အင်ဂျင်စက်လည်ပတ်မှု ဘာကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရတာလဲ


ဆီမမှန်၊ မီးမမှန်သောအင်ဂျင်သည် စွမ်းအားပြည့်အလုပ်မလုပ်နိုင်ဘဲအင်ဂျင်စက်သံပါ မမှန်မကန်ဖြစ်လာသည်။လီဗာနင်း၍စက်ရှိန်မြင့်သော်လည်းအင်ဂျင်လည်ပတ်နှုန်းချက်ချင်းတက်မလာဘဲတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမည်။ အင်ဂျင်အတွင်းလောင်စာဆီများ၊ မီးလောင်ပေါက်ကွဲမှု ပြင်းအားမမှန်တော့ဘဲနည်းလိုက် များလိုက်ဖြစ်ပြီးတုံ့ဆိုင်းနေမည်။ အင်ဂျင်လည်ပတ်မှု မမှန်တော့ဘဲတုံ့ဆိုင်းတွန့်ဆုတ်နေသော ပြဿနာအကြောင်းရင်းများစွာရှိပါသည်။ ချွတ်ယွင်းချက်ဖြစ်နေသောအားနည်းချက်များကိုရှာဖွေစစ်ဆေး၍ ကုစားမှသာအင်ဂျင်ပြဿနာများဖြေရှင်းနိုင်ပါမည်။ မော်တော်ယာဉ်နည်းပညာများအဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့၍ ယနေ့ခေတ်ပေါ်အင်ဂျင်များနှင့် ခေတ်ဟောင်းအင်ဂျင်များဖွဲ့စည်းအလုပ်လုပ်ပုံနည်းစနစ်များကွာခြားနေပါသည်။

ခေတ်ဟောင်းအင်ဂျင်ကိုအပြစ်ရှာဖွေသောနည်းလမ်းနှင့် ခေတ်ပေါ်အင်ဂျင်များစစ်ဆေးပုံနည်းလမ်းများမတူညီပါ။ ခေတ်ဟောင်းကားများတွင် ကာပရိုက်တာစနစ်ကိုသုံးပြီးလေနှင့်လောင်စာကိုရောနှောပေးသည်။ ဒစ်စတြီဗျူတာသုံး၍ မီးဖြန့်ဝေသည်။ ရိုးရှင်းသည်။ လွယ်ကူသည်။ ခေတ်ပေါ်ကားများတွင် ကွန်ပျူတာစနစ်ကိုသုံး၍ နည်းပညာရှုပ်ထွေးသည်။ ဆင်ဆာအာရုံခံကိရိယာများသုံးထားသည်။ လောင်စာကို Injector က ဖြန်းပေးသည်။ အင်ဂျင်ချွတ်ယွင်းချက် အပြစ်များကိုမျက်မြင်စစ်ဆေးရုံဖြင့် ရောဂါရှာဖွေ၍ မရနိုင်ပါ။ ခေတ်ပေါ်ကားအင်ဂျင်များ၏ ရောဂါရှာဖွေရန် Scan Tool ကိုသုံးရသည်။ 

အင်ဂျင်တစ်လုံး၏ တုံ့ဆိုင်းတွန့်ဆုတ်နေသောအခြေအနေ၏ အဓိပ္ပာယ်မှာအင်ဂျင်တစ်လုံးလည်ပတ်မှု စက်ရှိန်မြှင့်တင်လိုက်သောအချိန်တွင် အင်ဂျင်၏စွမ်းအား ချက်ချင်းတက်မလာဘဲ နှေးလိုက်မြန်လိုက်ဖြစ်ပြီး စက်လည်ပတ်မှုပုံမှန်မဟုတ်တော့ဘဲ အနှောင့်အယှက်အဟန့်အတားများရှိနေ၍ ဆက်ခနဲ၊တုံ့ခနဲသိမ့်ခနဲ ဖြစ်ပေါ်နေသောအခြေအနေမျိုးဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အင်ဂျင်စက်သည် ရုန်းအားမရှိဘဲကားတစ်စီးလုံး၏ ဝန်အလေးချိန်ကို ရွေ့လျားအောင် မစွမ်းဆောင်နိုင်ဘဲရှိနေမည်။ အင်ဂျင်စက်၏ မူမမှန်သောလည်ပတ်မှုကြောင့် စွမ်းအားပါဝါ အပြည့်အ၀ မထွက်လာတော့ဘဲယာဉ်မောင်းသူကိုဒုက္ခပေးမည်။ တောင်ကုန်းတက်လမ်းမျိုးတွင် ရုတ်တရက် ဖြစ်လာပါကကားနောက်ပြန်လိမ့်ဆင်းနိုင်သော အန္တရာယ်ရှိသည်။

