EBD စနစ် အလုပ်လုပ်ပုံ


ခေတ်ပေါ်ကားများတွင် ဘေးကင်းလုံခြုံမှု(Safely)အတွက် ယာဉ်မောင်း အထောက်အကူပြု နည်းပညာများကို အသုံးချထားပါတယ်။

ရှေးရိုးဘရိတ် စနစ်သည် Safely အတွက် လုံလောက်မှုမပေးနိုင်တော့၍ ABS ဘရိတ်စနစ်ကို တီထွင်ခဲ့ကြပါတယ်။

ABS (Anti-lock Brake) ဘရိတ်စနစ်ဆိုသည်မှာ ကားတာယာဘီးများကို အသေ Lock ကျမသွားဘဲ ဘရိတ် ဖမ်းပေးနိုင်သောစနစ် ဖြစ်သည်။ EBD ခေါ် Electronic Brakeforce Distribution စနစ်သည် ABS စနစ်နှင့် တွဲဖက်အသုံးပြုသော ကွန်ပျူတာထိန်းချုပ် ဘရိတ်စနစ်ဖြစ်ပါတယ်။

EBD စနစ်၏ အခြေခံသဘောတရားမှာ ကားဘီးများထမ်းဆောင်ထားရသော အလေးချိန်ဝန်အား မတူညီကြ၍ ဘရိတ်ဖမ်းအားသက်ရောက်မှုကိုလည်း လိုအပ်သလိုချိန်ညှိပေးနိုင်ရန် ကွန်ပျူတာထိန်းချုပ်ပေးသောစနစ် ဖြစ်တယ်။

ကားဘီး တာယာတစ်လုံး၏ ဘရိတ်ဖမ်းအားသည် လမ်းမျက်နှာပြင်နှင့် တာယာမျက်နှာပြင်ကြားတွင် ဖြစ်ပေါ်သော ပွတ်မှုအား(Friction)ပင် ဖြစ်ပါတယ်။

တာယာဘီး လေးလုံးရှိသော ကားတစ်စီးတွင် ဘီးတစ်လုံးချင်းပေါ်သို့ သက်ရောက်နေသော ဝန်အားအလေးချိန်သည် တူညီမှုမရှိနိုင်ပါ။

ဝန်အား အလေးချိန်မတူညီ၍ တာယာဘီးများတွင်ဖြစ်ပေါ်သော ပွတ်မှုအား(Friction)သည်လည်း ကွဲပြားခြားနားပါမယ်။

ထိုအခါ ဘီးတစ်လုံးချင်းသို့ပေး ရသော ဘရိတ်ဆီတွန်းအားသည်လည်း မတူညီနိုင်ပါ။ တာယာဘီးအသီး သီးသို့ အားစိုက်ပေးရသော Brakeforce သည် အမျိုးမျိုးပြောင်းလဲ နေရပါတယ်။

ဤကဲ့သို့ လိုအပ်သလို ပြောင်းလဲပေးရသော အလုပ်ကို EBD စနစ်ကသာ ဆောင်ရွက်ပေးနိုင်ပါတယ်။

ကားတစ်စီး ဘရိတ်ဖမ်းလိုက်စဉ်တွင် ဘရိတ်မိအားများလွန်းပြီး ကားဘီးတာယာများ အသေဖမ်းသွားပါက (လုံးဝမလည်တော့ပါက)လမ်း မျက်နှာပြင်ပေါ်တွင် တာယာများ လျှောတိုက်ပါသွားပါမယ်။

ဤကဲ့သို့ ဖြစ်သွားသည်ကို ကားဘီး Lock ကျသွားသည်ဟု ခေါ်ပါသည်။ ကား ရှေ့ဘီးသည် စတီယာရင်ထိန်းချုပ်စနစ်အောက်၌ ဘေးဘယ်/ညာ လှုပ်ရှားကစားရပါတယ်။

ကားဘီးမလည်တော့ဘဲ အသေဖြစ်နေပါက စတီယာရင် ကစားသော်လည်း ကားဦးခေါင်းပိုင်းသည် ဦးတည်ချက်(Direction)မပြောင်းနိုင်တော့ပါ။

ယာဉ်မောင်းသူက ထိန်းချုပ်၍မရနိုင်သော ဤကဲ့သို့အခြေအနေမျိုး သည် လမ်းပေါ်မှ အတားအဆီး အရာဝတ္ဃုများကို ဝင်တိုက်သွားနိုင်ပါတယ်။

