ခေတ်ပေါ်ဓာတ်ဆီကားအများစုမှာ ကာပရိုက်တာစနစ်ကိုမသုံးကြတော့ပါဘူး။ EFI စနစ်သုံး အင်ဂျင်တွေမှာ လောင်စာဆီဖြန်းပေးဖို့ Injector (အင်ဂျတ်တာ)တွေကိုဘဲ သုံးပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာ Fuel System နဲ့ Ignition System မှန်မှ အင်ဂျင်စွမ်းဆောင်မှုအပြည့်အဝ ရတာပါ။
ခေတ်ဟောင်းအင်ဂျင်တွေမှာတော့ Fuel System မှာ ကာပရိုက်တာကိုဘဲသုံးခဲ့ကြပါတယ်။ ၁၉၈၀ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်းမှာ ကာပရိုက်တာသုံးတဲ့စနစ်ကနေ Injection System ကို အစားထိုး ပြောင်းလဲခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဓာတ်ဆီကားတိုင်း Injectorကိုသုံးစွဲနေကြပါပြီ။ ကာပရိုက်စနစ်မှာ အားနည်းချက်တွေရှိတာကြောင့် EFIစနစ်ကို တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
ကာပရိုက်တာစနစ်မှာ အဓိကအားနည်းချက်ကတော့ လေနဲ့ လောင်စာဆီအချိုးအစားကို မှန်ကန်အောင် ရောစပ်မပေးနိုင်တာပါဘဲ။ အင်ဂျင်အတွင်းမှာ အကောင်းဆုံးမီးလောင် ပေါက်ကွဲနိုင်ဖို့ လေနဲ့လောင်စာဆီ ရောစပ်မှုအကောင်းဆုံး အချိုးအစားက 14.7:1 ဖြစ်ရပါတယ်။ဆီများတဲ့ လေ၊ လောင်စာဆီအရောအနှောကို Rich Mixture လို့ခေါ်ပါတယ်။ ဆီများပြီး လေ(အောက်ဆီဂျင်) နည်းနေတဲ့အတွက် အင်ဂျင်ထဲမှာ မီးလောင်ပေါက်ကွဲတဲ့အခါ အပြည့်အဝမလောင်ကျွမ်းပါဘူး။ အောက်ဆီဂျင် အပြည့်အဝရမှ Complete Combustion ဖြစ်ပါတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့အတွက် ကာဗွန်မိုနောက်ဆိုဒ် (CO) တွေဖြစ်သွားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ဟာ အဆိပ်ဓာတ်ငွေ့ပါ။ ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေပါတယ်။
ဆီနည်းတဲ့ လေလောင်စာဆီအရောဆိုရင်လည်း ပေါက်ကွဲအားနည်းပြီး အင်ဂျင်စွမ်းဆောင်မှု အပြည်အဝမရနိုင်ပါဘူး။Fuel Injector Service က အင်ဂျင်လည်ပတ်မှုအခြေအနေ အမျိုးမျိုးမှာ အကောင်းဆုံးစွမ်းဆောင် မှုရဖို့အတွက် လေနဲ့ဓာတ်ဆီရောစပ်တာ အကောင်းဆုံးအချိုးအစားဖြစ်ဖို့ လိုပါတယ်။ ကာပရိုက်တာစနစ်က ဒီလိုမျိုး လေနဲ့ဓာတ်ဆီအချိုးကို အကောင်းဆုံးဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။ EFI စနစ်ကဘဲ လုပ်ပေးနိုင်ပါတယ်။ လေ-ဓာတ်ဆီအချိုးအစားကို လေပမာဏ 14.7 ဆနဲ့ ဓာတ်ဆီတစ်ဆ စပ်ပေးရပါတယ်။ ဒီလိုတိကျဖို့ အီလက်ထရွန်နစ်လောင်စာပို့စနစ် EFI ကပဲ လုပ်ပေးနိုင်ပါတယ်။ Injectorတွေသုံးလာရပါတယ်။
