ကားပလပ် (Plugs) တွေ အကြောင်း


မော်တော်ယာဉ်တွေ အတွင်းပိုင်းက မရှိမဖြစ်လိုအပ်တဲ့ Plug တွေရဲ့ အကြောင်းကို တင်ပြပေးပါမယ်။ Plug ဆိုတာက ကားတစ်စီးလုံးက သေးမွှားတဲ့ အပိုပစ္စည်းလေးတစ်ခုလို့ပဲ အားလုံးက ထင်ကြတာပါ။ မကောင်းရင် လဲလိုက်မယ်။ ဒီလောက်ပါပဲ။

ဘယ်လို Plug တွေ ကိုလဲသင့်တယ်။ ဘယ်လို Plug တွေဆိုရင် ကိုယ့်ကားနဲ့ သင့်တော်မယ်။ ဘယ်လို Plug တွေဆိုရင် ကိုယ့်ကားနဲ့ မသင့်တော်ဘူးဆိုတာတွေကို သိရှိသူနည်းပါတယ်။ သူ့ရဲ့အကျိုး၊ အပြစ်ကို အသေးစိတ်သိရှိသူနည်းလှပါတယ်။ သူမကောင်းရင် ကိုယ့်ကားမောင်းရတာ အဆင်မပြေသလို၊ ကိုယ့်ကားအင်ဂျင်ကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ မကောင်းတဲ့ Plug တွေ သုံးမိရင် ကားကို ဒုက္ခပေးနိုင်တဲ့အတွက် ဈေးပေါတာထက်၊ အရည်အသွေးကောင်းတာကို ရွေးချယ်သုံးဖို့လိုပါတယ်။

Spark Plugေ တွရဲ့လုပ်ဆောင်ချက်များ

ဓာတ်ဆီအင်ဂျင်တစ်လုံးမှာလေနဲ့ လောင်စာအရောတွေ အကောင်းဆုံး မီးလောင်ပေါက်ကွဲနိုင်ဖို့ Spark Plugs ရဲ့လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။ Ignition System (မီးပေးတဲ့စနစ်) မှာ နောက်ဆုံးအဓိကကျတဲ့ အရာကလည်း Spark Plug ပါပဲ။ ကားတစ်စီးမှာ Plug တစ်ခုမကောင်းရင် အင်ဂျင်လုပ်ဆောင်ချက်စွမ်းရည် ကျဆင်းပြီး ဆီစားနှုန်းများ လာတတ်ပါတယ်။ အင်ဂျင်ရုန်းအား၊ ဆွဲအားလည်း ကျဆင်းသွားတတ်ပါတယ်။ Plug ဆိုတာ လူတိုင်း သိပေမယ့် Plug ကြောင့် ဖြစ်နေတဲ့ပြဿနာတွေ၊ ချွတ်ယွင်းအားနည်းချက်တွေကို အသေးစိတ် နားလည်သိရှိကြသူတွေနည်းပါတယ်။ ဒါကြောင့် Plug လေး တစ်ခုရဲ့အကြောင်းသိထားဖို့ လိုအပ်ပါတယ်။ အရည်အသွေးမကောင်းတဲ့ ဓာတ်ဆီတွေသုံးပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းနေတဲ့ ကားတွေမှာ Plug ပြဿနာ၊ Plug ဒုက္ခတွေကိုရင်ဆိုင်ရမှာပါ။

