အရင်က (၂၀၀၀ ပြည့်နှစ်နောက်ပိုင်း) ထုတ်တဲ့ မော်တော်ယာဉ်တွေပဲဖြစ်ဖြစ်၊ အခုနောက်ပိုင်းထုတ်တဲ့ မော်တော်ယာဉ်တွေမှာပဲဖြစ်ဖြစ် မော်တော်ယာဉ်တစ်စီး ချို့ယွင်းလာပြီဆိုရင် အရင်ဆုံး အချက်ပြမီးတွေကနေ သတိပေးလေ့ရှိပါတယ်။(အချို့သော နေရာများပြလေ့မရှိ)။
ကားတိုင်းလိုလိုမှာ ကွန်ပျူတာဘောက်စ်တွေ ပါဝင်တဲ့အတွက် ကားကွန်ပျူတာစနစ်က ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြစ်ချက်တစ်ခုခုပေါ်လာတာနဲ့ Check Engine သင်္ကေတမီးတွေ လင်းလာတတ်ပါတယ်။ ဒီလိုဆိုရင် နားမလည်တဲ့သူတွေအတွက် မက္ကင်းနစ်ဆီ ပြေးသွားဖို့လိုပါတယ်။ နားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင် မပြုပြင်နိုင်သူတွေအတွက်လည်း မက္ကင်းနစ်ဆီ ပြေးရမှာပါ။ ဒါမှသာ ကိုယ့်ကားဘာတွေ ချို့ယွင်းနေတာ လဲသိနိုင်ဖို့ အထူးပြုလုပ်ထားတဲ့ Scanner နဲ့ စစ်ဆေးရမှာပါ။
Check Engine မီးလင်းလာရတဲ့ အကြောင်းအရင်းတချို့ရှိပါတယ်။ အဲဒါတွေကတော့ Airflow Sensor ချို့ယွင်းခြင်း၊ Oxygen Sensor ချို့ယွင်းခြင်း၊ Catalytic Converter ချို့ယွင်းခြင်း၊ ဆီတိုင်ကီမလုံခြင်း၊ မီးဖောက်ပလပ်များ ချို့ယွင်းခြင်းနဲ့ ပိုက်လိုင်းနှင့် လေအဝင်စနစ် မလုံခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အချက်ပြမီး (Warning Light)တွေ လင်းတတ်တဲ့ အရာတွေကတော့ ဘက်ထရီ၊ စက်ဆီချောဆီ၊ အင်ဂျင်အပူချိန်၊ လောင်စာဆီ နည်းနေမှု၊ ကားတံခါးပွင့်နေမှု၊ ခါးပတ်ပတ်ရန်၊ မတော်တဆမှုမှ ကာကွယ်ရန်၊ Parking ဘရိတ်၊ ရှေ့မီးကြီး၊ ရှေ့နဲ့နောက် နှင်းကွဲမီး၊ သွားလာမှုအချက်ပြ ကွန်ပျူတာစတဲ့မီးတွေ လင်းတတ်ပါတယ်။ ဒီလို မီးတွေလင်းလာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အရင်ဆုံး Check Engine မီးလင်းလာရတဲ့ အကြောင်းရင်းတချို့ကို ကြည့်လိုက်ကြရအောင်။
Airflow Sensor ချို့ယွင်းခြင်း
ညစ်ပတ်ပိတ်ဆို့နေတဲ့ Air Filter ကြောင့် ဖြစ်နိုင်သလို Air Filter တပ်ဆင်ရာမှာ ပုံစံမကျတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်ရှူပေါက်လို ကားတွေရဲ့အသက်ရှူပေါက်လို့ တင်စားရမယ့် Air Filter တွေကို တစ်နှစ်တစ်ခါ အသစ် လဲဖို့ လိုအပ်ပါတယ်။ Air Filter တွေ ပိတ်နေတာနဲ့ ပုံစံမကျတာတွေကို မပြင်ဘဲသုံးမယ်ဆိုရင် ကားရဲ့ဆီစားနှုန်း မြင့်လာနိုင်သလို ကြာလာတာနဲ့အမျှ ဆိုးရွားတဲ့ ထိခိုက်မှုတွေဖြစ်လာမှာပါ။ ဥပမာ - ကားက မောင်းနှင်နေရင်း မကြာခဏ ထိုးရပ်သွားတတ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
Oxygen Sensor ချို့ယွင်းခြင်း