Injectorတစ်လုံးရဲ့ လုပ်ဆောင်ချက်ကို ECU (Engine Control Unit) က ထိန်းချုပ်ပါတယ်။ ဆီဖြန်းပေးရမယ့်ပမာဏနဲ့ တိုင်မင် (timing) ကို ECU က အမိန့်ပေးညွှန်ကြားချက်အတိုင်း Injector က လုပ်ပေးပါတယ်။ Fuel Injectorမှာ လျှပ်စစ်သံလိုက်အားနဲ့ အဖွင့်အပိတ်လုပ်ပေးတဲ့ Valve တစ်ခုရှိပါတယ်။ Solenoid ပလန်ဂျာကစားတာကြောင့် Valve အဖွင့်အပိတ်ဖြစ်တာပါ။ Injector ဆီဝင်ပေါက်မှာ Fuel Pump က တွန်းပို့တဲ့ ဖိအားရှိတဲ့ ဓာတ်ဆီပိုက်လိုင်းနဲ့ ဆက်ထားတယ်။ InjectorValve အဖွင့်အပိတ်ကို ECU က ထိန်းချုပ်တယ်။ အချိန် ၁ စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းများစွာ ကစားပေးနိုင်တယ်။ Valve ပွင့်သွားတဲ့အချိန်မှာ ဖိအားပေးထားတဲ့ လောင်စာဓာတ်ဆီတွေဟာ နော်ဇယ်ပေါက်ကလေးကနေ ပန်းထွက်သွားတယ်။ ဓာတ်ဆီလို အလွန်သေးငယ်တဲ့ အမှုန်အမွှား ကလေးအဖြစ် ပန်းထုတ်ပေးနိုင်တာ Injector ပါ။ နှင်းမှုန်ကလေးတွေကျသလို ဖွှာထွက်လာတဲ့ ဓာတ်ဆီအမှုန် အမွှားကလေးတွေဟာ လေနဲ့ရောစပ်ပြီး ပလပ်ကမီးပွားပွင့် (Sparking) တာနဲ့ ပေါက်ကွဲလောင်ကျွမ်းသွားပါတယ်။ ဒီပေါက်ကွဲအားကြောင့် ပစ္စတင်နဲ့ ကရိုင်းရှပ်လည်ပြီး အင်ဂျင်ကို အဆက်မပြတ်လည်စေတာဖြစ်တယ်။ ECU (Engine Control Unit) က အင်ဂျင်ကိုထိန်းကျောင်းပေးနိုင် ဖို့ ဆင်ဆာ (Sensor) အာရုံခံကိရိယာတွေကို ဆက်သွယ်ထားပါတယ်။ Sensor တွေဆိုတာ အင်ဂျင်တစ်လုံးရဲ့ အခြေအနေတွေကို ထောက်လှမ်းသတင်းပို့ပေးနေတဲ့ ကိရိယာတွေဖြစ်ပါတယ်။
အဓိကကျတဲ့ဆင်ဆာတွေကတော့-
လေအဝင်ဆင်ဆာ ( Mass Airflow Sensor)
အောင်ဆီဂျင်ဆင်ဆာ (Oxygen Sensor)
အိတ်ဇောအငွေ့ထဲမှာ ပါလာတဲ့ အောက်ဆီဂျင်ပမာဏကို ထောက်လှမ်းပေးတယ်။ ဒါမှ ECU က လေနဲ့ဓာတ်ဆီအချိုးအစား ဘယ် လောက်ရောစပ်ပေးသင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်မယ်။
သရော်တယ် နေရာ ဆင်ဆာ (Throttle Position Sensor)
အင်ဂျင်ထဲကို လေတွေဘယ် လောက်ဝင်သွားသလဲဆိုတာ ခန့်မှန်း ဖို့ ECU ကို သတင်းပို့ပေးရပါတယ်။
ရေတိုင်ကီအရည်အပူချိန်ဆင်ဆာ (coolant sensor)
