျွန်တော်ရှင်းပြချင်ပါသည်။

နေပြည်တော် ရန်ကုန်-မန္တလေးစသည့်မြို့ကြီးများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များရှိကြပီး အချို့မြို့ငယ်လေးများ၌ အင်းအားအခြေအနေအရ ယာဉ်ထိန်းရဲတို့မရှိ ထိုမြို့များတွင် ယာဉ်စည်းကမ်းထိန်းသိမ်းခြင်းပြုလုပ်မည်ဆိုပါက ၎င်းမြို့တွင်ဖွဲ့စည်းထားသည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကော်မတီတွင်ပါဝင်သည့် အခြားဌာနအသီးသီးရှိ ဝန်ထမ်းများပါ ပါဝင်အားဖြည့်စေပီး ယာဉ်စစ်ဆေးခြင်းတို့ပြုလုပ်ပါသည်။

ထိုအခါ ဌာအသီးသီးမှဝန်ထမ်းများ ယာဉ်စစ်ဆေးရေးအဖွဲ့တွင်ပါဝင်လာပါတော့သည်။ ထိုအထဲတွင် ရဲတပ်ဖွဲ့ဝင်များအပြင် မီးသတ်တပ်ဖွဲ့ဝင်၊ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးအဖွဲ့ဝင်၊ မထသ၊ ထွေ/အုပ်နှင့် ပူးပေါင်းအင်အားဖြည့်သည့်အခြားသူများပါ ပါဝင်လာသည်။

ပူးပေါင်းစစ်ဆေးခြင်းမဟုတ်သည့် အခြားအချိန်များ၌လည်း ယာဉ်ထိန်းမဟုတ်သည့်ရဲတပ်ဖွဲ့ဝင်များမှ မှုခင်းကြိုတင်ကာကွယ်တားဆီးရန်အတွက် ပိတ်ဆို့စစ်ဆေးမှုများ ယာဉ်စည်းကမ်းထိန်းသိမ်းခြင်းများပါ ဆောင်ရွက်ကြသည်။

ထို့ကြောင့် ခေါင်းစဉ်အားပြန်ကောက်ရသော် ယာဉ်စစ်ဆေးခြင်းအားယာဉ်ထိန်းရဲတပ်ဖွဲ့များအပြင် သက်ဆိုင်ရာယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ပူးပေါင်းဆောင်ရွက်ရာ၌ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များအားလုံးမှ ယာဉ်စည်းကမ်းအတွက် စစ်ဆေးခွင့်ရှိပါသည်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read 4197 times