အလွိုင်းခွေနဲ့ တာယာများအကြောင်း သိကောင်းစရာ


ခွေတွေမှာ အလွယ်တကူအနေနဲ့ သံခွေ၊ စတီးခွေနဲ့ အခုနောက်ပိုင်း တော်တော်များများ အသုံးပြုကြတဲ့ အလွိုင်းခွေဆိုပြီး သုံးမျိုးရှိပါတယ်။ အလွိုင်းခွေတွေအကြောင်းကို ပြောပြပေးပါမယ်။

Alloy ခွေတွင်ပါဝင်မှု

အလွိုင်းခွေတွေကို အလူမီနီယံ (သို့မဟုတ်) မဂ္ဂနီဆီယံတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အလွိုင်းတွေက သတ္တုနဲ့အခြားသော ဒြပ်စင်တွေနဲ့ ရောနှောထားတာပါ။ ဒါကြောင့် စတီးနဲ့ သံခွေတွေထက် ပိုမိုပေါ့ပါးပါတယ်။ Alloy ခွေတွေရဲ့ကနဦးက ကားခွေတွေအဖြစ် တပ်ဆင်အသုံးပြုခဲ့တာကတော့ သံနဲ့စတီးတွေနဲ့ ပြုလုပ်ထားတဲ့ ခွေတွေပါ။ သံခွေတွေက မော်တော်ကားတွေ စတင်ထုတ်လုပ်တဲ့ အချိန်တည်းက အသုံးပြုခဲ့တာဖြစ်ပြီးတော့ အဲဒီနောက်ပိုင်း မော်တော်ကားတွေကို ပိုမိုလုံခြုံစိတ်ချမှုရှိအောင် အမျိုးမျိုးထုတ်လုပ်လာရာကနေ ပိုမိုခိုင်ခံ့လှပမှုရှိတဲ့ စတီးတွေကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီကနေ ပိုမိုလှပတဲ့ဒီဇိုင်းတွေနဲ့ Alloy ခွေတွေကို သုံးလာကြတာပါ။

Alloy ခွေတွေ ပေါ်ပေါက်လာပုံ

Alloy ခွေတွေကို အစောဆုံးအနေနဲ့ မဂ္ဂနီဆီယံအလွိုင်းတွေအဖြစ်နဲ့ ထုတ်လုပ်ခဲ့ကြတာပါ။ အဲဒီနောက်ပိုင်း မဂ္ဂနီဆီယံတွေ ပျောက်ဆုံးလာပြီး ၁၉၆၀ နှစ်လယ်လောက်ကစပြီး အလူမီနီယံအလွိုင်းခွေတွေ ခေတ်စားလာခဲ့ပါတယ်။ အဲဒီကာလမှာ ကြွပ်ဆတ်ပြီး အကျိုးမလွယ်တဲ့အတွက် အလူမီနီယံအလွိုင်းခွေတွေက မဂ္ဂနီဆီယံအလွိုင်းတွေနေရာကို အစားဝင်ပြီး ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလတွေ မတိုင်ခင်က အလူမီနီယံအလွိုင်းတွေက ကြေးနီထက်တောင် အဆင့်နိမ့်ခဲ့တဲ့အတွက် သုံးတဲ့သူမရှိသလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တွေတုန်းက ပေါ့ပါးတဲ့ မဂ္ဂနီဆီယံအလွိုင်းတွေကို ထုတ်တာများခဲ့ပြီး ညွှန်းသူအများစုကလည်း အဲဒီအလွိုင်းတွေကိုပဲ ညွှန်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မဂ္ဂနီဆီယံ အလွိုင်းတွေကို ကြေးနီအဆင့်လောက်ပဲ ရှိတယ်လို့ ပြန်မှတ်ယူခဲ့ရာက အလူမီနီယံအလွိုင်းခွေတွေထက် နိမ့်ကျတယ်လို့ မှတ်ယူလာခဲ့ကြသလို အလူမီနီယံအလွိုင်းတွေက မဂ္ဂနီဆီယံထက် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း သက်သာတဲ့အတွက် အလူမီနီယံအလွိုင်းတွေက ပိုကောင်းတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အတည်ပြုခဲ့ကြပါတယ်။ အဲဒီနောက် ပြိုင်ကားလို အရည်အသွေးကောင်းတဲ့ ကားတွေမှာ အလူမီနီယံအလွိုင်းခွေတွေကို တပ်ဆင်အသုံးပြုလာခဲ့ကြပါတယ်။ တကယ်တော့ အလူမီနီယံအလွိုင်းခွေတွေက ပေါ့ပါးပြီးအကြမ်းခံတဲ့ ခွေတွေဖြစ်ပါတယ်။

