ကားအင်ဂျင် အမျိုးအစားတွေအကြောင်း


ကားတစ်စီးမှာ အရေးကြီးဆုံး အစိတ်အပိုင်းလို့ဆိုရမယ့် အင်ဂျင်တွေရဲ့ စွမ်းဆောင်ရည်တွေက ဘာတွေလဲဆိုတာ အားလုံးရိပ်စားမိနိုင်ပါတယ်။

အခြေခံအားဖြင့် အင်ဂျင်တစ်လုံးဟာ ကားတစ်စီးကို ရွေ့လျားစေဖို့၊ မော်တော်ကားရဲ့တည်ငြိမ်စေမှုဆိုတဲ့အချက်တွေကိုပဲ အရင်ဆုံးသိထားလိုက်ကြရအောင်။ အင်ဂျင်အမျိုးအစားတွေမှာဆိုရင် Straight Engine ၊ V-Type Engine ၊ Boxer Engine ၊ Rotary Engine ဆိုပြီးတော့ လေးမျိုးရှိပါတယ်။

Straight Engine

Straight အင်ဂျင်မှာ ဆလင်ဒါတွေကို ဒေါင်လိုက်အနေအထားနဲ့ ဘေးချင်းယှဉ် ဆက်တိုက်နေရာ ချပေးထားတယ်။ ဒီအင်ဂျင်တွေမှာ ဆလင်ဒါတွေကို လေးလုံးကနေ အများဆုံး ရှစ်လုံးအထိ တပ်ဆင်ထုတ်လုပ်ကြပါတယ်။ လေးလုံးထိုးအင်ဂျင်အများစုက Straight(Inline) အင်ဂျင်တွေဖြစ်ကြသလို Boxer ဒါမှမဟုတ် V-Type အင်ဂျင်တွေနဲ့ယှဉ်ရင် တည်ဆောက်ရတာ ပိုလွယ်ပါတယ်။ ဆလင်ဒါ အခန်းနဲ့ ကရိုင်းရှပ် (Crankshaft) တွေအတွက် သတ္တုရည်နဲ့ တစ်ခါတည်း ပုံလောင်းလို့ရပါတယ်။ ကျန်တဲ့အင်ဂျင်တွေလို ဆလင်ဒါခန်းတွေအတွက် အစိတ်အပိုင်းနှစ်ခု၊ သုံးခုခွဲပြီး ပုံလောင်းဖို့မလိုပါဘူး။ ဒါ့အပြင် ဆလင်ဒါ အရေအတွက်နဲ့ Camshaft အရေအတွက်နည်းပါးတဲ့ အင်ဂျင်တွေ ဖန်တီးချင်တဲ့အခါမှာလည်း Inline တည်ဆောက်ပုံက အဆင်ပြေစေပါတယ်။ Inline အင်ဂျင်တွေကို ရှေ့ဘီးယက်ကားတွေမှာ အများဆုံးသုံးလေ့ရှိပါတယ်။ V-Type၊ Boxer နဲ့ Rotary အင်ဂျင် ဒီဇိုင်းတွေနဲ့ယှဉ်ရင် ဆီစားပိုသက်သာတာကိုလည်း တွေ့ရပါတယ်။

