CNG ဂက်စ်အကြောင်း


လောင်စာဆီအသုံးပြုမှုကို လျှော့ချနိုင်ဖို့အတွက် တီထွင်သူတွေ ခေါင်းစားနေတာကို အရေးကြီးတဲ့ တွေ့ရှိမှုတစ်ခုအနေနဲ့ CNG (Compressed Natural Gas) နဲ့ မော်တော်ယာဉ်တွေ ရွေ့လျားသွားလာနိုင်တယ် ဆိုတာကိုပါ။

ဒါကြောင့်ပဲ အနည်းနဲ့အများဆိုသလို လောင်စာဆီအသုံးပြုမှုကို CNG က အစားထိုးနိုင်လာလို့ လျော့ကျသွားတယ် ဆိုပေမယ့် နေရာအများကြီးတော့ မယူနိုင်ခဲ့ပါဘူး။ ဥပမာပြောရရင် မြန်မာနိုင်ငံမှာဆိုရင်ပဲ လုပ်ငန်းသုံး ယာဉ်တွေမှာသာ ဒီဂက်စ်ကို အသုံးပြုကြပြီးတော့ အိမ်စီးယာဉ်တွေမှာတော့ မသုံးကြပါဘူး။ ဘာလို့လဲဆိုတော့ သူ့အတွက် Station တစ်ခု သီးသန့်ထားရသလို ထိန်းသိမ်းသယ်ယူရတဲ့ အခက်အခဲတွေကြောင့် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် CNG တွေမှာ ကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ CNG က ယာဉ်တွေကို လောင်စာဆီအသုံးပြုမောင်းနှင်ခြင်းထက် လေထုညစ်ညမ်းမှုကို များစွာသက်သာစေပါတယ်။

ဓာတ်ငွေ့တွေထဲမှာလည်း CNG ကိုပိုသိကြပါတယ်။ ဒါပေမဲ့ ဓာတ်ငွေ့တွေ အမျိုးမျိုးရှိပါတယ်။ CNG အပြင် လူသုံးများပြီး လူသိများကြသေးတဲ့ ဓာတ်ငွေ့တွေမှာဆိုရင် LPG လို့ခေါ်တဲ့ Liquefied Petroleum Gas၊ သဘာဝဓာတ်ငွေ့ရည်လို့ခေါ်တဲ့ LNG (Liquefied Natural Gas) တွေနဲ့ တခြားဓာတ်ငွေ့တွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့လူသုံးများတဲ့ ဓာတ်ငွေ့ အမျိုးအစားတွေဖြစ်ပါတယ်။ ဒီအထဲကမှ မြန်မာပြည်သူတွေ အသိများတဲ့ CNG အကြောင်းကို ဖော်ပြမှာဖြစ်ပါတယ်။