ABS ဘရိတ်စနစ်သည် ဤကဲ့သို့ပြသနာကို ဖြေရှင်းပေးသော စနစ် ဖြစ်ပါသည်။ ကားဘီးများ လုံးဝရပ်သွားပြီး Lockကျခြင်းမှ ကာကွယ်ပေးသောစနစ်ဖြစ်၍ Anti-lock ဟု ခေါ်ပါတယ်။ ဘရိတ်လည်းမိရမယ်။

ကားတာယာဘီးလည်း Lock မကျစေရ။ ထိုနှစ်မျိုးစလုံးကို ရှေးရိုး ဘရိတ်စနစ်က ဆောင်ရွက်မပေးနိုင်ပါ။ ABS စနစ်ကသာ စွမ်းဆောင်နိုင်ပါတယ်။

ရှေ့ဘီးဒစ်ဘရိတ်ရိုတာပေါ်သို့ ဘရိတ်ဖမ်းပေးသော Brake Pad အပြား နှစ်ချပ်ကို လိုအပ်သလိုတုန်ခါကစားစေခြင်းဖြင့် ဘရိတ်လည်းမိစေ၊ Lock လည်း မကျစေ အခြေအနေမျိုးကို ရရှိစေပါတယ်။

ဘီးလည်ပတ်မှုနှုန်းကို Speed Sensor က အာရုံခံသတင်းပို့၍ ဘရိတ်ဖမ်းအားကို ကွန်ပျူတာက လိုအပ်သလိုကစားပေးခြင်း ဖြစ်ပါတယ်။

ABS စနစ်ကြောင့် ကားရှေ့ဘီးများ Lock ကျမသွားဘဲ ဦးတည်ရာလမ်းကြောင်းကို ယာဉ်မောင်းသူက စတီယာရင်ကစား၍ ထိန်းသိမ်းသွားပါတယ်။

ဤနည်းဖြင့် လမ်းပေါ်မှ အန္တရာယ်ကို ရှောင်တိမ်းနိုင်ပါတယ်။

EBD စနစ်သည် ABS စနစ်နှင့် တွဲဖက်လုပ်ဆောင်သော ဘရိတ်စနစ် ဖြစ်ပါတယ်။

ကားတာယာဘီး အသီးသီးသို့ ဘရိတ်ဖမ်းအားလိုအပ် သလောက်သာ ထိန်းကျောင်းပေးသောစနစ် ဖြစ်ပါတယ်။

EBD စနစ်ကြောင့် ပို၍ကောင်းမွန်သော ABS ဘရိတ်စနစ်ကို ဖြစ်ပေါ်စေပြီး ဘေးကင်းလုံခြုံမှုကို ရရှိစေပါတယ်။

EBD စနစ်တွင်ပါဝင်သော အစိတ်အပိုင်းများ

==========

 

Speed Sensor ဆိုသည် အမြန်နှုန်းအာရုံခံကိရိယာ ဖြစ်ပါတယ်။

ကားရွေ့လျားသွားနေသော အမြန် Speed နှင့် ကားတာယာဘီး လည်နေသော Speed တို့ကို အာရုံခံမှတ်သားပြီး တာယာဘီးတစ်လုံးချင်းစီ၏ Slip Ratio ကို တိုင်းတာဆုံးဖြတ်နိုင်ရန် Speed Sensor များက အာရုံခံပေးပါတယ်။

Brake Force Modulators ဆိုသည် ဘရိတ်ဆီများကို ပန့်တွန်း အားဖြင့်မောင်းပြီး ဘရိတ်ဖမ်းအား သက်ရောက်စေရန် ဟိုက်ဒြောလစ် နည်းဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။

ကားဘီးဘရိတ်ဆုံများသို့ ဘရိတ် ဆီတွန်းအားများ လိုအပ်သလိုရောက်သွားစေရန် Valve များ အဖွင့်/ အပိတ်ဖြင့် ထိန်းချုပ်သည်။ Valve များကို လျှပ်စစ်သံလိုက်နည်းဖြင့် လှုပ်ရှားဆောင်ရွက်စေသည်။ Valve များလှုပ်ရှားမှုသည် Modulator ၏ ထိန်းချုပ်မှုအောက်တွင် ရှိပါတယ်။