အကြောင်းရင်းက Oxygen Sensor ပေါ်မှာ အညစ်အကြေး၊ ဆီနဲ့ ဖုန်မှုန့်တွေ ထူထူထဲထဲ ကပ်ငြိနေတာကြောင့်ဖြစ်ပါတယ်။ မပြင်ရင် ညစ်ပေနေတဲ့ Oxygen Sensor ကြောင့် ဆီစားနှုန်းမြင့်တက်လာနိုင်တဲ့အပြင် မီးခိုးအူတာတွေ၊ Catalytic Converter ပျက်စီးတာတွေလည်းဖြစ်လာနိုင်ပါတယ်။
Catalytic Converter ချို့ယွင်းခြင်း
သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလိုက် Catalytic Converter ကို ဆားဗစ်ပြုလုပ်ထိန်းသိမ်းဖို့ ပျက်ကွက်တာကြောင့် ဖြစ်နိုင်ပါတယ်။ မပြင်ရင် အင်ဂျင်ကထွက်တဲ့ အိပ်ဇောငွေ့ကို ကာဗွန်မိုနောက်ဆိုက်အဖြစ် မပြောင်းလဲနိုင်တော့တဲ့အပြင် ဆီစားနှုန်းများတာဆိုတဲ့ ရောဂါလည်းရလာနိုင်ပါတယ်။
ဆီတိုင်ကီမလုံခြင်း
ဆီတိုင်ကီအဖုံးကို ကျကျနနမပိတ်တာ၊ အဖုံးပေါ်မှာ အက်ရာရှိနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ မပြင်ရင် ဆီတိုင်ကီထဲက လောင်စာငွေ့တွေအပြင်ကိုရောက်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်တဲ့အပြင် လောင်စာဆီလေလွင့်မှုတွေ ဖြစ်လာနိုင်ပါတယ်။
မီးဖောက်ပလပ်များ ချို့ယွင်းခြင်း
ဒီမီးလင်းလာရတဲ့ အကြောင်းရင်းကတော့ မီးဖောက်ပလပ်တွေ ချို့ယွင်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ပလပ်တွေကို ကားသစ်တွေမှာ မိုင်တစ်သိန်းအထိ မောင်းပြီးတဲ့အချိန်တိုင်းနဲ့ ကားဟောင်းတွေမှာဆိုရင် မိုင်နှစ်သောင်းခွဲကနေ သုံးသောင်းအထိ မောင်ပြီးတိုင်း အသစ်လဲလှယ်သင့်ပါတယ်။ မပြင်ရင် အရှိန်မြှင့်ဖို့ လီဗာကိုနင်းတဲ့အခါ ကားက ဆောင့်ဆောင့်နေတတ်တဲ့အတွက် ဆီစားနှုန်းကလည်း အနည်းငယ် ပိုလာနိုင်ပါတယ်။
ပိုက်လိုင်းနဲ့ လေအဝင်စနစ်မလုံခြင်း
အကြောင်းရင်းက ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ပိုက်လိုင်း၊ အဆက်တွေ ဒါမှမဟုတ် ဆီလေနှော အခန်းမလုံတာတွေကြောင့်ပါ။ ကားရဲ့သက်တမ်း ရင့်လာတာနဲ့အမျှ ကြုံရတတ်ပါတယ်။ မပြင်ဘဲထားရင် ကားရဲ့ စွမ်းဆောင်ရည် ကျဆင်းတာတွေ၊ ဆီစားနှုန်း မြင့်တာတွေ ဖြစ်လာနိုင်တဲ့အပြင် အင်ဂျင်ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဒါတွေကတော့ Check Engine လင်းတတ်တဲ့နေရာတွေနဲ့ ဒီလိုဖြစ်လာတာကို မပြင်ဘဲထားရင် ဖြစ်တတ်တဲ့ ချို့ယွင်းမှုလေးတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး Warning Light တွေအကြောင်း ကြည့်လိုက်ကြရအောင်။
အင်ဂျင်ဝိုင်
ကားမောင်းနေချိန်မှာ ဒီအချက်ပြမီးကနေ တစ်ဆင့် သတိပေးလာရင် တစ်ခုခုချို့ယွင်းနေတာပါ။ ကားကို မြန်မြန်ရပ်ပြီး အင်ဂျင်ဝိုင်ကိုစစ်ပါ။
အင်ဂျင်အပူချိန်တိုင်း ကိရိယာ
ဒီမီးက အင်ဂျင်ပူလာရင် ပြတတ်တဲ့မီးပါ။ ဒီမီးပြတာနဲ့ ကားကိုမြန်မြန်ရပ်ကာ စက်ကိုသတ်ပါ။ အင်ဂျင်အေးအောင် လုပ်ပါ။
ဘက်ထရီ