အလွိုင်းခွေတွေရဲ့ အားသာချက်

ပေါ့ပါးပြီးအကြမ်းခံတဲ့ ဒီခွေတွေဟာ စပရိန်တွေ နည်းပါးတဲ့အတွက် တပ်ဆင်ရတာကို ပိုအဆင်ပြေစေပြီး Suspension တွေက ကျောက်ဆောင်၊ ကျောက်ခဲတွေလို မာကျောပြီး ကုတ်အားပိုကောင်းစေပါတယ်။ ဘယ်လိုပဲ ပေါ့တယ်လို့ပြောပြော အလွိုင်းခွေတွေအားလုံး မပေါ့ပါးပါဘူး။ အလွိုင်းခွေတွေမှာပါဝင်တဲ့ စတီးပါဝင်မှု ဆတူရှိမှုပေါ်မူတည်ပြီး ကွဲပြားပါသေးတယ်။ ပြီးတော့ ဒီခွေတွေက လောင်စာဆီအသုံးချမှုကိုလည်း လျှော့ချပေးစေနိုင်ပါတယ်။ ကားမောင်းနေရင်း ဘရိတ်ပူတာကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီလို အားသာချက်တွေအပြင် အခြားအားသာချက်တွေလည်း များစွာရှိနေပါတယ်။

Alloy Wheel အရွယ်အစား

အလွိုင်းခွေတွေကို မော်တော်ကားတွေမှာ တပ်ဆင်အသုံးပြုဖို့အတွက် အမျိုးမျိုးစဉ်းစားခဲ့ကြပြီး အသေးဆုံးအရွယ်အစားကို ၁၆ လက်မ (၄၁ စင်တီမီတာ) ကနေ အကြီးဆုံး ၁၉ လက်မ (၄၈ စင်တီမီတာ) ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ်။ ဘယ်လို အရွယ်အစားပဲဖြစ်ဖြစ် ဒီခွေတွေကပေါ့ပါးပြီး ကားမောင်းတဲ့အခါ သွက်လက်မြန်ဆန်စေခြင်းနဲ့ ဆီစားသက်သာစေခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရရှိစေမှာပါ။

Alloy အခေါ်အဝေါ်များ

အဲဒီလို အလွိုင်းခွေတွေကိုမှ ကားသမားတွေနဲ့ ခွေအရောင်းအဝယ်သမားတွေ ခေါ်ဆိုတဲ့ အခေါ်အဝေါ်တွေ ရှိပါသေးတယ်။ ဒီခွေတွေကို အကြမ်းဖျင်းအားဖြင့် ရှေ့ဆွဲ၊ နောက်ဆွဲနဲ့ ကြားဆွဲပေါက်ဆိုပြီး အမျိုးအစားခွဲပြီး ခေါ်ပါသေးတယ်။

