သင့်ကားကို သက်တမ်းပိုမိုကြာမြင့်စွာ အသုံးပြုနိုင်ရန် လိုက်နာရမည့်အချက် (၇) ချက်


မော်တော်ကား ကိုမောင်းနှင်သူများဟာ မောင်းနှင်နေသည့်ကားကို သင့်တော်စွာ ဂရုစိုက်ရမည်ကို မစဉ်းစားမိကြပါဘူးသို့သော်လည်း အောက်ဖော်ပြပါ အသုံးတည့်လွယ်ကူမည့် နည်းလမ်းများကို လိုက်နာပါက ကားအတွက် ဈေးကြီးသောဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများကို လုပ်စရာမလိုပဲ ကားကို အထိအခိုက်မရှိ အသုံးပြုနိုင်ပါလိမ့်မယ်။

(၁) ကား၏ကလပ်ချ် (clutch) ကို အများကြီး အလုပ်မပေးပါနှင့်

ထိုသို့သော အမှားသည် လက်ထိုးဂီယာစနစ်ရှိသော ကားကိုမောင်းနှင်သူများတွင် အတွေ့များသော အမှားဖြစ်ပါတယ်။ မီးပွိုင့် အကြာကြီးမိနေချိန်တွင်ကလပ်ချ်ကိုအကြာကြီးမနင်းထားပါနဲ့၊ ကားရပ်နားသင့်သောအချိန်တွင် အနားမပေးပဲ ကလပ်ချ်နင်းကာ ကားကို အလုပ်ပိုလုပ်စေသည့်အတွက် စက်ပိုင်းဆိုင်ရာစနစ်ကိုလျင်မြန်စွာချို့ယွင်းစေပါတယ်။ တိုတောင်းသောရပ်တန့်ချိန်တွင် ဂီယာကို ပုံမှန်(Neutral) စနစ်သို့ပြောင်းပြီး စတင်မောင်းနှင်တော့မည်ဆိုမှ ကလပ်ချ်ကိုနင်းပါ။

(၂) ပစ္စည်းဝန်ပိုတင်မောင်းနှင်ခြင်းကို ရှောင်ရှားပါ

ဝန်ပိုတင်မောင်းနှင်ခြင်းကကား၏ အောက်ပိုင်းစနစ်၊ စတီယာရင်စနစ်၊ဂီယာစနစ်၊တာယာနှင့် အင်ဂျင်စသည့် စနစ်အားလုံးလိုလိုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီလိုဝန်ပိုတင်မောင်းနှင်ခြင်းကသင့်ကားရဲ့ လောင်စာဆီ ကိုပိုမိုသုံးစွဲမှုဖြစ်စေသည့်အပြင် လမ်းမပေါ်တွင် ကား၏မောင်းနှင်နိုင်စွမ်းကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဒီလိုမဖြစ်စေရန် ယာဉ်မောင်းသူသည် မောင်းနှင်မည့်ယာဉ်၏ အများဆုံးတင်နိုင်သောဝန်ပမာဏအတိုင်းသာတင်ဆောင်ပြီး မောင်းနှင်သင့်ပါတယ်။ ထို့အပြင် ကားတွင် အသုံးမလိုသော ပစ္စည်းများ လျှော့ချပြီး အမှန်အသုံးဝင်သောပစ္စည်းကိုသာတင်သင့်ပါတယ်။

(၃) မော်တော်ယာဉ်ကို စစ်ဆေးဖို့နှင့် ပြင်ဆင်ပေးဖို့မမေ့ပါနှင့်

မော်တော်ယာဉ်ပျက်ဆီးခြင်းတွင်တွေ့ရများသော အကြောင်းပြချက်မှာ ယာဉ်မောင်းသူများသည်မော်တော်ယာဉ်ကိုထိန်းသိမ်းမှုပြုလုပ်ဖို့လျစ်လျူရှု ခြင်းဖြစ်ပါတယ်။မော်တော်ယာဉ်ထိန်းသိမ်းမှုပြုလုပ်ခြင်းကစရိတ်စက ကြီးမားသော ကားပြင်ဆင်မှုကို ရှောင်ရှားနိင်သော အရေးပါသောနည်းလမ်းဖြစ်ပါတယ်။ ဥပမာအားဖြင့် မော်တော်ယာဉ်ကို မိုင်ပေါင်း ၆၂၀ မောင်းနှင်ပြီးပါက ဆီပမာဏကို ပြန်လည် စစ်ဆေးသင့်ပြီး မိုင်ပေါင်း ၂၅၀ မောင်းနှင်ပြီးပါက ကားအင်ဂျင်လေပေါက်ကို လဲပေးဖို့လိုအပ်ပါတယ်။ နှစ်စဉ် စစ်ဆေးမှုကို ပြုလုပ်သင့်အပြင် နေ့တိုင်းစစ်ဆေးမှု(အင်ဂျင်ဆီပမာဏ၊ တာယာလေဖိအား၊လေကာမှန် စသည်ဖြင့်) ကိုလုပ်ဆောင်ဖို့မမေ့ပါနဲ့။ လုပ်ရိုးလုပ်စဉ်စစ်ဆေးမှုများသည် ရာသီဥတုနှင့်မောင်းနှင်သည့် ခရီးမိုင်ပေါ်မူတည်သည်ကို အမှတ်ရပါ။

