Charger များ၏ သမိုင်းကြောင်း


မော်တော်ယာဉ်အင်ဂျင်တွေကို ပိုမိုရုန်းအား ကောင်းစေတဲ့ Charger (ချာဂျာ) တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ Charger တွေမှာဆိုရင် Super Charger နဲ့ Turbo Charger ဆိုပြီး နှစ်မျိုးရှိပါတယ်။

အခုနောက်ပိုင်းမှာတော့ Turbo Charger တွေကိုသာ အသုံးပြုကြပြီးတော့ Super Charger ကတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ Turbo Charger အင်ဂျင်တွေရဲ့ စွမ်းပကားက အင်ဂျင်တွေရဲ့ စွမ်းအားကို မြှင့်ယူပေးနိုင်ရုံသာမက ဆီစားနှုန်းကိုပါ သက်သာစေတာကြောင့် Super Charger တွေကို ကျော်တက်အနိုင်ယူခဲ့တယ်လို့ ယူဆရပါတယ်။

Charger တွေရဲ့သမိုင်း

၁၈၈၅

ဂျာမနီနိုင်ငံရဲ့ အထင်ကရ အင်ဂျင်နီယာကြီး Gottlieb Daimler နဲ့ ဒီဇယ်အင်ဂျင်ကို တီထွင်ခဲ့သူ Rudolf Dieseal တို့က ကြိုတင်ဖိသိပ်ထားတဲ့လေကို အင်ဂျင်တွေထဲ သွတ်သွင်းတဲ့အခါ အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်စေတယ်ဆိုတဲ့ အယူအဆအတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်။

၁၉၁၂

ဆွစ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Dr. Alfred Büchi အိပ်ဇောငွေ့အားနဲ့ မောင်းနှင်အလုပ်လုပ်တဲ့ ပထမဆုံးသော Supercharger ကို ဖန်တီးခဲ့ပါတယ်။ သူက တာဘိုချာဂျာပါဝင်တဲ့ ဒီဇယ်အင်ဂျင်အတွက် ရှေ့ပြေးပုံစံငယ်ကို ဖန်တီးဖို့လည်း အဆိုပြုခဲ့ပါတယ်။

၁၉၂၅

Büchi က အိပ်ဇောငွေ့ကို အသုံးပြုလည်ပတ်တဲ့ တာဘိုချာဂျာစနစ်ကို သရုပ်ပြထုတ်ဖော်ခဲ့ပြီး အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ၄၀ ရာခိုင်နှုန်းကျော်အထိ မြှင့်ယူနိုင်စွမ်းရှိတာကို ပြသခဲ့တယ်။

၁၉၃၈

ဘတ်စ်ကားနဲ့ ထရပ်ကားတွေထုတ်လုပ်တဲ့ ဆွစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Saurer က ပထမဆုံးသော တာဘိုချာဂျာပါဝင်တဲ့ ထရပ်ကားအင်ဂျင်ကို တည်ဆောက်ခဲ့ပါတယ်။

၁၉၇၃

Turbo Charger စနစ်တွေ ပြန်ခေတ်စားလာပြီး BMW က 2002 Turbo၊ Porsche က 911 Turbo ကားမော်ဒယ်လ်တွေနဲ့ စတင်ဦးဆောင်ခဲ့ပါတယ်။ ဒီကားမော်ဒယ်လ် နှစ်မျိုးစလုံးကို ၁၉၇၄ ခုနှစ်၊ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ Paris Motor Show မှာ ထုတ်ဖော်ပြသခဲ့တယ်။

၁၉၉၄

Toyota Supra Turbo က မြောက်အမေရိက ဈေးကွက်မှာ Toyota ကုမ္ပဏီက ရောင်းချခဲ့ရသမျှ ကားတွေအားလုံးထက် အမြန်ဆုံးဖြစ်လာခဲ့တယ်။ Turning ပိုင်းကို စိတ်ဝင်စားသူတွေကြောင့် Supra Turbo က သမိုင်းတွင်ရလောက်အောင် နာမည်ကျော်ခဲ့ပါတယ်။

၁၉၉၆

VW Jetta မှာ တပ်ဆင်ထားတဲ့ KO3-33 Turbo စနစ်ကို အခြားအပေါ့စားကားအများစုမှာလည်း တပ်ဆင်အသုံးပြုခဲ့ကြတယ်။ ဒီတာဘိုစနစ်က Charger တွေရဲ့သမိုင်းမှာ အသုံးအများဆုံး၊ တပ်ဆင်မှုအများဆုံးစနစ်ဖြစ်ခဲ့ပါတယ်။

၂၀၁၄

အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Honey-well (အရင်က Garret) ဟာ သုံးနှစ်အတွင်း (၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ) တာဘိုချာဂျာ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်အစင်းရေ ၄၉ သန်းအထိရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ Turbo Charger တွေရဲ့ စွမ်းဆောင်ရည်က ပိုမိုတိုးတက်ကောင်းမွန်လာတာကြောင့် Super Charger တွေ ပျောက်ကွယ်သွားလိမ့်မယ်လို့လည်း ပညာရှင်ချို့ကဆိုခဲ့ကြသလိုပဲ အခုနောက်ပိုင်း ကားမော်ဒယ်လ်သစ်တွေမှာဆိုရင် Turbo Charger တွေကိုသာ ထည့်သွင်းအသုံးပြုလာတာကိုတွေ့ရပါတယ်။

ကားထုတ်လုပ်သူတွေဟာ နောက်ပိုင်းမှာ ဆီစားနှုန်းကို လျှော့ချစေလိုတဲ့အတွက် အင်ဂျင်ပါဝါကို နည်းနိုင်သမျှနည်းအောင် ထုတ်လုပ်ပြီးတော့ ဆီစားသက်သာစေတဲ့ Turbo Charger တွေကို ထည့်သွင်းပြီး ထုတ်လုပ်လာခဲ့ကြပါတယ်။

Read 1280 times