သက်တမ်းကုန်ဆုံးနေသည့် ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းများမှ လက်ကျန်ကားများအတွက် ကနဦးမှတ်ပုံတင်ပြုလုပ်ရန် ကြီး/ကော်တွင်ထောက်ခံချက် လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော ကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ဇန်နဝါရီလ ၂၅ ရက်မှစ၍ သက်တမ်းကုန်ဆုံးနေသည့် မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများမှ ကားများကို ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးခြင်း ရပ်ဆိုင်းလိုက်ပြီး ကြီး/ကော်၏ သီးခြားခွင့်ပြုစာပါရှိမှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။
“အရောင်းစင်တာနှင့် အရောင်းပြခန်းတွေက မော်တော်ယာဉ်တွေကို သက်တမ်းရှိမော်တော်ယာဉ် တင်သွင်းရောင်းချခွင့် လက်မှတ်ပါမှ ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးဖို့ ကြေညာထားပါတယ်၊ ပိတ်သိမ်းဖို့ဖြစ်ဖြစ်၊ သက်တမ်းကျော်နေတာပဲဖြစ်ဖြစ် မော်တော်ယာဉ်တင်သွင်းရောင်းချခွင့် သက်တမ်းကုန်ဆုံးနေရင် ကျန်နေတဲ့ ကားများအတွက် ကနဦးမှတ်ပုံတင် ဆောင်ရွက်မယ်ဆိုရင် ကြီး/ကော်မှာ သီးခြားခွင့်ပြုချက်လျှောက်ထားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။
မော်တော်ယာဉ် တင်သွင်းရောင်းချခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်အား ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်းနှင့် အရောင်းစင်တာ၊ အရောင်းပြခန်းများ၏ လက်ကျန်မော်တော်ယာဉ်များအား စားရင်းရှင်းလင်းခြင်းအတွက် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့်သာ ယာဉ်မှတ်ပုံတင်လုပ်ငန်းအားဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။မော်တော်ယာဉ်အရောင်းပြခန်းများဆက်လက်လုပ်ကိုင်လိုသူများသည် မှတ်ပုံတင်လက်မှတ် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်းခြောက်ဆယ်အတွင်းအသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ကုန်ဆုံးရက်ကျော်လွန်ပါက တစ်လလျှင် ကျပ်တစ်သောင်းနှုန်း ဒဏ်ကြေးကောက်ခံမည်ဖြစ်ကြောင်း သိရပါတယ်။