CNG သမိုင်းနဲ့ အသုံးပြုပုံ

CNG ကို ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေက လောင်စာဆီအခက်အခဲပေါ်ပေါက်ခဲ့စဉ်က နိုင်ငံအတော်များများမှာ CNG လောင်စာစွမ်းအင်ကို အသုံးပြုခဲ့ကြပေမယ့် လောင်စာဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းပြီးနောက် အသုံးပြုမှု ပြန်လျော့သွားခဲ့ပါတယ်။ အခုတော့ လောင်စာဆီအခက်အခဲကြောင့် ဓာတ်ငွေ့လောင်စာ အသုံးပြုမှုကို တိုင်းပြည်အများစုက ပြန်လည်အာရုံစိုက်လာပါပြီ။ CNG ရဲ့ ဓာတုသင်္ကေတက CH5 ဖြစ်ပါတယ်။ သူ့ကို သန့်စင်တဲ့ သဘာဝဓာတ်ငွေ့မှတစ်ဆင့် ဖိသိပ်ခြင်းဖြင့် ထုတ်လုပ်ကြပြီး လုံခြုံခိုင်ခံ့တဲ့စည်တွေထဲ ထည့်သွင်းသိမ်းဆည်းပြီး အသုံးပြုကြပါတယ်။ ဒီသဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံမှာ မ.ထ.သ ခေတ်က ခရီးသည်ယာဉ်တွေမှာဆိုရင် CNG တပ်ဆင်ခွင့်လိုင်စင်တစ်စောင်ကို ကျပ်သိန်း ၅၀ အထိ ဈေးပေါက်ခဲ့ပါတယ်။ Y.B.S တွေပေါ်လာပြီး နောက်ပိုင်း ဒီစနစ်ထဲကိုဝင်မဆွဲတဲ့ ယာဉ်တွေကိုပဲ CNG တပ်ဆင်ခွင့်ပိတ်ပင်ထားပြီး ဒီလိုင်စင်အရောင်း အဝယ်ကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ တခြားနိုင်ငံတွေမှာတော့ ဒီကားတွေအပြင် ထရပ်ကားငယ်တွေနဲ့ ခရီးတိုအတွက်သုံး (အငှားယာဉ် အပါအဝင်၊ လုပ်ငန်းသုံးယာဉ်များ) တွေမှာလည်း တပ်ဆင်အသုံးပြုနေကြပါတယ်။

CNG လောင်စာစနစ်ကို အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတွေက သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အပြည့်အဝသုံးဖို့ အစိုးရက ညွှန်ကြားချက်ထုတ်ပြီး တိုက်တွန်းထားတာပါ။ ဒါကြောင့် အထူးသဖြင့် ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အများဆုံးမြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံမြို့တော် ဒေလီနဲ့ ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ် ပြည်နယ်ထဲက မြို့တွေမှာ အပြည့်အဝ သုံးစွဲနေကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘာဝဓာတ်ငွေ့သုံးယာဉ်များအသင်းရဲ့ လေ့လာချက်အရ သဘာဝဓာတ်ငွေ့လောင်စာစွမ်းအင်သုံး မော်တော်ယာဉ်စီးရေ တတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

CNG သုံးရခြင်းရဲ့ အဓိကအကြောင်းရင်း

CNG ကို မော်တော်ကားတွေ ရွေ့လျားနိုင်ဖို့အတွက် လောင်စာဆီအဖြစ်နဲ့ အသုံးပြုကြပါတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်ဆီရဲ့ နေရာမှာ အစားထိုးအသုံးပြုကြတာဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုသုံးရတာလဲဆိုရင် အဓိကကတော့ CNG တွေက ဈေးနှုန်းသက်သာတာ၊ လေထုညစ်ညမ်းမှုမဖြစ်တာ၊ လောင်စာဆီဈေးနှုန်း မြင့်တက်နေတာတွေကြောင့်အပြင် Air-Con သုံးရင်လည်း လောင်စာဆီတွေလို အရမ်းမကုန်တာကြောင့် သုံးကြတာပါ။ ကမ္ဘာ့နိုင်ငံကြီးအများစု လက်ခံအသုံးပြုကြတဲ့ အဓိကအချက်ကတော့ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို မဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီးတော့ CNG ကို အသုံးပြုခြင်းဟာ မြင့်တက်လာတဲ့ လောင်စာဆီဈေးနှုန်းကို တုံ့ပြန်ဖို့အတွက်လည်းဖြစ်ပါတယ်။ တချို့နိုင်ငံတွေကတော့ CNG ကို ဓာတ်ဆီနဲ့ နှိုင်းယှဉ်နိုင်ဖို့ Gasoline Gallon Equivalent (GGE) စနစ်နဲ့ တိုင်းတာရောင်းချကြပါတယ်။ ဥပမာအားဖြင့် ဩစတြေးလျနိုင်ငံဟာ အနာဂတ်မှာ CNG သုံး ဘတ်စ်ကားတွေကိုပဲ ဝယ်ယူတင်သွင်းဖို့ ဆုံးဖြတ်ထားပါတယ်။