ရှေ့ဆွဲ၊ နောက်ဆွဲ

ဒီလိုခေါ်ဆိုရတဲ့ မူလအဓိပ္ပာယ်ကတော့ ဟက်နဲ့နီးရင် ရှေ့ဆွဲပေါက်လို့ခေါ်ပြီး ဝေးရင် နောက်ဆွဲပေါက်လို့ ခေါ်ကြတာပါ။ အဲဒီနှစ်ခုရဲ့ ကြားလောက်ရှိရင် ကြားဆွဲပေါက်ဆိုပြီးလည်း ခေါ်ကြပါတယ်။ BMW ကားတွေမှာသုံးတဲ့ အလွိုင်းခွေတွေကျတော့ BMW ပေါက်၊ Mercedes ဆို Mercedes ပေါက်နဲ့ Jeep ပေါက်လို့လည်း ခေါ်ကြပါသေးတယ်။ ဒါတွေက Original စက်ရုံထုတ်ကိုက တပ်ဆင်ပေးလိုက်တဲ့ အလွိုင်းခွေတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အရင်ခေတ် စက်မှုဇုန်ခေတ်က ဂျစ်ကားတွေထွက်လာတော့ အပေါက်တွေ အမျိုးမျိုးထွက်လာခဲ့ပါတယ်။ တကယ်တမ်း ဒီလိုအပေါက်နဲ့ ခေါ်ဆိုလာရတဲ့အခါမှာ အပေါက်တွေမှာ သူ့အတွက် သတ်မှတ်ထားတဲ့ ကိန်းဂဏန်းတွေကို နဂိုကတည်းက သတ်မှတ်ပေးထားပြီးသား ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက လွယ်လွယ်ကူကူ နားလည်လွယ်အောင်ခေါ် ဝေါ်သုံးစွဲခဲ့တာသာ ဖြစ်ပါတယ်။ တကယ်ခွေတွေကို သတ်မှတ်ထားတာက ၁၀၀၊ ၁၁၀၊ ၁၁၄ ဒသမ ၃၊ ၁၂၀၊ ၁၂၅၊ ၁၃၉ ဒသမ ၇ ဆိုပြီး ကိန်းဂဏန်း သတ်မှတ်ချက်တွေနဲ့ ထုတ်ထားတာဖြစ်ပါတယ်။

အလွိုင်းခွေတချို့က ရှေ့ဆွဲရော၊ နောက်ဆွဲရော သုံးလို့ရကြပါတယ်။ တချို့ခွေတွေမှာ ၈ ပေါက်၊ ၉ ပေါက်၊ ၁၀ ပေါက်လာပါတယ်။ နှစ်မျိုးသုံးလို့ရပါတယ်။ တချို့ခွေက ရှေ့ဆွဲနောက်ဆွဲသုံးရသလို တချို့ခွေက ရှေ့ဆွဲကို လေးပေါက်ခွေ၊ ငါးပေါက်ခွေ၊ နောက်ဆွဲကိုလည်း လေးပေါက်၊ ငါးပေါက်သုံးရပါတယ်။ နောက်ပြီးတော့ ခွေတွေရဲ့အပေါက်တွေကို အကျဉ်းနဲ့ အကျယ်ဆိုပြီး ထပ်ခွဲပါသေးတယ်။ အဲဒါကိုတော့ ရှေ့ကတပ်တဲ့ ခွေဗြက်ကျဉ်းပြီး အနောက်ကထပ်တဲ့ခွေက ဗြက်ကျယ်နေတာကို ဆိုလိုတာပါ။

တာယာအကြောင်း သိကောင်းစရာများ

ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အဓိကထားစစ်ဆေးရမယ့် အချက်တွေထဲက အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကားတာယာ စစ်ဆေးပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ခရီးသွားခါနီးပဲဖြစ်ဖြစ်၊ မြို့တွင်းမှာပဲ နေ့စဉ်အသုံးပြုသူပဲဖြစ်ဖြစ် ကိုယ့်ကားရဲ့တာယာတွေကတော့ အမြဲတမ်းသတိမလပ်ဘဲ စစ်ဆေးပေးနေဖို့ လိုမယ်ထင်ပါတယ်။ ဒီလိုစစ်ဆေးလိုက်ခြင်းအားဖြင့် ကိုယ့်အတွက် အပန်းမကြီးဘဲနဲ့ ကိုယ့်အသက် လုံခြုံရေးအတွက်ကို အများကြီးအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

မိမိကားတာယာကို စစ်ဆေးဖို့လိုအပ်တဲ့ အချက်တွေကတော့ -

၁။ လေပေါင်ချိန်ညှိခြင်း

- ကားတစ်စီးမှာ (မိမိစီးနေတဲ့ ကားအမျိုးအစားအလိုက်) သတ်မှတ်ထားတဲ့ လေပေါင်ရှိ၊ မရှိစစ်ဆေးပါ။ (မလျော့လွန်း၊ လွန်စွာမတင်းရ) သတ်မှတ်လေပေါင်ချိန်အောက် လျော့နေမယ်ဆိုရင်လည်း အန္တရာယ်ရှိနိုင်သလို၊ တင်းလွန်းနေရင်လည်း ပြဿနာရှိနိုင်ပါတယ်။