အင်ဂျင်လည်ပတ်နေချိန်နဲ့ ကားမောင်းနေချိန်မှာ ဒီမီးလင်းလာပြီဆိုရင် ကားဘက်ထရီပြဿနာ ဖြစ်နေတာပါ။ မလိုတဲ့ လျှပ်စစ်သုံးစွဲမှုတွေကို ပိတ်လိုက်ပါ။ ကားကို ဆားဗစ်ကိုမောင်းပါ။ ကားကို Service မပြရသေးခင်အထိ မသုံးပါနဲ့။
လောင်စာဆီ အချက်ပြမီး
ဒီမီးကတော့ ကိုယ့်ရဲ့ကားမှာ လောင်စာဆီ (ဓာတ်ဆီ၊ ဒီဇယ်) နည်းနေချိန်မှာ ပေါ်ပါတယ်။ ဒါဆို ဆီဖြည့်ပါ။
ဆီတိုင်ကီအဖုံး
ဒီမီးကတော့ ဆီတိုင်ကီအဖုံးမလုံရင် လင်းတတ်ပါတယ်။ အဖုံးလုံ၊ မလုံ ပြန်စစ်ပါ။
လေအိတ်ပိတ်ထားခြင်း
ဒီမီးက ခရီးသည်ဘက်က လေအိတ်ပိတ်ထား မထား အချက်ပြတဲ့မီးပါ။ အန္တရာယ်ရှိလို့ မဖွင့်ထားရင် ဖွင့်လိုက်ပါ။
ဦးတည်အချက်ပြမီး
ဒီမီးက ကားကိုဘယ်ကွေ့ရင်ဖြစ်စေ၊ ညာကွေ့ရင်ဖြစ်စေ အချက်ပြတဲ့မီးပါ။
Anti-Lock Braking System
အင်ဂျင်လည်နေချိန်နဲ့ ကားမောင်းနေချိန်မှာ ဒီမီးလင်းလာရင် ဘရိတ်စနစ်အပိုင်းမှာ တစ်ခုခုချို့ယွင်းနေတာပါ။ နောက်ထပ်ဘရိတ်နဲ့ပတ်သက်ပြီး အင်ဂျင် အသုံးပြုနေချိန်မှာ မီးတစ်ခုလင်းတတ်ပါသေးတယ်။ အဲဒီမီးလင်းလာရင် ဘရိတ်ဆီနည်းနေတာမျိုး၊ ဘရိတ်စနစ်တစ်ခုခု ချို့ယွင်းနေတာမျိုး ဖြစ်နေလို့ပါ။ Service ပြပြီးမှ သင့်ကားကို ဆက်သုံးပါ။
Stability Control
ဒီစနစ်က အီလက်ထရွန်နစ်နဲ့ ကားတစ်စီးလုံးကို ထိန်းချုပ်ပေးတဲ့စနစ်တစ်ခုပါ။ အဆင့်မြင့်ကားတွေ တော်တော်များများမှာ ပါပါတယ်။ အင်ဂျင် အသုံးပြုနေချိန်မှာ ဒီမီးလင်းလာရင် သင့်ကားမှာ တစ်ခုခုချို့ယွင်းနေပါပြီ။ ဒီစနစ်က ကားတစ်စီးလုံးကို ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် Service မပြပြီးမချင်း ဆက်မသုံးပါနဲ့။
တာယာလေနည်းနေခြင်း
အချက်ပြမီးတွေက ကားဘီးလေနည်းနေရင်တောင် ဒီလိုမီးမျိုးလင်းလာတတ်ပါတယ်။
Cruise Control
ဟိုင်းဝေးမောင်းတဲ့အခါ ဒီစနစ်ကိုဖွင့်ပြီး မောင်း နေရင် မီးလင်းလာတတ်တာပါ။
Shift Indicator
ဒီအချက်ပြမီးလင်းလာရတဲ့အကြောင်းကတော့ ကားမောင်းနေချိန်အတွင်း ဂီယာမြှင့်ဖို့ သတိပေးနေတာပါ။
ညစ်ညမ်းသောဆီ
အရည်အသွေးမပြည့်တဲ့ ဆီ ဒါမှမဟုတ် ညစ်ညမ်းတဲ့ဆီတွေ ကားထဲကို ထည့်သွင်းမိတဲ့အခါမှာ လင်းပါတယ်။
ဆီထဲရေပါဝင်မှု
အင်ဂျင်နှိုးထားချိန် ဆီထဲရေပါနေတဲ့ လက္ခဏာပြလာပြီဆိုရင် ဒီမီးလင်းလာတတ်ပါတယ်။ အင်ဂျင်ကိုပိတ်ပြီး ကားကိုချက်ချင်းရပ်လိုက်ပါ။ ပြီးရင် ဆီနဲ့ ရေကိုသွန်လိုက်ပါ။
ဒါတွေကတော့ ကားတွေမှာ တစ်ခုခုချို့ယွင်းပြီဆိုတာနဲ့ ပြသတတ်တဲ့ အချက်ပြမီးတွေအကြောင်းနဲ့ Check Engine မီးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ကားအသုံးပြုသူတိုင်း ဘယ်လိုပုံစံ မီးလင်းရင် ဘယ်လိုလုပ်သင့်ပုံနဲ့ ဒီလိုမီးတွေ လင်းလာပြီဆိုတာနဲ့ ဘာလုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေကို အလွယ်တကူ ချသွားနိုင်မှာဖြစ်ပါတယ်။