ဆလင်ဒါလေးလုံးပါဝင်တဲ့ Inline အင်ဂျင်တွေကို တွေ့ရများတယ်ဆိုပေမယ့် ဥရောပကားကုမ္ပဏီတွေဖြစ်တဲ့ Audi နဲ့ BMW ကားအမျိုးအစားတွေရဲ့ ကားမော်ဒယ်လ်တချို့မှာ ဆလင်ဒါငါးလုံး၊ ခြောက်လုံးပါဝင်တဲ့ Inline အင်ဂျင်တွေကို တွေ့ရပါတယ်။ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ဆလင်ဒါလေးလုံးပါဝင်တဲ့ ၂၆၀၀ လီတာ (2.0L) 16Valve အင်ဂျင်တစ်လုံးဟာ မြင်းကောင်ရေ ၂၀၀ အားအထိ ရုန်းပေးနိုင်စွမ်းရှိသလို Turbo Charger သုံးထားတဲ့ 2009 Ford Focus RS မော်ဒယ်လ်ရဲ့ အင်ဂျင်ကတော့ မြင်းကောင်ရေ ၃၀၀ အားအထိ ရုန်းနိုင်စွမ်းရှိပါတယ်။ တည်ဆောက်ထားတဲ့ ဒီဇိုင်းအရ Inline အင်ဂျင်တွေရဲ့ လည်ပတ် အလုပ်လုပ်ပုံဟာ V-Type နဲ့ Boxer အင်ဂျင်တွေလောက် ချောမွေ့မှုမရှိသလို တောင့်တင်းမှုနဲ့ အသုံးခံနိုင်စွမ်းမှာလည်း ကန့်သတ်ချက်တွေရှိပါတယ်။ ကိုယ်ထည်နိမ့်တဲ့ကားတွေမှာ Inline အင်ဂျင်တွေရဲ့ ရုန်းပုံက နည်းနည်းကြမ်းပေမယ့် အရွယ်အစားသေးငယ်တဲ့ ကားတွေမှာတော့ အဆင်ပြေပါတယ်။ Tuning လုပ်ပြီး စွမ်းဆောင်ရည်မြှင့်တင်ရာမှာလည်း အဆင်ပြေစေပါတယ်။ ဒီ Straight Engine တွေကို Inline အင်ဂျင်လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။

ဒီ Straight Engine ရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ Inline-Four Engine ဟာ သေးပြီး ကျစ်လျစ်တဲ့ အင်ဂျင်ဖြစ်လို့ ကမ္ဘာကျော်ကားတွေတော်တော်များများမှာ တပ်ဆင်ထုတ်လုပ်ခဲ့ကြပါတယ်။ ဂျပန်က ဟွန်ဒါအမျိုးအစားခွဲဖြစ်တဲ့ Acura၊ ဂျာမန်က Audi၊ Mercedes-Benz နဲ့ Volkswagen၊ အမေရိကက Ford နဲ့ ဆွီဒင်က Volvo ကားကုမ္ပဏီကြီးတွေက ကားအမျိုးအစားတွေမှာ Inline-Four Engin ကို တပ်ဆင်ထုတ်လုပ်ခဲ့ကြပါတယ်။

V-Type Engine

V-Type အင်ဂျင်ဆိုတဲ့အတိုင်း အင်ဂျင်ရဲ့ပုံစံကိုက V ပုံသဏ္ဌာန်နဲ့ တူပါတယ်။ ဒီအင်ဂျင်တွေမှာတော့ ဆလင်ဒါနှစ်တန်းပါဝင်ပြီး ပုံမှန်အနေနဲ့ တစ်ခုနဲ့ တစ်ခုကို ကိုးဆယ်ဒီဂရီ ထောင့်ချိုး ပုံစံနေရာချပေးထားတယ်။ အဓိကအားသာချက်အနေနဲ့ အင်ဂျင်ရဲ့ အလျားတိုသွားတဲ့အတွက် အင်ဂျင်ဘလောက် (Block) ရဲ့ တောင့်တင်းမှုပိုကောင်းသွားသလို ကရိုင်းရှပ် (Crankshaft) တွေရဲ့ တည်ငြိမ်မှု ပိုကောင်းလာပါတယ်။ စွမ်းဆောင်ရည်ပိုင်းကိုတော့ စမ်းသပ်မှုမျိုးစုံနဲ့ ဆက်လက်ဖန်တီးနေဆဲ အင်ဂျင်ဒီဇိုင်းတစ်ခုဖြစ်ပြီး V-Type တွေ ကို V6၊ V8၊ V10 နဲ့ V12 ပုံစံတွေနဲ့ အမျိုးမျိုးတွေ့နိုင်ပါတယ်။ ကားကိုယ်ထည်ထဲမှာ အင်ဂျင်ကို ခပ်နိမ့်နိမ့် နေရာချလို့ရတာကြောင့် ပြိုင်ကားတွေမှာ အဓိကအသုံးပြုတာများပါတယ်။