Highway ထွက်မည့်ခရီးစဉ်တစ်ခုတွင် စတင် ထွက်လာခါစကကားအင်ဂျင်ကောင်းနေသည်။ လမ်းတစ်ဝက်လောက်ရောက်ခါမှ ရုတ်တရက်ကောက်ကာငင်ကာထိုကဲ့သို့ အင်ဂျင်မမှန်တော့ဘဲတုံ့ဆိုင်းနေလျှင် လမ်းခုလတ်၌အားလုံးဒုက္ခရောက်ကြရသည်။ အဘယ် ကြောင့် ကားအင်ဂျင်စက် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေရသနည်း။ ဖြစ်တတ်သော ချွတ်ယွင်းချက် အားနည်းချက်များကိုလေ့လာဆန်းစစ်လျှင် တွေ့နိုင်ပါသည်။ အဓိကအကြောင်းရင်းမှာမီးနှင့်ဆီမမှန်၍ ဖြစ်သည်။

ကာပရိုက်တာစနစ်သုံးနေသေးသောခေတ်ဟောင်းကားများတွင် ထိုကဲ့သို့ အင်ဂျင်သိမ့်သိမ့်တုန် ဖြစ်နေပါကစက်ဆရာများပြောလေ့ရှိသောစကားတစ်ခွန်းရှိသည်။ “ကားသမားဆိုတာအနည်းဆုံးတော့ ဆီပျောက်၊ မီးပျောက်တဲ့ရောဂါကိုရှာတတ်ရတယ်” ခေတ်ဟောင်းကားများတွင် ဆီတိုင်ကီမှ ကာပရိုက်တာရောက်သည်အထိဆီလိုင်းတစ်လျှောက်တွင် ဆီပန့်နှင့် ဆီစစ်ဘူးသာရှိသည်။ ဆီပန့်တွင် A/C Pump နှင့် အော်တို လျှပ်စစ်ပန့် (၂)မျိုးသုံးသည်။ ဆီစစ်ဘူးတွင် အမှိုက်များ၊ အနယ်အနှစ်များ၊ ရေများကိုစစ်ထုတ်ပေးပြးီကာပရိုက်တာသို့ ဝင်သည်။

ဆီစစ်ဘူးပိတ်လျှင် ဓာတ်ဆီအလိုက်နည်းပြီးကာပရိုက်တာသို့ ဆီအဝင်နည်းမည်။ Air Cleaner လေစစ်တွင် ဖုန်မှုန့်၊ သဲမှုန့်များပိတ်ဆို့နေပါကအင်ဂျင်လေ ဝင်နည်းပြီး အသက်ရှူကျပ်မည်။ ကာပရိုက်တာမကောင်းလျှင်လည်းလေနှင့် ဓာတ်ဆီရောစပ်မှုအချိုးအစားမမှန်ဘဲ အင်ဂျင်လည်ပတ်မှုတုံ့ဆိုင်းစေသည်။ ထို့ကြောင့် ကာပရိုက်တာသုံးကားဟောင်းများတွင် ဆီအလိုက်ကောင်း/မကောင်းသိရှိရန် ဆီပန့်၊ဆီစစ်ဘူး (ဓာတ်ဆီစစ်)ကာပရိုက်တာတို့ကိုစစ်ဆေးရသည်။ ခေတ်ဟောင်းကားများ၏ မီးပေးစနစ်တွင် Ignition Coil, Braker Point, ဒစ်စတြီဗျူတာ၊ ပလပ် ကြိုးနှင့် ပလပ်များပါဝင်သည်။ပလပ်များမှ မီးပွား (Spark) ဖြစ်ပေါ်မှုအားမကောင်းခြင်း၊ မီးပျောက်နေခြင်းများသည် အင်ဂျင်လည်ပတ်မှု ချွတ်ယွင်းစေသာအဓိကအားနည်းချက်ဖြစ်သည်။ ကွိုင်၊ ဒစ်စတြီဗျူတာကပ်ဖုံး၊ ပလပ်ကြိုးများရေစိုသွားလျှင်ဖြစ်စေ၊ ရေငွေ့ရိုက်ပြီးစိုထိုင်းထိုင်းဖြစ်စေမီးပျောက်စေသောအခြေအနေဆိုးများ ဖြစ်သည်။