ဓာတ်ဆီအင်ဂျင်နဲ့ Plug ရဲ့ ဆက်နွှယ်မှုများ

Plugs နဲ့ ဓာတ်ဆီအင်ဂျင်တွေ ဆက်စပ်နေတာဖြစ်တဲ့အတွက် ဓာတ်ဆီအင်ဂျင်တွေမှာ ဘယ်လိုလုပ်ဆောင်ချက်တွေရှိလဲဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးမှာလေနဲ့ လောင်စာဆီအရောကို Power Stroke ရောက်ခါနီး မှာ မီးလောင်ပေါက်ကွဲသွားအောင် မီးပွား (Spark) တွေအဖြစ် ဖန်တီးပြုလုပ်ပေးပါတယ်။ Ignition (မီးပေးတဲ့စနစ်) စနစ်မှာ မီးကွိုင် (Ignition Coil) က ပို့လွှတ်ပေးလိုက်တဲ့ ဗို့လ်အားမြင့် (High Voltage) တွေ၊ ပလပ်ကြိုးကနေတစ်ဆင့် Plug ကိုရောက်လာပါတယ်။ ဗို့လ် (Volt) အားက ၁၂,၀၀၀ ကနေ ၂၅,၀၀၀ Volt ရှိတဲ့အတွက် Plug ထိပ်မှာရှိတဲ့ Center Electrode ကနေ Ground ငုတ်ကို မီးပွားတွေ ခုန်ကူးပါတယ်။ ဒီမီးပွားကြောင့် Combustion Chamber ထဲမှာရှိနေတဲ့ ဖိသိပ်ခံထားရတဲ့ လေနဲ့ လောင်စာဆီအရောတွေ ပေါက်ကွဲထွက်သွားပါတယ်။ ဒီပေါက်ကွဲတွန်းကန်အားကြောင့် Piston က Connecting Rod ကို တွန်းချပြီးက ရိုင်းရှပ်ကိုလည်ပတ်စေပါတယ်။ Piston လေးလုံးရှိရင် Plug လေးလုံး ရှိပါတယ်။ တချို့ကားတွေမှာ ဆလင်ဒါ (Cylinder)တစ်လုံးအတွက် Plug ၂ လုံးစီ တပ်ဆင်ထားပါတယ်။ အင်ဂျင်လည်ပတ်နေတဲ့ နှုန်းကမြန်လွန်းတဲ့အတွက် Plug မီးပွားပွင့်ချိန်ကလည်း အလွန်တိုတောင်းလှပါတယ်။ High Speed မောင်းနေတဲ့အချိန်မှာ Plug မီးပွားပွင့်ချိန်တစ်ခုဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၀၀၀ ပုံ ၁ ပုံ (၁/၁၀၀၀) လောက်ပဲကြာပါတယ်။

ပလပ်ထိပ် Electrode နဲ့ ကြွေသားတွေမှာ ကာဗွန်တွေချိုးကပ်ပြီး Plug ညစ်ပေလာတတ်ပါတယ်။ ကာဗွန်ချိုးတွေ ညစ်ပေတာများလာရင် ပလပ်မီးပွားခုန်ကူးတာကို အနှောင့်အယှက်တွေဖြစ်လာပါတယ်။ Plug မီးကူးတာမမှန်တော့ပါဘူး။ အင်ဂျင်ပေါက်ကွဲမှုလည်းမမှန်တော့ဘဲ Plug ညစ်ပေပြီး Plug မခုတ်တော့တာကို Carbon Fouling ဖြစ်တယ်လို့ခေါ်ပါတယ်။

အပူ Plug နဲ့ အအေး Plug

ဘာကြောင့် Plug ထိပ်မှာအပူ Plug (Hot Type)၊ အအေး Plug (Cold Type) ဆိုပြီး ခွဲခြားထုတ်လုပ်ပါသလဲ။ Plug တစ်လုံးကနေအပူတွေ ကူးလူးစီးဆင်းပြန်လည်အအေးခံတဲ့အခါမှာ ကြာတဲ့အချိန်ပေါ်မှာ မူတည်ပြီး အပူ Plug၊ အအေး Plug ကို သတ်မှတ်ပါတယ်။ Plug တစ်လုံးမှာ လျှပ်ကာပစ္စည်းဖြစ်တဲ့ ကြွေသီးတွေနဲ့ တည်ဆောက်ထားပါတယ်။ Plug ရဲ့ အလယ်အူတိုင် (Center Electrode) ကို ကြွေသား(Insulator Nose) က ဖုံးအုပ်ထားပါတယ်။ အပူပလပ်တွေမှာ ကြွေသား Insulator Nose က အလျားရှည်ပါတယ်။ Cold Type မှာတော့ Insulator Nose က အလျားပိုပြီးတိုပါတယ်။ Hot Type နဲ့ Cold Type ကို ကုတ်နံပါတ်တွေနဲ့ ခွဲခြားထုတ်လုပ်ထားပါတယ်။ Plug တစ်လုံးက အပူတွေကို အင်ဂျင် Heat ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပစ်ရပါတယ်။ Hot Type တစ်လုံးရဲ့ Insulator Nose က ပိုပြီး ရှည်တာကြောင့် အပူစွန့်ထုတ်ပစ်တဲ့ နေရာမှာကြာပါတယ်။ ဒီလိုကြာတဲ့အတွက် Plug ရဲ့အပူချိန်က မြင့်နေတတ်ပါတယ်။