V-Type တည်ဆောက်ထားပုံက အင်ဂျင်ရဲ့ Compression Ratio အချိုးကို မြင့်မားစေပါတယ်။ အင်ဂျင်အပြင်းအထန် ရုန်းရတဲ့အချိန်မျိုးမှာ အင်ဂျင်ဘလောက်ကို ထိခိုက်မှုမရှိတာကြောင့် လည်ပတ်အား ၁၉,၀၀၀ မစာနဲ့အထက်ရှိတဲ့ ယန္တရားတွေမှာလည်း အသုံးချပါတယ်။ အင်ဂျင်နိုးနေချိန်မှာ လည်ပတ်အားကြောင့် ဖြစ်လာတဲ့ တုန်ခါမှု(Torsional Vibration) ကို ခံနိုင်ရည်ရှိပြီး ချောမွေ့တဲ့မောင်းနှင်မှု အတွေ့အကြုံကို ပေးစွမ်းနိုင်တာကြောင့် စွမ်းဆောင်ရည်မြင့် လူစီးကားအများစုမှာလည်း တွေ့ရလေ့ရှိပါတယ်။ V-Type အင်ဂျင်တွေနဲ့ပတ်သက်လို့ ၁၉၁၄ ခုနှစ်မှာ Cadillac က အမေရိကမှာ ပထမဆုံး V8 အင်ဂျင်ကို အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ V-Type အင်ဂျင်တွေကို ၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေဆီမှာ အကောင်းဆုံး မာဆယ်ကားတွေမှာ အမေရိကန်ဘက်က ပေါ်ထွက်လာခဲ့ပါတယ်။ V-Type အင်ဂျင်တွေကို ၁၈၈၉ ခုနှစ်မှာ ဆလင်ဒါနှစ်လုံးနဲ့ ဂျာမနီ နိုင်ငံသား Gottlieb Daimler က သူနဲ့တစ်နိုင်ငံတည်းသား Wilhelm Maybach ဆီက ဒီဇိုင်းကို ယူပြီးတော့ စတင်တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

Boxer Engine

၁၈၉၆ ခုနှစ်မှာ ဂျာမနီနိုင်ငံက ကားလ်ဘန့်ဇ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဆလင်ဒါအတွင်းခန်းလောင်ကျွမ်း ပေါက်ကွဲမှုနဲ့ အလုပ်လုပ်နိုင်ပြီး ပစ်စတင် (Piston) တွေကို ရေပြင်ညီမျဉ်းအတိုင်း ဆန့်ကျင်ဘက်အရပ်တွေဆီ မျက်နှာမူ နေရာချထားတဲ့ ပထမဆုံးသော ICE အင်ဂျင်ကို တီထွင်ခဲ့ပါတယ်။ ဒီလိုပစ်စတင်တွေကို ရေပြင်ညီမျဉ်းအတိုင်း နေရာချထားတဲ့ အင်ဂျင်ကို Boxer(သို့)Flat အင်ဂျင်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီ Boxer အင်ဂျင်တွေကို Flat အင်ဂျင်ဆိုတဲ့နာမည်နဲ့ လူတွေက ပိုရင်းနှီးကြပါတယ်။ ဒီအင်ဂျင်ကိုကြည့်ရင် ဆလင်ဒါအခန်းနှစ်ခုကို ကရိုင်းရှက် (Crankshaft) တစ်ခုရဲ့ တစ်ဖက်တစ်ချက်မှာနေရာချ ပေးထားပြီး ဒီဆလင်ဒါအခန်းတွေကို Boxer လို့ ခေါ်တာပါ။ ထူးခြားချက်အနေနဲ့ ဒီလိုအင်ဂျင်မှာ ပစ်စတင် တစ်ခုချင်းစီအတွက် ကရိုင်းပင် (Crank Pin – ပစ်စတင်ရဲ့ Connection Rod နဲ့ ကရိုင်းရှက်ကို ချိတ်ဆက်တဲ့နေရာ) တစ်ခုစီရှိရင် Boxer အင်ဂျင်လို့ခေါ်ပါတယ်။