မိုးတွင်းရေကြီးရေလျှံသောလမ်းများတွင် မီးပျောက်၍ လမ်းဘေးချကားတွန်းရွှေ့ရသောဒုက္ခမှာမသက်သာလှပါ။ ဒစ်စတြီဗျူတာစနစ်တွင် အားနည်းချက်မှာBraker Point ထိပ်ဖျားများမီးစားသွားပြီးကွိုင် မှ မီးထွက်အားကျဆင်းသွားခြင်းဖြစ်သည်။ပွိုင့်ထိပ်ကိုမကြာခဏကော်ပတ်စားပေးရ၊ ကွန်ဒင်ဆာလဲပေးရနှင့် ဒုက္ခများလှသည်။ ပွိုင့် Type ၏ အားနည်းချက်များကိုကျော်လွှာနိုင်ရန် ထရန်စစ္စတာသုံးမီးပေးစနစ်ကိုပြောင်းသုံးကြသည်။ သို့သော်လည်းဒစ်စတြီဗျူတာသုံးနေသမျှ အားနည်းချက်များရှိနေသေးသည်။ပလပ်ကြိုးအတွင်းပိုင်းပြတ်နေခြင်း၊ ကာဘာပေါက်ကွဲအတ်နေခြင်းများ ဖြစ်နေပါကပလပ်သို့ မီးမရောက်တော့ပါ။ ဆီမသန့်ခြင်း၊ အင်ဂျင်ဝိုင်ဆီရိုက်ခြင်းများကြောင့်လည်းပလပ်များမီးမကူးဘဲ ဖြစ်နေတတ်သည်။

ပလပ်ကြိုးမှ မီးလာ/မလာပထမဆုံးစမ်းသပ် ပါ။ ပလပ်ကြိုးကိုပလပ်ထိပ်မှဆွဲဖြုတ်ပြီးအင်ဂျင်ဘလောက်နှင့် နီးနီကပ်ကပ် ထားကြည့်ပါ။ မီးပွားများခုန်ကူးလျှင် ပလပ်အထိမီးရောက်သည်။ ပလပ်ကောင်း/ မကောင်းသိရှိရန် စမ်းနည်းမှာအင်ဂျင် Slow လည်နေချိန်တွင် ပလပ်ကြိုးတစ်ချောင်းချင်းကို ဖြုတ်၍မီးစမ်းပါ။ ပလပ်ကြိုးဖြုတ်လိုက်စဉ် အင်ဂျင်စက်သံပြောင်းသွားပြီး ပလပ်ကြိုးပြန်တပ်လိုက်ပါက အင်ဂျင်လည်ပတ်မှုပို၍မြန်သွားသည်ဟု ထင်ရပါက ထိုပလပ်ကောင်းသည်။ ပလပ်ခုတ်သည်ဟုယူဆနိုင်သည်။ ပို၍ သေချာစေရန် Plug ကိုအင်ဂျင်မှ ချွတ်လိုက်ပါ။ ပလပ်ထိပ်ဖျားငုတ် အခြေအနေကိုစစ်ဆေးပါ။ သန့်ရှင်းဖြူဖွေးနေသောပလပ်သည် ပုံမှန်ခုတ်ပေးနေသည်။ ညစ်ပေနေသောပလပ်သည် အလုပ်မလုပ်သော၊ ညာနေသောပလပ် ဖြစ်ပါသည်။ အချို့သော Ignition Coil များသည် ပူလာလျှင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲမီးထွက် အားကျဆင်းတတ်သည်။ ကွိုင်မကောင်းလျှင်လည်းအင်ဂျင်စက်မမှန်ဘဲ ဖြစ်နေတတ်သည်။

ခေတ်ပေါ်ကားများတွင် အင်ဂျင်လည်ပတ်မှု များကိုကွန်ပျူတာခေါ် ECUက ထိန်းချုပ်သည်။ ဆီပို့ စနစ် (Fuel System) သည် EFI ခေါ် အီလက်ထရွနနစ် Fuel Injection စနစ်ဖြစ်သည်။ ဆင်ဆာခေါ် အာရုံခံကိရိယာများသုံးထားပြီး ဆင်ဆာများကပေးပို့သော သတင်းအချက်အလက်များကို အခြေခံ၍ ကွန်ပျူတာကမီးတိုင်မင်နှင့် ဆီဖြန်းပေးရမည့်ပမာဏကိုထိန်းချုပ်ကွပ်ကဲစီမံသည်။

ခေတ်ပေါ် EFI ကွန်ပျူတာစနစ်သုံးကားများတွင် အင်ဂျင်တုံ့ဆိုင်းစေသောအကြောင်းတရားများမှာ-