Plug တစ်ခုမှာရှိသင့်တဲ့ အပူချိန်

အကောင်းဆုံး Plug တစ်လုံးရဲ့ မီးလောင် ပြီးဆုံးမှုအပူချိန်ဟာ ၅၀၀ ဆဲဆီးယက် (500 C) ကနေ ၈၀၀ ဆဲဆီးယက် (800 C) အတွင်း ခန့်မှန်းခြေအားဖြင့်ရှိပါတယ်။ 500 C ထက်နိမ့်ကျနေတဲ့ အပူချိန်မှာ Plug တစ်လုံးရဲ့ Self-Cleaning Temperature လို့ ခေါ်ပါတယ်။ ဒီအပူချိန်အခြေအနေမှာရှိနေရင် Plug တွေ သန့်ရှင်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပလပ်အတွင်းပိုင်းမှာလာပြီး ချိုးကပ်နေတဲ့ ကာဗွန်တွေဟာ သူ့သဘာဝအတိုင်း လောင်ကျွမ်းသွားကုန်လို့ပါပဲ။ 800 C ထက် ပိုနေရင်လည်း Overheating ဖြစ်ပါတယ်။ Plug တစ်လုံးရဲ့ အကောင်းဆုံး Thermal Performance ရဖို့ Plug တစ်လုံးကို ရွေးချယ်တဲ့အခါမှာ Heat range ဟာ အရေးကြီးတဲ့အချက်ပါပဲ။

Plug မှာကာဗွန်ချိုးတွေ ကပ်နေရင်

Plug တစ်လုံးမှာ ကာဗွန်ချိုးတွေ ညစ်ပေနေရင် မီးပွားပွင့်တာမမှန်တော့ပါဘူး။ Plug ကာဗွန်ချိုးတွေ တွယ်ကပ်လာစေနိုင်တဲ့ အကြောင်းတရားတွေကတော့.....

- ကားအင်ဂျင် Low Speed မှာပဲ ခရီးတိုလေးတွေကို အဆက်မပြတ်မောင်းနေခြင်း။

- အအေးပလပ် (Cold Type) ကို ရွေးချယ်အသုံးပြုထားခြင်း။

- အင်ဂျင်ထဲကို ဆီများတဲ့ လေ-လောင်စာ အချိုးအစားတွေ ဝင်ရောက်မှုများနေခြင်း။

- အင်ဂျင် Compression ကျနေခြင်း၊ Piston Range နဲ့ Cylinder နံရံတွေစားနေလို့ အင်ဂျင်ဝိုင်အကုန်များနေခြင်း။

- မီးတိုင်မင် (Ignition timing) နောက်ကျလွန်းခြင်း။

- မီးပေးစနစ် (Ignition System) အခြေအနေ ယိုယွင်းပျက်စီးနေခြင်းတွေကြောင့်ဖြစ်ပါတယ်။

Spark Plugတွေ မကောင်းတဲ့အခါ (သို့မဟုတ်) လဲချိန်တန်ချိန်

Spark Plug လဲဖို့အချိန်ရောက်နေပြီဆိုရင် ရှေ့ပြေးအခြေအနေတွေ ပြသတတ်ပါတယ်။ Spark Plug တွေ မကောင်းတော့ရင် ဘာတွေဖြစ်တတ်လဲ။

- Spark Plug မကောင်းတော့တဲ့အခါ ကားအဆွဲအရုန်းကျမယ်။

- ကားအင်ဂျင်တုန်နေမယ်။

- ကုန်းတက်တွေမှာလီဗာနင်းသလောက် ကားမသွားဘူးဖြစ်မယ်။

- အင်ဂျင်ချက်မီးလင်းလာမည်။

ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ Spark Plug ကို အမြန်ဆုံးစစ်ဆေးပြီး လဲဖို့လိုအပ်လာပါပြီ။ ဒီလိုလဲတဲ့ နေရာမှာလည်း Spark Plug လဲလှယ်တော့မယ်ဆိုရင် ကိုယ့်ကားမှာ အသုံးပြုရမယ့် Plug မှန်ကန်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုနေတဲ့ Plug ကို Catalog မှာ ဖော်ပြထားတဲ့အတိုင်း မှန်ကန်မှုရှိမရှိ၊ Plug ကောင်းမကောင်းကို စစ်ဆေးသင့်တယ်လို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

Credit;The Voice

Read 2780 times