V-Type ရဲ့ ထောင့်ချိုးကို ၉၀ ဒီဂရီမယူဘဲ ၁၈၀ ဒီဂရီအထိယူထားပြီး ကရိုင်းပင်တစ်ခုမှာ ပစ်စတင် နှစ်ခုချိတ်ထားရင် ဒီလိုအင်ဂျင်မျိုးကို Flat အင်ဂျင်လို့ သတ်မှတ်ထားပါတယ်။ တကယ်လို့ ၁၈၀ ဒီဂရီ V-Type မှာ ဆလင်ဒါရှစ်လုံး ထက်ပိုပါရင် V-Type အင်ဂျင်လို့ပဲ ခေါ်ကြပါတယ်။ ဒီအင်ဂျင်ဒီဇိုင်းက ကျန်တဲ့ဒီဇိုင်း တွေနဲ့ယှဉ်ရင် အလေးချိန်ပျံ့နှံ့မှု မျှခြေညီတာကြောင့် (တစ်နည်း – Centre of Gravity နိမ့်တာကြောင့်) ဒီအင်ဂျင်ကိုသုံးထားတဲ့ကားဟာ တည်ငြိမ်မှုအားကောင်းပြီး လမ်းကွေ့တွေမှာလည်း ကိုင်တွယ်ရပိုလွယ် သွားစေတယ်။ အားနည်းချက်တစ်ခုက အင်ဂျင်အရွယ်အစားဟာ ကျန်တဲ့အမျိုးအစားတွေထက် ပိုကျယ်တာကြောင့် အင်ဂျင်ရှေ့မှာထိုင်တဲ့ ကားမျိုးတွေမှာ နေရာချဖို့ခက်ပါတယ်။

ဒါ့အပြင် Boxer အင်ဂျင်တွေက တခြားအင်ဂျင်တွေထက်လည်း အသံပိုဆူလေ့ရှိပါတယ်။ Boxer တွေဟာ သဘာဝလောကကြီးရဲ့ သိပ္ပံနိယာမအတိုင်း ချောချောမွေ့မွေ့ လည်ပတ်နိုင်တဲ့ အင်ဂျင်သုံးမျိုးထဲက တစ်မျိုးဖြစ်ပြီး ကျန်တဲ့နှစ်မျိုးက Inline 6 Cylinder နဲ့ V12 အင်ဂျင်တွေပဲ ဖြစ်ကြပါတယ်။ Boxer အင်ဂျင်သုံးကားအများစုမှာ အင်ဂျင်ကို နောက်ဘီးဝင်ရိုးတန်းနား နေရာချထားတာကြောင့် မောင်းနှင်ရာမှာ တည်ငြိမ်ချောမွေ့မှုရှိစေပါတယ်။

