အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ


ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြပါတယ်။ ကားအကြောင်း၊ ကားသဘာဝ၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်ပါတယ်။

ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြပါသေးတယ်။ ကားတစ်စီး လက်ဝယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲပါ။ ကားဟောင်း၊ ကားညံ့ဝယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများပါတယ်။ ကားကောင်းဝယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိပါတယ်။ အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြတာပါ။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု ထင်နေကြတာပါ။

ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေပါတယ်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်နေတာပါ။ အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်ပါတယ်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရပါတယ်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိပါတယ်။ သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်ပါတယ်။

(၁) ဆီစစ်၊ လေစစ်များ

ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးပါ။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်တယ်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter) ဘူးကို လဲပေးပါ။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်ပါတယ်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

(၂) ဘက်ထရီ

ကားတစ်စီးတွင် ဘက်ထရီက အသက်ပါ။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်ပါတယ်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ပါတယ်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံတာပါ။ AGM (Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံပါတယ်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။

(၃) ဘရိတ်ရှုး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်ပါတယ်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံပါတယ်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားပါတယ်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်ပါတယ်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံပါတယ်။

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်ပါတယ်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးသင့်ပါတယ်။ ကားအောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမှာပါ။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပါ။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးပါ။ တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါတယ်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိပါတယ်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါတယ်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)

OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်ပါတယ်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းပါ။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါတယ်။ ဝိုင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်ပါတယ်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိပါတယ်။

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမှာပါ။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးပါတယ်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံပါတယ်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံး။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရပါတယ်။ ရာဘာဂတ်စ်ကတ်များလည်းရှိပါတယ်။ ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်ပါတယ်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်ပါတယ်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေတတ်ပါတယ်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံပါတယ်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမှာပါ။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်ပါတယ်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရတာပါ။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးပါတယ်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်လာပါလိမ့်မယ်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော အဓိကပြဿနာပါ။(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါတယ်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာပါ။ အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးတတ်ကြပါတယ်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါတယ်။

(၁၀) Spark Plugs

အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာဝန်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်ပါတယ်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများလာပါလိမ့်မယ်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း လုပ်ပေးသင့်ပါတယ်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါတယ်။ ပလပ်တီနမ်ပလပ်များသည် ဈေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံပါတယ်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေပါတယ်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်ပါတယ်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါတယ်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးပါ။ Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်သင့်ပါတယ်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍ ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိပါတယ်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းလည်းဖြစ်ပါတယ်။

Source;Original writer

Read 7071 times