ကားအရောင်းစင်တာများအတွက် အကျယ်အဝန်းသတ်မှတ်ချက်များကိုမူ ဖြေလျှော့ပေးမည်


ကားအရောင်းစင်တာများအတွက် Deposit ငွေလျှော့ပေးရန် မရှိသေးသော်လည်း အကျယ်အဝန်းသတ်မှတ်ချက်များကိုမူ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၆ ရက်က နိုင်ငံတော်ဒုသမ္မတ (၁) ဦးဆောင်သည့် ပုဂ္ဂလိကဖွံ့ဖြိုးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ကားအရောင်းစင်တာများပေးသွင်းရသော Deposit ငွေကိုဖြေလျှော့ပေးရန်နှင့် အရောင်းစင်တာများအတွက် သတ်မှတ်ထားသော မြေနေရာနှင့်ဂိုဒေါင်အကျယ်အဝန်းကို ဖြေလျှော့ပေးရန် တင်ပြခဲ့ပါတယ်။

ယင်းတင်ပြချက်များထဲမှ ကားအရောင်းစင်တာများအတွက် Deposit ပေးသွင်းငွေကို ဖြေလျှော့ပေးရန် မရှိသော်လည်း အကျယ်အဝန်းသတ်မှတ်ချက်ကိုမူ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရပါတယ်။“ကားအရောင်းစင်တာတွေနဲ့ ကားအရောင်းပြခန်းတွေအတွက် သတ်မှတ်ထားတဲ့ အကျယ်အဝန်းကရှိသင့်ရှိထိုက်တဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကားတွေ တင်သွင်းရောင်းချဖို့ကအရေအတွက် နည်းသွားတဲ့အတွက် အရောင်းစင်တာတွေကို အကျယ်အဝန်းသတ်မှတ်ချက်ဖြေလျှော့ပေးမှာဖြစ်ပါတယ်။ ကားအရောင်းစင်တာဖွင့်လှစ်ဖို့အတွက် Deposit တင်လို့ရတဲ့ ငွေပမာဏကိုတော့ ဖြေလျှော့ပေးမှာမဟုတ်ပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကားအရောင်းစင်တာနှင့် ကားအရောင်းပြခန်းများ ဖွင့်လှစ်ရန်အတွက် Deposit အဖြစ် ကျပ်သိန်း ၁၅၀၀ တင်ခိုင်းထားပြီး မြေနေရာအကျယ်အဝန်းသတ်မှတ်ရာတွင် ကားအရောင်းစင်တာများသည် စတုရန်းပေ ကိုးထောင်နှင့် သိုလှောင်ရုံစတုန်ရန်းပေငါးထောင်၊ ကားအရောင်းပြခန်းများသည် စတုရန်းပေ ၁၄၀၀၀ နှင့် သိုလျှောင်ရုံစတုရန်းပေငါးထောင်အနည်းဆုံးရှိရမည်ဟု သတ်မှတ်ခဲ့ပါတယ်။ယခုလမှစ၍ ကားအရောင်းစင်တာများ၏ သိုလှောင်ရုံ စတုရန်းပေငါးထောင်ကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ သိရပါတယ်။

 

Read 336 times