Rotary Engine

Rotary (သို့မဟုတ်) Wankel အင်ဂျင်မှာတော့ ပစ်စတင်တွေအစား ရိုတာ (ပစ်စတင်ကဲ့သို့ အလုပ်လုပ်ပေးသော တြိဂံပုံအစိတ်အပိုင်း) တွေပဲ ပါဝင်တယ်။ အင်ဂျင်ရဲ့ အတွင်းခန်းမှာ ဘဲဥပုံခပ်ရှည်ရှည်အခန်းတစ်ခုပါဝင်ပြီး ရိုတာက ဒီအခန်းထဲမှာ ဦးတည်ချက် တစ်ဖက်တည်းကို လည်ပတ်ပါတယ်။ ဒီလိုလည်ပတ် နေပေမယ့် တခြား ICE အင်ဂျင် အမျိုးအစားတွေနည်းတူ Intake၊ Compression၊ Power၊ Exhaust ဆိုတဲ့ OTTO Stroke လေးခုစလုံးနဲ့ အလုပ်လုပ်သွားတာဖြစ်ပါတယ်။

Rotary အင်ဂျင်တွေမှာ လောင်စာ/လေ အရောအနှောကို ကရိုင်းရှက်အထိုင်ကတစ်ဆင့် ထောက်ပံ့ပေးရတာကြောင့် လောင်စာကို အကျိုးရှိရှိ အသုံးမချနိုင်သလို ဒီဇိုင်းကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ကန့်သတ်ချက်တွေ ရှိပါတယ်။ ဒီအင်ဂျင်တွေကို စွမ်းဆောင်ရည်မြှင့်ဖို့အတွက် Turbo Charger စနစ်ကို အသုံးပြုနိုင်ပြီး ဒီလို အသုံးချထားတာကို Mazda က ထုတ်တဲ့ RX7 နဲ့ RX8 မှာ တွေ့နိုင်ပါတယ်။

Rotary အင်ဂျင်လည်ပတ်တဲ့အခါ စွမ်းအားကောင်းတဲ့ Gyroscopic Flywheel Effect ဖြစ်လာပြီး ဒီသက်ရောက်မှုက အင်ဂျင်ရဲ့တုန်ခါမှုကို လျှော့ချပေးနိုင်သလို အင်ဂျင်ရဲ့လည်ပတ်အားကို မျှဝေရာမှာလည်း ချောမွေ့နေစေတယ်။ ပစ်စတင်ပါတဲ့ အင်ဂျင်တွေမှာ တုန်ခါမှုက ပြဿနာတစ်ခုဖြစ်ပြီး ဒီတုန်ခါမှုကို ထိန်းနိုင်စေဖို့ အလေးချိန်စီးတဲ့ Flywheel တွေကို သုံးရပါတယ်။ Rotary အင်ဂျင်တွေရဲ့ အားသာချက်တစ်ခုက အရွယ်အစားကျစ်လျစ်ပြီး ပါဝါတူပုံမှန် အင်ဂျင်တစ်လုံးထက် နှစ်ဆလောက်ပိုသေးပါတယ်။ ဒီအင်ဂျင်တွေရဲ့ ဆီစားနှုန်းက သာမန်အင်ဂျင်တွေထက် ၂၀ ရာခိုင်နှုန်းလောက် ပိုများပြီး သဘာဝဝန်းကျင်ကို ညစ်ညမ်းစေတယ်ဆိုပေမယ့် အရွယ်အစားသေးငယ်မှုကြောင့် ညစ်ညမ်းဓာတ်ငွေ့ကို ထိန်းချုပ်နိုင်မယ့် အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်ဖို့ နေရာများစွာ ရစေမှာဖြစ်ပါတယ်။

ဒီအင်ဂျင် အမျိုးအစားတွေကို အခုထက်ထိလည်း ကမ္ဘာကျော် ကားကုမ္ပဏီကြီးတွေက နောက်ဆုံးပေါ် မော်ဒယ်လ်ကားတွေမှာ ဒီဇိုင်းအသစ်၊ နည်းပညာသစ်တွေအနေနဲ့ ဖန်တီးပြီး သုံးစွဲနေကြဆဲဖြစ်ပါတယ်။ အခုနောက်ပိုင်း အသုံးများလာတဲ့ အင်ဂျင်အမျိုးအစားအသစ်တွေလည်း ရှိနေပါသေးတယ်။

Source;The Voice

Read 3981 times