စက်သုံးဆီ အရည်အသွေးကို ဘယ်လိုစံနှုန်းတွေနဲ့တိုင်းတာလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
Octane
တော်တော်များများခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ့သဘာ၀ ဓာတ်ငွေ့ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။ အခု ကားတွေမှာထည့်တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို့ ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ (Gasoline) ရဲ့ အကောင်းဆုံးသော အရည်အသွေးပြည့် မီ/မမီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေ အတွက်ဘယ်လောက်ပါဝင်သလဲဆိုတာနဲ့ တိုင်းတာယူလို့ပါပဲ။ Octane Rating Method လို့လည်း ခေါ်သလို ၊ Research Octane Number (RON) လို့လည်း ခေါ်ကြပါတယ်။ ကားတော်တော်များများမှာလည်း 92 RON , 95 RON ဆိုပြီး ကပ်ထားတာလည်း မြင်တွေ့နိုင်ပါတယ်။
Octane Number က ကားအင်ဂျင်ရဲ့စွမ်းအားနဲ့ ဘယ်လို ဆက်နွယ်နေသလဲဆိုရင်ဖြင့် ဓာတ်ဆီရဲ့ အောက်တိန်းအရည်အသွေး အနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တစ်ခုရဲ့ Compression Ration (ဖိသိပ်မှုအချိုး)နဲ့ တိုက်ရိုက် ဆက်သွယ်နေပါတယ်။ ဖိသိပ်မှု အားကောင်းတဲ့ အင်ဂျင်တစ်ခုထဲကို အောက်တိန်းနံပါတ်နိမ့်တဲ့၊ ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည့်လိုက်မိတယ်ဆိုရင် (Engine Knocking and Pre-Ignition) ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ ပြဿနာတွေ ကြုံတွေ့လာရပါတယ်။
ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီးခေါက်ရသလဲဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာလည်း လေနဲ့ဆီကို ရောနှောပြီး Piston ကနေ ဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွားခတ်ပြီး မီးလောင်ရပါတယ်။ အဲဒီလိုနေရာမှာ အောက်တိန်းအရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု မိလိုက်တယ်ဆို ပလပ်က မီးပွား မခတ်ခင် Piston ကနေ ဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့ ဓာတ်ဆီဟာ (Self-Ignition) အလိုအလျောက် သူ့ဘာသာမီးထလောင်ကျွမ်းပါတယ်။ အဲဒီအတွက် Engine Timing တွေ အောက်ကုန်ပြီးအင်ဂျင် မီးခေါက်သံတွေ ကြားရပါတယ်။ ကာလကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာတခုအထိ ထိခိုက်စေနိုင်ပါတယ်။
Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ration (ဖိသိပ်မှုအချိုး) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေ့တဲ့ အင်ဂျင်မီးလောင် ပေါက်ကွဲမှုကို ဖြစ်စေပါတယ်။ Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်ဝန်းကျင်ကို Regular ပုံမှန် ဓာတ်ဆီလို့ခေါ်ပြီး 95 RON ကနေစလို့ 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အောက်တိန်း အရည်အသွေး 95 RON တွေကို အများဆုံး ရောင်းချနေပြီး အခြားဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ်။
မှတ်ချက်အနေနဲ့ကတော့ အင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကိုအသုံးပြုသင့်ပြီး၊ အင်ဂျင်ပါဝါ ကျနေတဲ့ကားတွေမှာတော့ အောက်တိန်းနံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကို အသုံးပြုရင်တောင် အကျိုးကျေးဇူးအနည်းငယ်ပဲရရှိမှာဖြစ်ပါတယ်။
ပရီမီယံ ဒီဇယ်
ဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ့ တိုင်းတာလို့ (Octane) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော်များများ သိကြပါတယ်။ အဲဒီလိုပဲ ဒီဇယ်ရဲ့ အဆင့်အရည်အသွေးကို တိုင်းတာတဲ့ ယူနစ်တခုရှိပါတယ်။ အဲဒါကိုတော့ ဆီတိန်းနံပါတ် (Cetane Number) လို့ ခေါ်ပါတယ်။ ကျွန်တော် မြင်ဖူးသလောက် ဆီဆိုင်တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။
ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်းနံပါတ် ဘယ်လောက် ပါဝင်သလဲဆိုတာနဲ့ တိုင်းတာပြီး ဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ။ စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ၊ ချောဆီအဆင့်ဘယ်လောက်ရှိသလဲ၊ ဆာလဖာ ပါဝင်မှုနှုန်း အနည်းအများ ဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ ပရီမီယံ ဒီဇယ်ဆိုတဲ့ စံနှုန်းတွေ သတ်မှတ်ပါတယ်။
အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ့ သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်း အရည်အသွေးအနိမ့်အမြင့်ပေါ် မူတည်ပြီးသက်ရောက်သလိုပါပဲ။ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး စံနှုန်းသတ်မှတ်ထားပါတယ်။ဒါကတော့ ပရီမီယံဒီဇယ်အကြောင်းပါ။
အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေးအနိမ့်အမြင့်ကို (Octane Number) နဲ့တိုင်းတာပြီး ၊ ဒီဇယ်အရည်အသွေးအနိမ့်အမြင့်ကို (Cetane Number) နဲ့တိုင်းပါတယ်။Octane number ၊ Cetane number မြင့်လေကောင်းလေလို့ သတ်မှတ်လို့မရပါ။ အင်ဂျင်တစ်လုံးကို စထွင်ကတည်းက flash point ပေါ်မူတည်ပြီး ignition timing နဲ့ advanced ignition timing ကို ကြိုတွက်ထားပြီးသားဖြစ်ပြီး ဘယ်အင်ဂျင်အမျိုးစားဆိုရင် ဘယ် နံပါတ်ကို သုံးပါဆိုတာ specs တွေမှာ ကြို ညွှန်ကြားထားလေ့ရှိပါတယ်။ ဒီအတွက် 95 Ron အင်ဂျင်ကို 92 ron မထည့်သင့်ပါ။ 92 Ron engine ကိုလည်း 95 Ron ထည့်ရင်လဲ မထူးပါ။ Nocking number ကွာတဲ့အတွက် ဆီပိုသောက်ပြီး complete combustion မဖြစ်ဘဲ အောက်ဆီဂျင်ဆင်ဆာက တလွဲတွက်တဲ့အပြင် miss fire ဖြစ်ပြီး အိပ်ဇောမြန်မြန်ပိတ် heat တက် ပါဝါကျ နောက်ဆက်တွပြဿနာပိုတက် ပိုက်ဆံကုန် လူပန်းဖြစ်မှာပါ။
Credit; 2w4w Drive