အင်ဂျင်တစ်လုံးအတွက် အကောင်းဆုံး Operating temperature ရောက်ဖို့ ECU က ထိန်းကျောင်းရာမှာ အထောက်အကူပြုပေးပါတယ်။
ဗို့အားဆင်ဆာ (Voltage Sensor)
ဗို့အားကျဆင်းသွားရင် အင်ဂျင်စလိုးလည်နှုန်းရောက်အောင် ECU က ထိန်းကျောင်းပေးရပါတယ်။
မန်နီဖိုးဖိအားဆင်ဆာ(manifold absolute pressure (MAP) )
အင်ဂျင်ထဲကို လေဝင်နိုင်တဲ့ပမာဏကိုသိမှ အင်ဂျင်ပါဝါဘယ်လောက်ထွက် မယ်ဆိုတာသိမယ်။
အင်ဂျင်အမြန်နှုန်းဆင်ဆာ (Engine Speed Sensor)
အင်ဂျင်လည်ပတ်နှုန်းကိုသိမှ Injector ဗား ဖွင့်ချိန်၊ ပိတ်ချိန်ကို ECU က ထိန်းကျောင်းနိုင်မယ်။
ဆင်ဆာတွေကရတဲ့ သတင်း အချက်အလက်တွေအရ ECU ကဘဲ Injectorတစ်လုံးချင်းဆီကို ဆီပမာဏတွက်ချက်ပေးပြီး အချိန်ကိုက်၊ တိုင်မင်ကိုက် ဆီဖြန်းပေးဖို့ ထိန်းကျောင်းပေးပါတယ်။EFI အင်ဂျင်တစ်လုံးမှာ Injector တွေကောင်းမှ အင်ဂျင်စွမ်းဆောင်မှုအမြင့်ဆုံးကို ရနိုင်တယ်။ ပလပ် (plug) တွေလည်း ကောင်းရမယ်။ သုံးတဲ့လောင်စာဆီကလည်း အောက်တိန်းနံပါတ်မှန်ပြီး အရည်အသွေးကောင်းရမယ်။ အညစ်အကြေး၊ အမှုန်အမွှား၊ အနယ်အနှစ်တွေပါပြီး လက်လုပ်ချက်ဆီတွေ ရောပါနေတဲ့ ဓာတ်ဆီခက်ညံ့ညံ့တွေ၊ ရောနှောပါနေတဲ့ အောက်တိန်းဆီအတုတွေသုံးမိရင် Injector ပျက်စီးသွားတတ်ပါတယ်။
အင်ဂျင်စက်သံမမှန်တာ၊ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာ၊ အင်ဂျင်လည်နှုန်းမှာ တုန်ခါနေတာ၊ အမြန်နှုန်းတစ်ခု လောက်ရောက်သွားပြီးတဲ့နောက် အင်ဂျင်ဆွဲအားတက်မလာတော့တာ၊ အင်ဂျင်မီးခေါက်သံထွက်တာ၊ အင်ဂျင်အိတ်ဇော မီးခိုးထွက်တာ၊ ခါတိုင်းထက် ဆီစားနှုန်းများနေတာ ဒီလိုလက္ခဏာတွေဖြစ်ရင် Injector မကောင်းတော့တာပါဘဲ။ Injector မှာ ဆီပိတ်နေမယ်၊ ထိပ်ဖျားမှာ ကာဗွန်ချိုးတွေ၊ ဆားနစ်တွေကြောင့် ညစ်ပတ်နေမယ်။ Injecto နော်ဇယ်ထိပ်က ဆီဖြန်းပေးတဲ့ပုံစံမမှန်တော့ဘူး။ Valve မလုံလောက်တော့ဘဲ ဆီယိုနေမယ်။ ဝိုင်းဆီးတွေမကောင်းတော့ဘူး။
ဆီပို့စနစ် (Fuel Injection System) ကို စစ်ဆေးကြည့်ဖို့လိုပါတယ်။ ဆီပန့် (Fuel Pump)က တွန်းပို့လိုက်တဲ့ ဆီဖိအား (Presure) ကောင်းရပါတယ်။ Pressure Regulator မကောင်းရင် ဆီလိုင်းမှာ ဆီဖိအား ကျပါတယ်။ ဆီလိုင်းအဆက်တွေ ဆီလုံဖို့ လိုပါတယ်။ တကယ်လို့ ဆီယိုနေရင် မီးအန္တရာယ်ရှိပါတယ်။ ဆီယိုတာ ကားမီးလောင်တဲ့အထိဖြစ် သွားနိုင်တာမို့ အရေးကြီးပါတယ်။ ဆီတိုင်ကီကနေပို့တဲ့ ဆီကိုသန့်စင်သွားအောင် ဆီစစ်ကစစ်ပေးပါတယ်။ ဆီစစ်ဘူးပိတ်နေရင်လည်း ဆီဖိအား ကျတတ်ပါတယ်။
