အသေးစားယာဉ်တိုက်မှု ဖြစ်သည့်အခါမျိုးတွင် ထိခိုက်မှုအဟုန်ကို လျော့ပါးအောင် ကား၏ ရှေ့ဘက်အောက်ခြေနှင့် နောက်ဘက်အောက်ခြေများတွင် ပေါင်းစပ်ဖွဲ့စည်းထားသော အစိတ်အပိုင်းကို ဘမ်ပါဟု ခေါ်ပါသည်။
နှစ်များကြာမြင့်လာ၍ ပုံစံများ အမျိုးမျိုး ပြောင်းလဲလာသော်လည်း ဘမ်ပါဆိုသည်မှာ ခေတ်သစ်သယ်ယူပို့ဆောင်ရေး လုံခြုံမှုအခန်းကဏ္ဍတွင် ကားတစ်စီး၏ အရေးကြီးအစိတ်အပိုင်းအဖြစ်
ပါဝင်နေဆဲဖြစ်ပါသည်။
ပြင်းထန်သော ယာဉ်တိုက်မှုမဟုတ်ပါက ဘမ်ပါများက ထိခိုက်ပျက်စီးမှုကို လျော့ကျစေပြီး ကားတစ်စီး၏ အရေးကြီးအစိတ်အပိုင်းမာျးကို ကာကွယ်ပေးနိုင်သကဲ့သို့ လူကိုတိုက်မိလျှင်လည်း ဒဏ်ရာအနာတရ နည်းပါးစေပါသည်။
အမြန်နှုန်းနည်းနည်းဖြင့် မောင်းနှင်ချိန်တွင် မတော်တဆတိုက်မိလျှင် ကာကွယ်နိုင်ရန် မော်တော်ကား၏ ရှေ့နှင့်နောက် နှစ်ခုစလုံးတွင် သတ္တုရက်မတန်းများ တွယ်ဆက်ပြီး ပထဦးဆုံး ကားဘမ်ပါများဖြင့် ပြုလုပ်ခဲ့ကြပါသည်။
ယေဘုယျအားဖြင့် ပလတ်စတစ်ကာဗာကို စတီး၊ ဖိုင်ဘာ ဂလက်စ်၊ ပလတ်စတစ်၊ အလူမီနီယမ်များနှင့် ပြုလုပ်ထားသော ဘားတန်းနှင့်အားဖြင့်ပြီး ကားဘမ်ပါများကိုပြုလုပ်ကြပါသည်။
ထို့အပြင် တစ်ခါတစ်လေတွင် ဘမ်ပါနှင့် ဘားတန်းကြားတွင် နေရာလွတ်ဖြည့် ကြားခံပစ္စည်းအဖြစ် ပေါ်လီပရိုပလင်ရေမြှုပ်၊ သို့မဟုတ် ပေါင်းစပ် သာမိုပလတ်စတစ်ကို ထပ်ပေါင်းထည့်ပြီး ပြုလုပ်လေ့ရှိပါသည်။
ဘမ်ပါများသည် ရှေ့မီးကြီး၊ နောက်မီး၊ ကားစက်ဖုံး၊ အိပ်ဇောနှင့် အင်ဂျင်အအေးပေးစနစ်များကဲ့သို့ ကား၏ အရေးကြီးအစိတ်အပိုင်းများကို ကာကွယ်ပေးပါသည်။
ထိုအစိတ်အပိုင်းများသည် အစားထိုးလဲလှယ်ရန် တန်ဖိုးကြီးသည့်အတွက် ဘမ်ပါများတပ်ဆင်ထားမည်ဆိုလျှင် ကားပြင်ဆင်စရိတ်ကို သက်သာလျော့ပါးစေပါသည်။
ဘမ်ပါကောင်းတစ်ခု၏ ကောင်းခြင်းလက္ခဏာအဖြာဖြာထဲတွင် ဂျီသြမေတြီပညာရပ်နှင့် ပြည့်စုံခြင်း၊ ထိခိုက်မှုအဟုန်ကို လျော့ပါးစေခြင်း၊ တည်ငြိမ်မှုရှိစေခြင်းတို့ ပါဝင်ပါသည်။
ကားတစ်စီး၏ အရေးကြီးသော အစိတ်အပိုင်းများကို ကာကွယ်ပေးနိုင်ရန် ဘမ်ပါအများစုကို ပုံစံထုတ်ထားခြင်းဖြစ်သော်လည်း စတိုင်လ်ကျမှုကို အသားပေးဖန်တီးထားသော ဘမ်ပါမျိုးများလည်း ရှိပါသည်။
ထိုကဲ့သို့ အလှအပကို ဦးစားပေးခြင်းသည် ယာဉ်မတော်တဆမှုဖြစ်စဉ်များတွင် ထိခိုက်ပျက်စီးမှုကို လျော့ကျစေသောရလဒ်မျိုး လျော့ပါးသွားစေနိုင်သည်ဟု ဆိုနိုင်ပါသည်။