လီဗာ (Accelerator) အကြောင်း


ဒီတစ်ခါက လီဗာအကြောင်းပါ။ အမှန်က accelerator ပါ။ ကားတစ်စီးနဲ့ တစ်စီး လီဗာနင်းရတာ ပျော့ပြီးပေါ့နေတာနဲ့ မာပြီးလေးနေတာကို ကြုံးဖူးကြမှာပါ။

အင်ဂျင် အဝင်လေလိုင်းကို လီဗာနင်းပြီးထိန်းချုပ်တဲ့စနစ်မှာ ကွဲပြားတာပါ။ အဲ့ ၂ မျိုးကတော့ Drive by cable လို့ခေါ်တဲ့ အင်ဂျင် လေအဝင်လိုင်းကို ဖွင့်ပိတ်ပေးတဲ့ လိပ်ပြာဗား butterfly valve ကို လီဗာခြေနင်းကနေ စတီးကြိုးနဲ့ ချိတ်ဆက်လှမ်းဆွဲတဲ့ စနစ်နဲ့ စတီးကြိုးမပါဘဲ လျှပ်စစ်မော်တာနဲ့ ဗားကိုလှည့်ပေးတဲ့ Drive by wire စနစ်ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ 1.3 model မြင့်ကားလေးတွေဖြစ်တဲ့ Fit, Vitz, Ratics, Swift စတာလေးတွေ အစီးများတော့ Drive by wire စနစ်ကိုပိုရင်းနှီးနေမှာပါ။ လီဗာကြိုးပျောက်လို့လဲ ခေါ်ကြတယ်။ Drive by wire စနစ်ကို ၁၉၈၈ မှာ BMW ရဲ့ 7 Series ကားတွေမှာ စတင်အသုံးပြုခဲ့ပါတယ်။ စတင်အသုံးပြုတုန်းကတော့ drive by wire စနစ်ဟာ သူ့ကွန်ပျူတာ (Electronic Control Module) ECU နဲ့ သူ အလုပ်လုပ်ပါတယ်။ လီဗာမှာ accelerator position sensor တပ်ထားပြီး နင်းသလောက်ကို throttle motor ကလှည့်ပေးပါတယ်။ လည်သွားတဲ့ လိပ်ပြာဗား အနေအထားကို throttle အုံမှာပဲ တပ်ထားတဲ့ throttle position sensor (TPS) ကနေပြီး ECU ကိုသတင်းပို့ပါတယ်။ အဲ့ ECU အသေးလေးကမှ ကား ECU ကြီးကို ဆက်သတင်းပို့ပါတယ်။

နောက်ပိုင်းမှာတော့ ကားပင်မ ECU မှာပဲ program သွင်းပြီး တိုက်ရိုက်ချိတ်ဆက်ပါတယ်။ ဒီစနစ်မှာ စက်မှုပိုင်းဆိုင်ရာ အချိတ်အဆက်နဲ့ စတီးကြိုးတွေ မပါတော့ပါဘူး။ ခြေနင်းလီဗာမှာ accelerator position sensor တပ်ဆင်ထားပါတယ်။ potentiometer အမျိုးအစားဖြစ်ပါတယ်။ နင်းလိုက်တဲ့အပေါ်မှာ ပြောင်းလဲသွားတဲ့ လီဗာအနေအထားကို sensor မှ ECU ကို သတင်းပေးပါတယ် ECU မှ throttle motor ကို လည်စေပါတယ်။ လည်သွားတဲ့ အနေအထားကို TPS မှ ECU ကိုပြန်လည်အသိပေးပါတယ်။ ECU အနေနဲ့ throttle valve ရဲ့အနေအထားကိုပြန်လည်သိရှိပြီး လေအဝင်ပမာဏကိုတွက်ချက်ကာ လိုအပ်တဲ့ ဆီပမာဏကို ဖြန်းပေးပါတယ်။ ဒီစနစ်မှာ လီဗာနင်းရတာ အရမ်းပေါ့ပါးပြီး ယျေဘူရအားဖြင့် လီဗာ sensor ၂ ခုနဲ့ TPS ၂ ခုတပ်ဆင်ပြီး sensor လေးခုဖြင့်ထောက်လှမ်းတဲ့အတွက် ECU မှ လေတံခါးကို အတိအကျဖွင့်ပိတ်ပေးနိုင်ပါတယ်။

TPS sensor တွေအများစုဟာ throttle motor အုံထဲမှာပဲပေါင်းထည့်ထားတတ်ပါတယ်။ လူတိုင်းမြင်ဘူးတဲ့ throttle body ဘေးက အမဲရောင်အုံဂျီးပါ။ ဝါယာ ၆ ကြိုးပါတဲ့ socket တပ်ထားပါတယ်။

Drive by Cable ကတော့ ဆိုင်ကယ်တွေရဲ့စနစ်နဲ့တူပါတယ်။ ကြိုးဆွဲ စနစ်ပါ။ workshop ဆရာတွေပြောတဲ့ လီဗာနင်းရင် နင်းသလောက်ပါတယ်ဆိုတဲ့ အမျိုးပါ။ လိပ်ပြာဗားကို စတီးကြိုးနဲ့ လီဗာကနေ တိုက်ရိုက်ဆွဲပြီး အဖွင့် အပိတ် လုပ်ပါတယ်။ ရိုးရှင်းပါတယ်။ လီဗာနင်းရတာတော့ နည်းနည်းကြပ်သလို ခံစားရပါတယ်။ သူ့မှာလည်း TPS ပါပါတယ်။ Throttle position sensor (TPS) ကတဆင့် butterfly valve အနေအထားကို ECU ကိုပို့ဆောင်ပါတယ်။ လိပ်ပြာဗားအနေအထားအလိုက် ဆက်လက်လုပ်ဆောင်ရမယ့်အပိုင်းကို ECU က ဆက်လုပ်ပါမယ်။ ကြိုးဆွဲ DBC တွေဟာ Throttle အုံဆေးကြောရာမှာ စိတ်ကြိုက် တိုက်ချွတ်ဆေးကြောနိုင်ပေမယ့် DBW စနစ်မှာတော့ လိပ်ပြာဗားက မော်တာနဲ့ ဆက်ထားတဲ့အတွက် အထိမခံပါဘူး။ တချို့ Workshop တွေမှာ butterfly valve ကို screw driver နဲ့ ကော်ပြီး ဆေးကြပါတယ်။ ပြီးရင် computer ပြန်ထိုးပြီး slow ပြန်ညှိရပါတယ်။ DBC အနေနဲ့ accelerator position sensor (APS) နဲ့ throttle motor မပါတဲ့အတွက် အပျက်အဆီး နည်းမှာပါ။ နည်းပညာပိုင်းအနေနဲ့တော့ နောက်ပိုင်း model အမြင့်တွေမှာသာ DBW အသုံးပြုတာကိုတွေ့ရပါတယ်။

Credit;aLin Htet (Engineering Explained)

Read 3372 times