(၄) ကားဒိုင်ခွက်ပေါ်ရှိ အချက်ပေးသင်္ကေတများကို လျစ်လျူမရှုပါနဲ့

သင့်ကားဒိုင်ခွက်ပေါ်ကအချက်ပေးသင်္ကေတများကသင့်ကား တစ်ခုခု မှားယွင်းနေကြောင်းကို သတိပေးနေပါတယ်။ ဥပမာအားဖြင့် ကားအင်ဂျင်၏ အပူချိန် မြင့်လွန်းနေခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်မှားယွင်းနေခြင်း၊ ဘရိတ်ဆီပမာဏနည်းလွန်းနေခြင်းစသည့် အခြေအနေများကို ဖော်ပြနေပါတယ်။ ထိုသို့အချက်ပြမှုကို တွေ့ရှိပါက လျင်မြန်စွာ ကားပြင်ဆိုင်ကို သွားပါ။ထိုသို့လုပ်ဆောင်ပါကဈေးကြီးသော ပြင်ဆင်မှုများ လုပ်ရန်မလိုသည့်အပြင် မတော်တဆမှုကိုပါ ရှောင်ရှားနိုင်ပါတယ်။

(၅) မှန်ကန်စွာ ပါကင်ထိုးပါ

ကားပါကင်ထိုးခြင်းက လွယ်ကူသောကိစ္စတော့မဟုတ်ပါ။ အထူးသဖြင့် မောင်းတတ်ခါစ ယာဉ်မောင်းများအတွက် ခက်ခဲသောအရာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ယာဉ်မောင်းသူများက ကားပါကင်ထိုးသည့်အခါ ကားကို လုံးဝမရပ်ပဲ ဂီယာကို Drive မှ Reverse သို့ပြောင်းတတ်ပါတယ်။ ထိုသို့သောအပြုအမူများကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုသို့လုပ်ဆောင်ပါက အော်တိုဂီယာပြောင်းမှုကို ထိခိုက်စေပြီး ဈေးကြီးသော ပြင်ဆင်မှုကိုပါ လုပ်ဆောင်ရနိုင်ပါတယ်။ ထို့ကြောင့် ကားပါကင်ထိုးသည့်အခါ ကားကို လုံးဝရပ်လိုက်ပြီးမှသာ ဂီယာပြောင်းသင့်ပါတယ်။

(၆) ရုတ်တရက် ဘရိတ်အုပ်ခြင်းနှင့် အရှိန်မြှင့်မောင်းနှင်ခြင်းကို ရှောင်ကြဉ်ပါ

အရှိန်မြှင့်မောင်းနှင်ခြင်းနှင့် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ကားကို ဆိုးဝါးစွာ ထိခိုက်စေပါတယ်။ မော်တော်ယာဉ်၏ အမျိုးမျိုးသော စနစ်တွင် ဆိုးကျိုးသက်ရောက်စေပါတယ်။ ဥပမာအားဖြင့် ဂီယာအုံနှင့် အင်ဂျင်ကို ဆိုးဝါးစွာထိခိုက်စေသည့်အပြင် ဘရိတ်စနစ်တွင်ပါဝင်သော အစိတ်အပိုင်းများသည်လည်း မြန်မြန်ဆန်ဆန် ယိုယွင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဘရိတ်၏စွမ်းဆောင်ရည်လည်းကျဆင်းသွားသည့်အတွက် ယာဉ်မတော်တဆမှုကိုပါဖြစ်ပေါ်စေပါတယ်။

(၇) တာယာလေဖိအားကို အရမ်း နည်းလွန်း၊ များလွန်းထားခြင်းမှ ရှောင်ကြဉ်ပါ

ရံဖန်ရံခါ ကားတာယာလေဖိအားကို အရမ်းနည်းလွန်း များလွန်းစွာထားတတ်ကြပါတယ်၊ ထိုသို့သောအခြေအနေကမော်တော်ယာဉ်၏လှောင်စာဆီကို ပိုမိုအသုံးပြုစေပြီး မော်တော်ယာဉ်မောင်းနှင်မှုကိုပါ ဆိုးကျိုးသက်ရောက်စေပါတယ်။ ဥပမာအားဖြင့် ကားဘီးချော်ခြင်းနှင့် ယာဉ်မတော်တဆမှုပါ ဖြစ်ပွားစေနိုင်ပါတယ်။ ထိုသို့သောအခြေအနေကိုရှောင်ရှားနိုင်ရန် သင့်ကားတာယာကို အချိန်နဲ့လိုက်ပြီး ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဦးစွာပထမအချက်မှာ သင့်ကားတာယာကို ရာသီအလိုက်လဲပေးဖို့မမေ့ပါနဲ့။ ဒုတိယအချက်အနေဖြင့် ရှေ့ကားတာယာနှင့် နောက်ကားတာယာကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်လဲပေးပါ။

Read 1436 times