တရားဝင်မှတ်ပုံတင်ယာဉ်ဟုတ်/မဟုတ် စစ်ဆေးပေးခြင်းကို ယာဉ်မှတ်တမ်းမရှိသောနေရာများနှင့် ရုံးပြင်ပနေရာများတွင် ယာဉ်စစ်အင်ဂျင်နီယာများက စစ်ဆေးပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံနေမှုမှာ လိမ်လည်တောင်းခံခြင်းဖြစ်ပြီး ယာဉ်စစ်ဆေးမှုငွေသွင်း ပြေစာရရှိမှသာ တရားဝင်စစ်ဆေးခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်မဟုတ်စစ်ဆေးပေးခြင်းသည် ယာဉ်၏မှတ်တမ်းပါ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ခြင်း၊ ယာဉ်၏ပေါင်အမှတ်နှင့် ပေါင်အမှတ်ပါ Member တန်းတစ်လျှောက် ဆက်စပ်နေသောအစိတ်အပိုင်းများ မှန်ကန်မှုရှိမရှိစိစစ်ခြင်းများဖြစ်ပြီး ကညနရုံးပြင်ပနေရာ၌ စိစစ်နိုင်ခြင်းမရှိနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
"ယာဉ် မှန်/မမှန်စစ်ဆေးပေးတာကို ရုံးမှတ်တမ်းမရှိတဲ့နေရာတွေနဲ့ ကညနရုံးပြင်ပတွေမှာ လုပ်နေတာက မှန်ကန်မှုမရှိနိုင်သလို တရားဝင်မဟုတ်ပါဘူး။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားတဲ့ ရုံးတွေမှာပဲ အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ကြိုတင်ရက်ချိန်းယူပြီးစစ်ဆေးပေးပါတယ်။ ကညနရုံးမှာ တရားဝင်ယာဉ်စစ်ဆေးပြီး ငွေသွင်းပြေစာရရှိမှ တရားဝင်ယာဉ်စစ်ဆေးတာပါ"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။
မှတ်ပုံတင်ပြုလုပ်ထားသည့်ယာဉ်ဟုတ်မဟုတ်စစ်ဆေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အွန်လိုင်း ဘွတ်ကင်စနစ်ဖြင့် ကြိုတင်ရက်ချိန်းယူ၍စစ်ဆေးပေးနေရာ အွန်လိုင်းမှတစ်ဆင့် ရက်ချိန်းယူပြီးမှ ယာဉ်စစ်ရန်ပျက်ကွက်ပါက ပျက်ကွက်ရက်မှ နောက်ထပ်နှစ်လအတွင်း ရက်ချိန်းယူမရအောင် စာရင်းပိတ်သွင်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။