ဆီပန့်မကောင်း၍ ဆီးအလိုက်နည်းပြီးဆီဖိအားကျခြင်း

ဆီစစ်ပိတ်ခြင်း

ဆီမသန့်ရှင်းခြင်း၊ရေနှင့်အညစ်အကြေးများရောနှောပါနေခြင်း၊ အောက်တိန်းနံပါတ်နိမ့်သောအရည် အသွေးညံ့ဓာတ်ဆီများသုံးထားခြင်း

ဆီတိုင်ကီမသန့်ခြင်း

ဆီဖိအားထိန်းညှိပေးသော Fuel Pressure Regulator မကောင်း၍ ဆီလိုင်းတွင် ဆီဖိအားနည်းနေ ခြင်း

Fuel Injector များမကောင်းခြင်း၊ ချေးပိတ် နေခြင်း၊ ဆီဖြန်းပေးသော Spray Pattern မကောင်းခြင်း

MAP Sensor (Manifold Absolute Pressure) မကောင်းခြင်း

TPS (Throttle Position Sensor) သရော်တယ်လေတံခါးအဖွင့်ဒီဂရီအာရုံခံဆင်ဆာအလုပ် မလုပ်ခြင်း

အင်ဂျင်မန်နီဖို့ထဲသို့ လေဝင်ပမာဏကို တိုင်းတာပေးသော MAF (Mass Airflow) Sensor မကောင်းခြင်း

Inlet Manifold လေဟာနယ်တွင် လေစိမ့်ဝင်နေခြင်း (လေပိုက်များကွဲအတ်နေခြင်း)

Spark Plug မကောင်းခြင်း၊ Plug ထိပ်ဖျားတွင် ကာဗွန်ချိုးများ၊ ဗားနစ်များကပ်တွယ်ညစ်ပေနေခြင်း

Plug ထိပ် ငုတ်တိုင်များမီးစားနေခြင်း၊ ပလပ်ဆီရိုက်၍ ညစ်ပတ်နေခြင်း

ပလပ်ဝါယာကြိုးသုံးသော ကားများတွင် ပလပ်ကြိုးပေါက်ပြဲကွဲအတ်နေခြင်း

Ignition Coil မီးထွက်မကောင်းခြင်း

EGR Valve များလေမလုံခြင်း

Transister Ignition Unit မှ မီးထွက်အား မကောင်းခြင်း

ကွန်ပျူတာ ECU (Electronic Control Unit) ၌ ချွတ်ယွင်းချက်ရှိနေခြင်း

Crankshaft Angle Sensor မကောင်းခြင်း

အောင်ဆီဂျင်ဆင်ဆာမကောင်းခြင်း

Timing Belt ကြိုးတပ်ဆင်မှု လွဲမှားနေခြင်း

မီးတိုင်မင် လွဲချော်နေခြင်း

ဒိုင်နမိုချာဂျင်အဝင်နည်း၍ ဘက်ထရီအားမရှိခြင်း။

ကွန်ပျူတာစနစ်သုံး EFI ကားများ၏ ချွတ်ယွင်းအားနည်းချက်များကိုတိတိကျကျရှာဖွေရန် ကွန်ပျူတာ Scan Tool ကိုသုံးရသည်။ ချွတ်ယွင်းပျက်စီးနေသောဆင်ဆာနှင့် အခြားအစိတ်အပိုင်းများကိုအစားထိုးလဲလှယ်မှသာအင်ဂျင်စက်ပုံမှန်ပြန်ဖြစ်နိုင်သည်။

ခေတ်ဟောင်းကာပရိုက်တာစနစ်သုံးကားများတွင် ဆီပျောက်မီးပျောက်ပြဿနာများကိုမျက်မြင်စမ်းသပ်ရှာဖွေပြီးနောက် ကားဝပ်ရှော့ပ်တစ်ခုသို့ အပ်နှံ၍ အင်ဂျင်ကျူးနင်းလုပ်သင့်သည်။ အင်ဂျင်ကျူးနင်းလုပ် လိုက်လျှင် အင်ဂျင်အဆွဲအရုန်းကျနေသောကားများ ပြန်လည်ကောင်းမွန်လာမည်။ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်ပေးနေသောကားများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်ခဲသည်။ EFI စနစ်သုံးကားများတွင် အရည်အသွေးမှန် သော Octane ဆီများသုံးပြီး Injector Cleaner ဆေးရည်များကိုလည်းဆီတိုင်ကီထဲတွင် မကြာခဏရောစပ်သုံးစွဲသင့်ပါသည်။

Credit; original writer

Read 8576 times