Electronic Control Unit (ECU) သည် ABS စနစ်၏ ကွန်ပျူတာ အသေးစားကလေး ဖြစ်သည်။

Speed Sensor များမှ ပေးပို့သော သတင်း အချက်အလက်များကို အခြေခံ၍ တာယာဘီးတစ်လုံးချင်းစီ၏ Slip Ratio ကိုတွက်ချက်သည်။ ထို့နောက် ကားတာယာ တစ်ဘီးချင်းစီ အတွက် လိုအပ်သော ဘရိတ်ဖမ်းအားကို ဆုံးဖြတ်ပြီး Modulator ကို ညွန်ကြားပါတယ်။

Yaw Sensor ဆိုသည် ကားကိုယ်ထည်တစ်ခုလုံး၏ ယိမ်းထိုး လှုပ်ရှားနေမှုကို အာရုံခံသတင်းပို့ပေးနိုင်သော ဆင်ဆာ ဖြစ်ပါတယ်။

ကား ကွေ့လိုက်လျှင် ယိမ်းယိုင်သွားခြင်းကို ထောက်လှမ်းနိုင်သည်။ EBD စနစ်သည် ကားတစ်စီးကို အကောင်းဆုံးထိန်းကျောင်းနိုင်ရန် အထောက် အကူပြုပေးသော ABS စနစ်၊ ESC စနစ်ခေါ် (Electronic Stability Control) ယာဉ်တည်ငြိမ်မှု ထိန်းကျောင်းစနစ်များနှင့် ဆက်စပ်၍ အလုပ်လုပ်ပေးနေသောစနစ် ဖြစ်ပါတယ်။

လမ်းချိုးတစ်ခုတွင် ကားတစ်စီး အရှိန်ပြင်းပြင်းနှင့် ကွေ့လိုပါက Oversteer ၊ သို့မဟုတ် Understeer ဖြစ်ပေါ်တတ်ပါတယ်။

စတီယာရင်ခွေ လည်ပတ်မှု ဒီဂရီကို အာရုံခံပေးသော Sensor သည် Oversteer နှင့် Understeer ကို ထောက်လှမ်းပေးပါတယ်။

ထို့နောက် ကားဘီး အသီးသီးရှိ ဘရိတ်ဖမ်းအားများ မူမမှန်ဖြစ်ပါ်နေသော အခြေအနေကို တည်ငြိမ်သွားရန် ထိန်းကျောင်းပေးပါတယ်။

ESC စနစ်သည် ABS စနစ်၊ EBD စနစ်များနှင့်ပေါင်းစပ်ပြီး ယာဉ်တစ်စီးလုံးကို တည်ငြိမ်စေရန် ကွန်ပျူတာညွန်ကြားမှုဖြင့် ထိန်းကျောင်းပေးပါတယ်။

EBD စနစ်၏ အကျိုးကျေးဇူး

======

 

– ရှေးရိုးဘရိတ်စနစ်များသည် ကားဘီးများ Lock ကျသွားခြင်းကို မတားဆီးနိုင်၍ ဘရိတ်ဖမ်းရာတွင် အန္တရာယ်ရှိသည်။ တာယာဘီးများ စလစ်ဖြစ်ပြီး ဦးတည်ရာမဲ့ဖြစ်ကာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားနိုင်ပါတယ်။

– EBD စနစ်သည် တာယာဘီးအသီးသီးကို ထိရောက်စွာ ဘရိတ်ဖမ်းနိုင်ရန် ထိန်းကျောင်းနိုင်၍ ဘရိတ်ဖမ်းသောခရီးတာကို တိုစေပါတယ်။

– အမြန်လမ်းမကြီးတွင် စိတ်ချလက်ချကားမောင်းနိုင်ပြီး အန္တရာယ်ကင်းစွာ ဘရိတ်ဖမ်းနိုင်ပါတယ်။

– ကားဘီးတာယာများ၏ Traction ကုပ်အားကို အမြင့်ဆုံးရရှိစေ၍ စလစ်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

– ရေဖုံးလွမ်းနေသော၊ ဆီးနှင်း ထူထပ်နေသော လမ်းများတွင် အန္တရာယ် ကင်းစွာ ထိန်းကျောင်းနိုင်ရန် အထောက်အကူပြုပေးပါတယ်။

– ESC စနစ်နှင့် ABS စနစ်ကို အထောက်အကူပြုပေးပါတယ်။

EBD စနစ်သည် မော်တော်ယာဉ်တစ်စီး၏ Safety System အတွက် မရှိမဖြစ်လိုအပ်သော စနစ်တစ်ခုဖြစ်ပါတယ်။

Read 1153 times