CNG သုံးမော်တော်ယာဉ်တွေဟာ ကမ္ဘာတစ်ဝန်း အစီးရေသန်းနဲ့ချီပြီး ရှိပါတယ်။ အာဂျင်တီးနားမှာ အများဆုံးအနေနဲ့ အစီးရေလေးသိန်းကျော်အထိ ရှိနေပါတယ်။ ရုရှားမှာ သုံးသိန်းကျော်၊ အမေရိကန်ပြည်ထောင်စုမှာ တစ်သိန်းနီးပါး၊ ဗင်နီဇွဲလားမှာ ငါးသောင်းကျော်၊ နယူးဇီလန်မှာ ငါးသောင်းနီးပါး၊ ကနေဒါမှာ သုံးသောင်းခွဲခန့်၊ အီဂျစ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့မှာ အစီးရေ ထောင်ဂဏန်းခန့်အထိ အသုံးပြုနေကြပါတယ်။ အိန္ဒိယက လောင်စာဆီ သုံးစွဲတဲ့နေရာမှာ ဒီဓာတ်ငွေ့ကို ၂၅ ရာခိုင်နှုန်းအထိ သုံးဖို့ ကြေညာထားပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် အခုအရေအတွက်တွေထက် များစွာသာလွန်နေပြီ ဖြစ်ပါတယ်။ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေကလည်း သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်တွေ အမြောက်အမြား သုံးစွဲကြတယ်လို့ဆိုပါတယ်။

လက်ရှိ ဓာတ်ငွေ့လောင်စာစွမ်းအင်သုံး ယာဉ်တွေဟာ မူလကလောင်စာဆီ သုံးယာဉ်တွေ အသွင်ကနေ ပြောင်းလဲထားတဲ့ ယာဉ်တွေသာဖြစ်ပါတယ်။ မူလဓာတ်ငွေ့သုံးယာဉ်အဖြစ်တော့ ဘယ်ကားစက်ရုံကမှ ထုတ်လုပ်လာခြင်းမရှိသေးပါဘူး။ ဒီလိုလောင်စာ ဆီရောဓာတ်ငွေ့နဲ့ပါ အသုံးပြုလို့ရတဲ့ ကားတွေကို Bi-fuel (ဓာတ်ဆီ သို့မဟုတ် ဒီဇယ်လောင်စာနှင့် သဘာဝဓာတ်ငွေ့) ကားတွေလို့ခေါ်နိုင်ပါတယ်။ လောင်စာ အမျိုးအစားတစ်မျိုးကနေ တစ်မျိုးကို ပြောင်းလဲနိုင်တဲ့အတွက်ဖြစ်ပါတယ်။

CNG ရဲ့ အားနည်းချက်

အရာပစ္စည်းတစ်ခုမှာ အကောင်းနဲ့အဆိုး ဒွန့်တွဲနေသလို အားသာချက်နဲ့ အားနည်းချက်တွေဆိုတာ အမြဲတမ်းရှိနေပါတယ်။ ဒါကြောင့်ပဲ တီထွင်မှုတွေ ခေတ်အလိုက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် CNG တွေမှာလည်း အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ အားသာချက်တွေကို ပြောပြီးပြီဆိုတော့ အားနည်းချက်တွေကပြောပါမယ်။ CNG တွေကို သုံးမယ်ဆိုရင် ဖိနှိပ်ပြီးသိုလှောင်နိုင်တဲ့ ဆလင်ဒါအိုး ဒါမှမဟုတ် ကန်၊ ဓာတ်ငွေ့လောင်စာပိုက်တွေ၊ လောင်စာ ရောစပ်တဲ့ ကိရိယာနဲ့ အင်ဂျင်ကိုထိန်းညှိပေးတဲ့ ကိရိယာတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဒီလို ပြောင်းလဲပေးဖို့အတွက် စရိတ်ထပ်မံကုန်ကျမှာပါ။ ဒါ့အပြင် မြန်မာ နိုင်ငံအတွက်ဆိုရင် နယ်ဝေးတွေကို သွားနိုင်မှာ မဟုတ်ပါဘူး။ ရန်ကုန်တိုင်းအတွက်သာ အသုံးပြုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ CNG ဖြည့်ပေးရေးရုံတွေက ရန်ကုန်မှာပဲရှိလို့ပါ။