Injectorကြာကြာသုံးရင် ညစ်ပတ်လာတတ်ပါတယ်။ အင်ဂျင်ကတ္တရာစေးတွေ၊ ကာဗွန်ချိုးတွေ Varnish ချိုးတွေ Injector ထိပ်မှာပိတ်နေ တတ်ပါတယ်။ Vavle မလုံတဲ့ Injectorထိပ်တွေမှာ မီးမလောင်ဘဲ ကျန်တဲ့ဆီတွေကြောင့် ချိုးတတ်ပြီး ညစ်ပတ်နေတတ်ပါတယ်။ Injectorတွေကို ဆေးကြောသန့်ရှင်းပေးဖို့လိုပါတယ်။ Injector Cleaner နဲ့ တစ်နှစ်တစ်ကြိမ်လောက်ဆေးပေးဖို့လိုပါတယ်။
Injector Tester နဲ့ တိုင်းကြည့် ရင် ကောင်း၊ မကောင်းသိနိုင်ပါတယ်။ တချို့ Injectorတွေ ဆေးလိုက်ရင် ပြန်သုံးလို့ရပါတယ်။ သိပ်ပြီးညံ့နေရင်တော့ Injectorတစ်လုံးအစားထိုးလဲပေးရပါမယ်။ Injector ထဲမှာ Valve တွေ စပရိန်တွေရှိပါတယ်။ ဒီအစိတ်အပိုင်း တွေအားလုံးကောင်းမှ Injector အလုပ်လုပ်နိုင်ပါတယ်။ Injector ၄ လုံး ပါရင် ၄ လုံးစလုံးဆီဖြန်းပေးတဲ့ပုံစံနဲ့ ဆီထုထည် ညီ၊ မညီစစ်ဆေးပါတယ်။ Injectorက ဆီသန့်တာ၊ အ ရည်အသွေးမှန်တာကိုကြိုက်တာ ကြောင့် ဆီစစ်ဗူးမှန်မှန်လဲပေးရမယ်။ မိုင် ၃၀ဝဝဝ လောက်သုံးပြီးတိုင်း Injector Cleaner ဆေးရည်ရောစပ်ပြီး သန့်စင်ပေးရပါမယ်။
ဓာတ်ဆီကားဆိုတာ မီးလည်း မှန်၊ ဆီလည်းမှန်မှ အင်ဂျင်ဆွဲအား ကောင်းပါတယ်။ Injectorကောင်း ပြီး ပလပ်တွေမကောင်းရင်လည်း အင်ဂျင်လုပ်ဆောင်ချက် ကောင်းကောင်းမရပါ။ ပလပ်တွေ၊ Injectorတွေ၊ မကောင်းလို့ အသစ်အစားထိုးရမယ် ဆိုရင် မူလအော်ရီဂျင်နယ် Brand ကိုရအောင် ရှာသုံးပါ။ နောက်ဆုံးမရမှ အကောင်းဆုံး Brand ကို ရွေးသုံးပါ။
ဓာတ်ဆီ (အောက်တိန်းဆီ) အမြင့်ကိုဘဲသုံးပါ။ Fuel Treatment Addictive ဆေးရည်ရောစပ်သုံးပါ။ အင်ဂျင် Heat တက်ပြီး ရေဆူတာ မျိုးမဖြစ်အောင် ဂရုစိုက်ထိန်းသိမ်းပါ။ Injector ရဲ့ အဓိကရန်သူကတော့ အရည်အသွေးမမီတဲ့ ဆီအညံ့တွေသုံး မိလို့ပါဘဲ။ နာမည်ကောင်းရထားတဲ့ ဆီဆိုင်၊ စိတ်ချရတဲ့ဆီဆိုင်မှာဘဲ ဆီထည့်ပါ။ ပုံမှန်ထိန်းသိမ်းစစ်ဆေးမှုတွေ လုပ်ပေးနိုင်ရင်တော့ Injecto ပြဿနာက ကင်းဝေးပါလိမ့်မယ်။
Credit;ဆရာ KMA (သိပ္ပံနည်းပညာ)