- ရိုးရိုးလေအစား တတ်နိုင်သမျှ Nitrogen သာဖြည့်ရန်။ ဒါမှလည်း ကိုယ့်ကားရဲ့တာယာရဲ့ ကြံ့ခိုင်မှုနဲ့ ရေရှည်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

၂။ Tyre Condition Check (တာယာအခြေအနေ စစ်ဆေးခြင်း)

- တာယာသက်တမ်းလွန်၊ မလွန်စစ်ဆေးရန်၊ မိမိအသုံးပြုနေတဲ့ ကားတာယာရဲ့ သက်တမ်းကို မှတ်သားထားဖို့ လိုအပ်မှာဖြစ်ပြီး သတ်မှတ်အချိန်ထက် ကျော်လွန်အသုံးမပြုဖို့ လိုအပ်ပါတယ်။

- ပန်းသားကျန်၊ မကျန်၊ ပွန်းစားနှုန်းညီ၊ မညီ စစ်ဆေးရန်၊ ဒါကလည်း အရေးကြီးတဲ့ ကိုယ့်ကားရဲ့ တာယာစစ်ဆေးမှုအပိုင်းမှာ ပါဝင်မှာဖြစ်ပါတယ်။

- လေပေါင်နည်းခြင်း၊ များခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ တာယာအသား ဆူထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်၊ အထက်မှာပြောခဲ့တဲ့ ပန်းသားကျန်၊ မကျန်နဲ့ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင် ဒါဟာ ကိုယ့်ကားရဲ့တာယာကို လဲလှယ်သင့်နေပြီဆိုတဲ့ သတိပေးချက်တွေ ဖြစ်ပါတယ်။

၃။ Tyre Rotation

- Tyre Rotation ကို ကီလိုမီတာ ၅၀၀၀ တိုင်းမှာ တစ်ကြိမ်လုပ်သင့်ပါတယ်။

ဘာကြောင့် Nitrogen Gas ထိုးသင့်တာလဲ

ဒါကတော့ ကိုယ့်အတွက်၊ ကိုယ့်မိသားစုတို့အတွက် Safety အတွက် ဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ့်ကားတာယာကို သက်တမ်းပြည့် (သို့မဟုတ်) ကြာရှည်အသုံးပြုနိုင်ဖို့အတွက် ဖြစ်ပါတယ်။

ရိုးရိုးလေမှာဆိုရင် Moisture (ရေခိုးရေငွေ့) ပါဝင်တဲ့အတွက် တာယာအပူချိန် မြင့်တက်လာတာနဲ့အမျှ တာယာလေပေါင် မြင့်တက်လာတတ်ပါတယ်။ Nitrogen Gas ကတော့ တာယာအပူချိန် မြင့်တက်လာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ တာယာလေပေါင် ပြောင်းလဲခြင်းတွေကို မဖြစ်ပေါ်စေနိုင်ပါဘူး။ ဒါကြောင့် ခရီးဝေးသွားတဲ့ကားတွေမှာ အဖြစ်များတဲ့ တာယာလေပေါင်တက်ပြီး တာယာပွင့်ထွက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် Nitrogen Gas ကို ထိုးပြီး ကိုယ့်ကားကိုအသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။

ရိုးရိုးလေမှာပါတဲ့ Moisture ကြောင့် တာယာအတွင်းသားတွေရဲ့ သက်တမ်းမပြည့်ခင်မှာဘဲ ပျက်စီးတာတွေ၊ သံခွေအတွင်းသားတွေ သံချေးတက်တာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ Nitrogen Gas ကို အသုံးပြုခြင်းအားဖြင့် ဒီပြဿနာတွေကို မဖြစ်ပေါ်စေဘဲ ဖြေရှင်းပြီးသား ဖြစ်နေစေမှာ ဖြစ်ပါတယ်။

Source;The Voice

Read 1887 times