ဒါကြောင့်လည်းခရီးသည်တင်ယာဉ်တွေနဲ့ မြို့တွင်းသုံး အငှားယာဉ်တွေမှာသာ တပ်ဆင်အသုံးပြုကြတာ ဖြစ်ပါတယ်။ တချို့ အငှားယာဉ်တွေကတော့ ဒီအားနည်းချက်မဖြစ်စေဖို့ အထက်ကဆိုခဲ့တဲ့ လောင်စာဆီရော CNG ပါသုံးနိုင်မယ့် Bifuel စနစ်နဲ့ သုံးကြပါတယ်။ ဒီလိုနှစ်မျိုးသုံးရတာ ဘာမှမခက်ပါဘူး။ CNG ကိုသုံးမယ်ဆို CNG လိုင်းကိုဖွင့်ပြီး လောင်စာဆီလိုင်းကို ပိတ်လိုက်ရုံပါပဲ။ ဒီလိုပဲ အဖွင့်အပိတ်လုပ်ပြီး ပြောင်းသုံးလို့ ရပါတယ်။ ဒီလိုသုံးဖို့အတွက် အကျင့်တစ်ခုအနေနဲ့ တစ်ရက်ကို အနည်းဆုံးလောင်စာဆီနဲ့ စက်နှိုးပေးခြင်းကို ပြုလုပ်ပေးရပါတယ်။ ဒါမှလည်း ဆီကိုပြောင်းသုံးတဲ့ နေရာမှာ အခက်အခဲမဖြစ်စေမှာပါ။ ဒီမှာတော့ ဓာတ်ဆီအင်ဂျင်တွေမှာပဲ CNG တွေနဲ့ တွဲသုံးလို့ ရနိုင်ပါတယ်။ ဒီဇယ်အင်ဂျင်နဲ့တော့ လောင်စာဆီကို နှစ်မျိုးသုံးလို့မရပါဘူး။ တကယ်လို့ ဒီဇယ်အင်ဂျင်သုံးသူတွေအနေနဲ့ နှစ်မျိုးလုံးသုံးချင်တယ် ဆိုရင်တော့ ဓာတ်ဆီအင်ဂျင်ကို ပြောင်းလဲတပ်ဆင်ဖို့လိုပါတယ်။

အခြားလောင်စာဆီတွေနဲ့ နှိုင်းယှဉ်ချက်

လောင်စာဓာတ်ဆီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် CNG က ဟိုက်ဒရိုကာဗွန်၊ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ တခြားဘေးထွက်ပစ္စည်းထုတ်လွှင့်မှု အလွန်နည်းပါတယ်။ ဒါကြောင့်ပဲ လေထုညစ်ညမ်းမှုကို လျော့ကျစေတာပါ။ Octane နဲ့ ဆိုရင်လည်း Octane က ဈေးမြင့်တယ်ဆိုပေမယ့် သူ့ထက် စက်နှိုးရ လွယ်ကူပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဓာတ်ငွေ့ကို ကိုယ့်နေအိမ်မှာပဲ ဖြည့်တင်းနိုင်ပါတယ်။ ဒါပေမဲ့ သိုလှောင်နိုင်မှု ပမာဏမှာတော့ အကန့်အသတ်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ဓာတ်ငွေ့ရဲ့ သဘောသဘာဝကြောင့် စွမ်းအင် အနည်းငယ်နိမ့်ပါတယ်။ ပြီးတော့ ဓာတ်ငွေ့ရဲ့ အခြေခံတည်ဆောက်မှုက ဓာတ်ဆီနဲ့ ယှဉ်ရင်အားနည်းချက်တွေ ရှိနေပေမယ့် စရိတ်တော့ ပိုသက်သာပါတယ်။

Source; The Voice

Read 1512 times