ကားများအတွက် သတ်မှတ်ထားသော ပြစ်မှု ခုနှစ်ချက်


ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ တက္ကစီတွေကို သတ်မှတ်ထားတဲ့ ပြစ်ချက်ခုနှစ်မှုထဲမှ တစ်မှုကျူးလွန်ရင် နယ်နှင်တဲ့အထိ အရေးယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။

၎င်း ခုနှစ်ချက်ကို ဘယ်သူမှမလိုက်နာသဖြင့် တက္ကစီများအားလုံး နယ်နှင်ခံရမည့် အနေအထားရှိကြောင်း၊ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ရင်တော့ စည်းကမ်းလိုက်နာတဲ့ တက္ကစီယာဉ်မောင်းတွေ ဖြစ်လာမှာဖြစ်ကြောင်း၊ စံပြအနေဖြင့် ဘယ်တက္ကစီတွေ နယ်နှင်ခံရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့ဟု တက္ကစီမောင်းသမားတစ်ဦးက ပြောခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ အဌားယာဉ်တက္ကစီတွေကို ပြစ်မှု ခုနှစ်ချက်အနက် တစ်ခုခုကျူးလွန်ခဲ့လျှင် အခြားပြည်နယ်နဲ့ တိုင်းတွေဆီကို နယ်နှင်အရေးယူဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနက အတည်ပြုဆုံးဖြတ်ပြီး ရှေ့နေချုပ်ရုံးဆီကို သဘောထားတောင်းခံထားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

၎င်းပြစ်မှု ခုနှစ်ချက်ကတော့

(၁) ၃၀၄(က)အရ လူသေမှုဖြစ်ပွားတဲ့ ယာဉ်တိုက်မှုကျူးလွန်ထားတာ၊

(၂) သတ်မှတ်ယာဉ်နံပါတ်ပြား မတပ်ဆင်ထားသောယာဉ်များ၊

(၃) မော်တော်ယာဉ်နဲ့ ပြစ်မှုဆိုင်ရာ တစ်ခုခုကျူးလွန်ထားတာ၊

(၄) ယာဉ်အချက်ပြမီးပွိုင့်အနီးအနားမှာ ခရီးသည်အတင်အချပြုလုပ်တဲ့ တက္ကစီတွေ၊

(၅) စတေကာကပ်ထားတဲ့ တက္ကစီတွေ၊ (၆) ဘတ်စ်ကားမှတ်တိုင်မှာ ခရီးသည်အတင်အချပြုလုပ် ရပ်နားထားတဲ့တက္ကစီတွေနှင့်

(၇) Free way နေရာတွေမှာ ရပ်နားထားတဲ့ တက္ကစီတွေကို အရေးယူသွားမှာ ဖြစ်ပါတယ်။

အထက်ပါအချက်များကို တက္ကစီယာဉ်မောင်းတွေသာမရ ခရီးသည်တွေပါ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် သတိပေးဖို့လိုအပ်ကြောင်း၊ များသောအားဖြင့် ဘတ်စ်ကားမှတ်တိုင်တွေကနေ တက္ကစီ ငှားစီးတာတွေများနေပါတယ်၊

မီးပွိုင့်နားမှာ အတက်အဆင်းလုပ်ချင်တဲ့ သူတွေလည်းရှိတတ်တာကြောင့် ယာဉ်မောင်းများက ကိုယ့်ယာဉ်ငှားစီးတဲ့သူတွေ စိတ်မငြိုငြင်စေချင်တာကြောင့် လိုက်လျောပေးနေတာတွေလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

Read 947 times